ဖြိုး
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဧရိယာအတွင်း ကျန်ရှိနေသည့် မြေလွတ်များတွင် တိုက်ခန်းများကို ထပ်မံဆောက်လုပ်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
''အမြန်ဆုံး အကောင်အထည်ဖော်မယ်။ ၂ဝ၁၅ မှာ အပြီးဆောက်မယ်'' ဟု ၎င်းက ပြောသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်တွင် ၂ဝ၁၂ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့သည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ မြေကွက်နှစ်ကွက်ကို တိုက်ခန်းများ ဆောက်လုပ်ပြီးစီးကာ စတင်ရောင်းချလျှက်ရှိပြီး အဆိုပါ စီမံကိန်း ဧရိယာအတွင်း ကျန်ရှိသည့်မြေလွတ်တွင် အိမ်ရာစီမံ ကိန်းများ ထပ်မံဆောက်လုပ်မည်ဖြစ်သည်။
မန္တလေးတိုင်း အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂ဝ၁၅ ခုနှစ်တွင် မန္တလေးမြို့၌ တိုက်ခန်းပေါင်း ၅,ဝဝဝ ခန့် အထိတည် ဆောက်သွားမည်ဖြစ်သဖြင့် စီမံကိန်းအတွင်း ကျန်ရှိနေသည့် မြေကွက်များထဲမှ အကွက်လေးကွက်တွင် တိုက်ခန်းများ ထပ်မံဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
အသစ် ထပ်မံဆောက်လုပ်မည့် တိုက်ခန်းများအတွက် မန်းစည်ပင်ကော်မတီက မြေနေရာစိုက်ထုတ်ကာ ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
မကြာမီလပိုင်းအတွင်း တင်ဒါခေါ်ယူသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ကုမ္ပဏီပေါင်း၂၉ ခုမှ အဆိုပြုလွှာ တင်ပြထားပြီး ယင်းကုမ္ပဏီများထဲမှ အိမ်ရာစီမံကိန်း တည်ဆောက်ရန် ဆောက်လုပ်ရေး ကုမ္ပဏီကို ရွေးချယ်ပြီး တိုင်းအစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်သည်။
အဆိုပါ အိမ်ရာများကို ဆောက်လုပ်ပါက စည်ပင်နှင့် အကျိုးတူစနစ်(သို့) BOT (နှစ်ရှည်အငှား) စနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်သည်။
မန်းစည်ပင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''စည်ပင်ကဘတ်ဂျက်နဲ့ ဆောက်တာ မဟုတ်တဲ့အတွက် အမြန်ဆုံးပြီးမယ်။ ဈေးကတော့ တန်ဖိုးနည်းအိမ်ရာဈေးတော့ မရနိုင်ဘူး'' ဟု ပြောသည်။
ယခု လျှောက်လွှာခေါ်ယူကာရောင်းချလျှက်ရှိသည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွင် အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ အိမ်သာနှင့် ရေချိုးခန်း စသည်တို့ပါရှိပြီး ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံတွင် တစ်ခန်းလျှင် ၄၈၄ စတုရန်းပေနှင့် ၅၇၂ စတုရန်းပေ အခန်းများ၊ လေးခန်းတွဲ လေးထပ်အဆောက်အဦတွင် ၅၄၅ ဒသမ ၅ စတုရန်းပေရှိသည့် အခန်းများကို အထပ်ပေါ်မူတည်၍ အနည်းဆုံး သိန်း ၆ဝ မှ အများဆုံး ကျပ် သိန်း ၁၃ဝ ဖြင့် ရောင်းချပေးသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာကို မြေကွက် အမှတ် မမ - ၁၅ ၊ မမ - ၂၆ တွင် ဆောက်လုပ်ရေးကုမ္ပဏီ ၃၇ ဖွဲ့ ဖြင့်ဆောက်လုပ်ခဲ့ပြီး RC ရှစ်ခန်းတွဲလေးထပ် အဆောက်အအုံ ၂၇ လုံး၊ အခန်းပေါင်း ၈၆၄ ခန်း၊ အာရ်စီလေးခန်းတွဲလေးထပ် အဆောက်အအုံ ၃ဝ လုံး၊ အခန်းပေါင်း ၄၈ဝ တို့ပါရှိသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် အခန်း ၄၈ဝ နှင့် မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာမှ အခန်းပေါင်း ၁,၃၄၄ ခန်းအပါအဝင် အခန်းပေါင်း ၅,ဝဝဝ ခန့် ပြည့်မီစေရန် တည်ဆောက်သွားမည် ဖြစ်သည်။
No comments:
Post a Comment