Thursday, February 26, 2015

ကိုးကန့်ဒေသတိုက်ပွဲများဆက်ဖြစ်၊စစ်ဘေးဒုက္ခသည်အရေအတွက်ထပ်တိုး

ဘုန်းမြတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်မှာလည်း ထပ်မံ တိုးပွားလာနေကြောင်း သတင်း ရရှိသည်။

ဖေဖော်ဝါရီ ၉ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများသည် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် အထိ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း လောက်ကိုင်မြို့နယ်၊ ဖုန်ချွေးရှန်နှင့် လုံထန်ကျေးရွာတို့တွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ပြီး လောက်ကိုင်ဒေသသို့ အစိုးရ စစ်တပ်မှ တပ်အင်အားများ ဆက်တိုက် ဖြည့်တင်းမှုများ ရှိနေကြောင်း မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။

MNDAA မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက “ဒီမနက်လည်း ဖုန်းချွေးရှန်ဘက်မှာ ထပ်ဖြစ်နေတယ်။ မနေ့က ကျနော်တို့ သတင်းအရတော့ စစ်ကား အစီး ၄၀ လောက် လောက်ကိုင်ဘက်ကို ဆင်းလာတယ်။ ရှေ့က စစ်သေနတ်ပါတဲ့ ပွိုင့်ကားက တောက်လျှောက် လမ်းဘေးတွေကို ပစ်ပြီး လောက်ကိုင်ဘက်ကို ဆင်းလာတာ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေမှာ ၁ သောင်းကျော်အထိ ရှိလာပြီး ကွမ်လုံမြို့ မှတဆင့် လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းသို့ ပို့ဆောင်ထားကြောင်း၊ ထိုမှတဆင့် နေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ် ပေးလျက်ရှိကြောင်း၊ တိုက်ပွဲများကြောင့် အရပ်သား ၅၀ ခန့် သေဆုံးမှုများ ရှိကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကွမ်းလုံ ဓမ္မစကူးလ်မှ ဆရာမ မချစ်မီးက “နေ့တိုင်းတော့ ဒုက္ခသည်တွေ များနေတာပဲ။ မနေ့က ၂၀၀ နီးပါး ရောက်တယ်။ ဒီနေ့လည်း လောက်ကိုင်ကနေ ဆင်းလာမယ့် ဒုက္ခသည် ၃၅၀ ရှိတယ်။ ဒါပေမယ့် တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတော့ မလာနဲ့လို့ တားထားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း လောက်ကိုင် အကျဉ်းထောင်မှ လားရှိုးထောင်သို့ ပြောင်းရွှေ့ရန် တင်ဆောင်လာသည့် အကျဉ်းသူ အမျိုးသမီးယာဉ်အား လုံထန်နှင့် ပါစင်ကျော်ကျေးရွာကြားတွင် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသူ ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ဒီမနက်လေးပဲ ကွမ်လုံ ဆေးရုံကနေ အကျဉ်းသူ ၄၃ ဦးကို လာရှိုးကို ကားနဲ့တင်ပေးလိုက်တယ်။ ကျန် ၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေကြောင့် ဆရာဝန်ကြီးက ကွမ်လုံ ဆေးရုံမှာပဲ ထားထားတယ်။ ကွမ်လုံမှာတော့ တိုက်ပွဲ က ငြိမ်နေတယ်။ လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်” ဟု ကွမ်းလုံ ကယ်ဆယ်ရေးစခန်းမှ ကိုနေလင်းက ပြောသည်။

ယခုအခါ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် လောက်ကိုင်မြို့မှ ချင်းရွှေဟော်မြို့သို့ ထွက်ခွာလာသည့် ကြက်ခြေနီ ယာဉ်တန်းမှာ ဖေဖော်ဝါရီလအတွင်း၌ ၂ ကြိမ် တိုက်ခိုက်ခံရခြင်း၊ အကျဉ်းသူများ သယ်ဆောင်လာသည့် ယာဉ်တန်း ချောင်းမြောင်းပစ်ခတ်ခံရခြင်းနှင့် ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများတွင် MNDAA ဘက်မှ တရုတ်ကြေးစား စစ်သားများ ပါဝင် နေသည့် အပြင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ SSA အဖွဲ့များမှ ကိုးကန့်ဘက်မှ ကူညီ တိုက်ခိုက် ပေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက နေပြည်တော်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုက်ပွဲများကြောင့် ဖေဖော်ဝါရီလ ၉ ရက်မှ ၂၁ ထိ နှစ်ဖက် အစိုးရ တပ်မတော်ဘက်မှ အရာရှိ စစ်သည် ၅ ဦး၊ စစ်သည် ၅၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး၊ စစ်သည် ၁၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးစစ်သည် ၅ ဦး ရှိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

ကိုးကန့်တပ်ဖွဲ့များဘက်တွင်လည်း အထိခိုက် ကျဆုံးမှုများ ရှိသော်လည်း အရေအတွက် တိကျစွာ သတင်းထုတ်ပြန်မှု မရှိပေ။

No comments:

Post a Comment