ဝင်းကိုကိုလတ်
ရန်ကုန် လေဆိပ်ထက် ၁၀ ဆကြီးမားပြီး ခရီးသည် ၁၂ သန်း ဝင်ထွက်နိုင်မည့် ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၁၄၄၅ သန်း သုံးစွဲသွားမည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဇန်နဝါရီ ၂၈ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
၂၀၁၅- ၂၀၁၆ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
အဆိုပါ လေဆိပ်ဆောက်လုပ်မည့်ကုမ္ပဏီမှာ JGC-Yan Gram –CAPE Consortium ကုမ္ပဏီက တည်ဆောက်မည် ဖြစ်သော်လည်း စတင်ဆောက်လုပ်မည့် ရက်နှင့် ပြီးစီးမည့်ရက်ကိုမူ ညှိနှိုင်းနေဆဲဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ကန်ဒေါ်လာ ၁၉၅ သန်း အကုန်ခံ၍ တစ်နှစ်လျှင် ခရီးသည် ၆ သန်း ဝင်ထွက်နိုင်ရန် ဆောင်ရွက်မည်ဟု ဆိုသော်လည်း စတင်ဆောက်လုပ်မည့် ရက်နှင့် ပြီးစီးမည့်ရက်ကိုမူ ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဆိုသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း တစ်နှစ်လျှင် ခရီးသည် ၃ သန်း ဝင်ထွက်နိုင်မည့် လေဆိပ်အဖြစ် ကန်ဒေါ်လာ ၁၃၅ သန်းအကုန်ကျခံ၍ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် အပြီးသတ်မည်ဟု ပြောသည်။
ထို့ပြင် ခရီးသည်တိုးတက်မှု အပေါ်မူတည်၍ ၂၀၂၇ ခုနှစ်တွင် ခရီးသည် ၆ သန်း ဝင်ထွက်နိုင်မည့် လေဆိပ်အဖြစ် တည်ဆောက်သွားရန် လျာထားသည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောကြားသည်။
No comments:
Post a Comment