Wednesday, January 7, 2015

လူထုနစ်နာမှုများကို ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးမည့် ဌာနများကင်းမဲ့နေဟု UNFC က ဆို

ယုဝေ

လူထု၏ နစ်နာမှုများကို တိုင်ကြားရာတွင် ဘက်မလိုက်ဘဲ ဆောက်ရွက်ပေးမည့် ဌာနများ ကင်းမဲ့နေခြင်းက စစ်မက်မဖြစ်ပွားသော်လည်း ငြိမ်းချမ်းမှုကင်းမဲ့နေသည်ဟု ဇန်နဝါရီလ ၅ ရက် ရက်စွဲဖြင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နှစ်ကူး "သဝဏ်လွှာ” တွင် ဖော်ပြထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက “လူထုနစ်နာမှုတွေကို တိုင်ကြား လို့ရမယ့် လူ့အခွင့်အရေးကော်မရှင်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ထိရောက်မှု အားနည်းနေတယ်” ဟုလည်း အဆိုပါ ထုတ်ပြန်အချက်အပေါ် ထောက်ခံပြောကြားလိုက်သည်။

မြေယာနှင့်ပတ်သတ်၍ မတရားအကြမ်းဖက်ခံရမှု၊ မတရားဖိနှိပ်ခံရမှုနှင့် အခွင့်အရေး ဆုံးရှုံးမှုများကို ဒေသခံများ ခံစားနေရသော်လည်း ၎င်းတို့၏ အရင်းခံမှာ လယ်လုပ်သူလယ်ပိုင်ခွင့် အကန့်အသတ်များ ရှိနေသည့်အတွက် တစ်ဦးချင်း မြေယာပိုင်ဆိုင်ခွင့်နှင့် ပြည်နယ် တစ်ခုချင်းစီ အတွင်းတွင် ဒေသခံတိုင်ရင်းသားပြည်သူများ၏ မြေယာအပေါ် စုပေါင်းပိုင်ဆိုင် အသုံးချခွင့်စသည်တို့ကို ဥပဒေနှင့်အညီ အသိအမှတ် မပြုခြင်းများကြောင့် ပြည်သူများ နစ်နာမှုများ ဖြစ်နေရသည်ဟု UNFC က ဆိုထားသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက “အစိုးရက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပြီးတော့ ပေးဖို့ပြောပေမယ့် တစ်ကယ့်ပိုင်ရှင်တွေ လက်ထဲပြန်မအပ်ဘဲ နီးစပ်ရာကို ပြန်ပြီး လယ်ယာမြေတွေ လွဲပြောင်းပေးတာတွေရှိတယ်။ အဲ့ဒီတော့ ဒေသခံတွေက နစ်နာနေရတယ်”ဟု ပြောသည်။

သိမ်းဆည်းထားသည့် လယ်ယာမြေများပေါ်တွင် သက်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်မှု မရှိခြင်း၊ သိမ်းဆည်းမြေ အားလုံးကို အသုံးမပြုခြင်း၊ လျော်ကြေးငွေပေးအပ်ရာတွင်လည်း မျှတသည့် လျော်ကြေးငွေ မရရှိခြင်းများကြောင့် လယ်သိမ်းခံတောင်သူများ နစ်နာနေရခြင်းဖြစ်သည်ဟု လည်း ၎င်း က ဆိုသည်။

ညီမျှခြင်းမြန်မာမှ ဦးဆောင်ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းက “မြေယာသိမ်းဆည်းမှုတွေက နိုင်ငံအနှံမှာ ဖြစ်နေပါတယ်။ လယ်သိမ်းခံ တောင်သူတွေက လယ်ယာမြေပြန်လည်ရရှိဖို့ ဆန္ဒပြမှုတွေကလည်း နိုင်ငံအ၀ှမ်းကျယ်ပြန့်လာသလို အစိုးရကလည်း ယင်းအခြေအနေတွေကို လိုအပ်တာထက် ပိုမိုအင်အား သုံးစွဲမှုတွေ ပြုလုပ်လာတဲ့အတွက် လယ်သမားတွေ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နေကြပါတယ်”ဟု ပြောသည်။

လယ်သိမ်းခံတောင်သူများ ဒေသခံများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုများကို အစိုးရအနေဖြင့် အကြမ်းမဖက်ဘဲ ထိရောက်စွာ ဖြေရှင်းသင့် သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်ရေးဆိုသည်မှာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဝှမ်းတွင်-မတရားအကြမ်းဖက်မှုများ ကင်းမဲ့ခြင်း၊ မတရားဖိနှိပ်ခံရမှုနှင့် အခွင့်အရေး ဆုံးရှုံးခံရမှုများ မရှိခြင်း၊ ရှိလာပါက လူထုအနေဖြင့် ထိရောက်စွာ တိုင်တန်းအရေးယူနိုင်သည့် ဘက်မလိုက်သည့် တိုင်းပြည်အဆောက်အအုံ ယန္တရားများ တည်ရှိခြင်းဖြစ်သည်ဟုလည်း သဝဏ်လွှာမှ ငြိမ်းချမ်းရေးအနက် အဓိပ္ပါယ်ကို ဖွင့်ဆိုထားသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က လက်ခံရရှိသည့် တိုင်ကြားစာများအနက် ၄၉ ရာခိုင်နှုန်းမှာ မြေယာသိမ်းဆည်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တိုင်ကြားစာများဖြစ်သည်ဟု မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်၏ စာရင်းဇယားများအရ သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment