Monday, February 2, 2015

မငြိမ်းချမ်း၍ စိန်ခေါ်မှုများသည့် မြန်မာနှင့် ၂၀၁၅

နန်းမြင့်

၂၀၁၅ တွင် ပြည်သူများ၏ မျှော်လင့်ချက် မြင့်သဖြင့် စိန်ခေါ်မှုများ ကြုံရဦးမည်ဟု သမ္မတ ဦးသိန်းစိန်က ၎င်း၏ လစဉ်ရေဒီယိုမိန့်ခွန်း (ဖေဖော်ဝါရီ) တွင် ပြောသည်။

၂၀၁၅ တွင် ငါးနှစ်တစ်ကြိမ် ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိပြီး၊ လွှတ်တော်အရပ်ရပ်သစ်နှင့် အစိုးရသစ်ကို ရွေးချယ်မည်ဖြစ်သည်။

မျက်မှောက်မြန်မာ့နိုင်ငံရေးလောက၏ စိန်ခေါ်မှုများကို စေ့ငုကြည့်သောအခါ ငြိမ်းချမ်းရေး၊ ပြည်သူများ မလိုလားသည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပွင့်လင်းမြင်သာပြီး မျှတသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို မှန်ကန်သည့် ဒိုင်လူကြီးများဖြင့် ကျင်းပရေးတို့ကို တွေ့ရသည်ဟု နိုင်ငံရေး အကဲခတ်များက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ဝေဖန်ခဲ့ကြသည်။


၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် ပင်မစိန်ခေါ်မှု

၂၀၁၅ နိုင်ငံရေးစိန်ခေါ်မှုများတွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ကြီးစွာသော စိန်ခေါ်မှုဖြစ်ပြီး စစ်တပ် ကြီးစိုးသော အစိုးရနှင့် လွှတ်တော်က
 မပါဘဲ
ပြင်ဆင်နိုင်ရန် အခွင့်မသာကြောင်း နိုင်ငံရေးဝေဖန်သူ ဦးသန်းစိုးနိုင်က အောက်ပါအတိုင်း သုံးသပ်သည်။

"တပ်မတော်က မထောက်ခံရင် သဘောမတူရင် အခြေခံဥပဒေက ပြင်လို့ရမှာ မဟုတ်ဘူး။ အခုက မျှော်သာမျှော်လင့်နေရတာ၊ အဖြေက အားလုံးခန့်မှန်းကြည့်လို့ ရနေတဲ့ အနေအထားပါ။ အဲဒါကို လွှတ်တော်ပြင်ပလမ်းကြောင်းကနေပြီးတော့ လုပ်ရှားမှုတွေ ဘယ်လိုရှိလာမလဲဆိုတာ နည်းနည်းစောင့်ကြည့်ရမယ်" ဟု ၎င်းက ပြောသည်။

အရွယ်ရောက်ပြီး ပြည်သူလူထု ငါးသန်းကျော်က ပြည်သူများ မနှစ်မြို့ဘဲ အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် ထောက်ခံလက်မှတ်ထိုး ထားသည်။ ယင်းလက်မှတ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးပေါင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။

အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲဖြင့် ၂၀၀၈ အခြေခံဥပဒေကို ချောချောမွေ့မွေ့ ပြင်ဆင်နိုင်ရန် လမ်းကြောင်းစခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က အပြတ်မငြင်းသော်လည်း လက်မခံခဲ့ပါ။ ဤတွင် လွှတ်တော်ဘက်မှ တစခန်းထကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်တွင်းမှ တိုင်းရင်းသားကိုယ်စားပြုသူအဖြစ် အမတ် ဒေါက်တာအေးမောင်တို့ပါ ပါပြီး ခြောက်ပွင့်ဆိုင်ရန် တခဲနက် ဆုံးဖြတ်ခဲ့သည်။

ခြောက်ပွင့်ဆိုင်သည် ဒုတိယစိန်ခေါ်မှုလော

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် တိုင်းပြည်အတွက် ဆောင်ရွက်ရန်များကို ခြောက်ပွင့်ဆိုင်ဖြင့် ဖြေရှင်းနိုင်ပါရန် လွှတ်တော်က တခဲနက် ဆုံးဖြတ်ထားသည်။ သမ္မတဦးသိန်းစိန်က ယေဘုယျလက်ခံသည်ဟု ပြောပြီး၊ အပြီးသတ်တွင် တခြားလမ်းဖြင့် ဖောက်ထွက်တွေးသည်။

နိုင်ငံရေးစိန်ခေါ်မှုများအတွက် ခြောက်ပွင့်ဆိုင်သည် ထွက်ပေါက်တစ်ခုသာ ဖြစ်နိုင်ပြီး ပြဿနာအားလုံး ရှင်းနိုင်မည်မဟုတ်ဟု သုံးသပ်သူများရှိသည်။ ယင်းတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အင်န်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေလည်း ပါပါသည်။

``ခြောက်ပွင့်ဆိုင်မှာ တကယ်ကြီးပဲ နိုင်ငံရဲ့ပြဿနာကြီးကို ရှင်နိုင်လိမ့်မယ်ဆိုတဲ့ အနေအထားနဲ့ ပြောနေတာတွေရတယ်။ ခြောက်ပွင့်ဆိုင်က ရှင်းမှာလား၊ ညှိနှိုင်းခြင်းက ရှင်းမှာလား၊ ရွေးကောက်ပွဲက ရှင်းမှာလား၊ အခြေခံဥပဒေပြင်တဲ့ကိစ္စက ရှင်းမှာလားဆိုတာ အချိန်ကြမှသိမှာပဲ`` ဟု ၎င်းက သုံးသပ်သည်။

ပြည်သူများ မျှော်လင့်နေသည့် တရားဥပဒေစိုးမိုးသည့် မြန်မာ၊ ငြိမ်းချမ်းသည့် မြန်မာ၊ အခွင့်အလမ်းများကို လူတန်းစားတစ်ရပ် လူအုပ်စုတစ်စုက ပိုမယူထားသည့် မြန်မာဖြစ်ရေးမှာ စိန်ခေါ်မှုများ ပြည့်လျှမ်းနေဆဲဖြစ်သည်။

ပြဿနာများနှင့် စိန်ခေါ်မှုများ များပြားစွာ ရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသူများ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့မှာ များစွာမေးခွန်းထုတ်စရာ ဖြစ်ပါသည်။ အထူးသဖြင့် အစိုးရနှင့်လွှတ်တော်ဖြစ်သည်။ အပြန်အလှန်ငြင်းခုံရင်းဖြင့် အချိန်ကုန်နေကြသည်။ ဦးသန်းစိုးနိုင်၏ သုံးသပ်ချက်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

``မြန်မာပြည်ရဲ့ ပြဿနာတွေ ဆွေးနွေးဖို့ဆိုတဲ့ကိစ္စမှာ လွှတ်တော်နဲ့သမ္မတကြား ဘော်လီဘောပုတ်နေတာနဲ့ တိုင်းပြည်က ဖြစ်စေချင်တဲ့ ဆန္ဒတွေ မဖြစ်မြောက်ဘူး။ အဲဒါကြောင့် ပြည်သူလူထုက ဒီအနေအထားကို မကျေမလည်ဖြစ်နေတယ်လို့ ခံစားရတယ်`` ဟု ၎င်းက ရှင်းကနဲနေအောင် သုံးသပ်လိုက်သည်။

ပြည်သူလူထုမှာ လွှတ်တော်အမတ်များပြုလိုက်သော ဥပဒေများနှင့် နေရသည်။ အစိုးရ ဖြစ်စေချင်သည့် လမ်းကြောင်းကို လိုက်ရသည်။ သို့သော် ပြည်သူများကား မငြိမ်းချမ်းသေး၊ မလွတ်လပ်သေး၊ စိန်ခေါ်မှုများနှင့် ပြဿနာများက ဆီးကြိုနေဆဲဖြစ်သည်။

ပြည်ထောင်စုသားများအတွက် ငြိမ်းချမ်းရေး

သမ္မတဦးသိန်းစိန်က ပြည်သူတို့ မျှော်လင့်ချက်မြင့်သဖြင့် စိန်ခေါ်မှုများ ပိုကြုံမည်ဟု ပြောသည်။ တကယ်တမ်းတော့ ပြည်သူများ လိုချင်သည်က ကမ္ဘာသူကမ္ဘာသားတိုင်း လိုချင်သည့် ပုံစံမျိုးသာ ဖြစ်သည်။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တန်းတူညီမျှရေးသာ ဖြစ်သည်။ ပြည်ထောင်စုကြီးကို ဖက်ဒရယ်ပုံစံမျိုးဖြင့် သွားလိုသည်ဟု တိုင်းရင်းသားများက သဘောထားမှတ်ချက်ပေးထားသည်။

နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ နီးပါး ငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးခြင်းဖြင့် ပထမအဆင့် ပြီးမြောက်လိုကြသည်။ ပြည်ထောင်စု အတွက် ပြည်ထောင်စုနေ့ကို ယာယီသတ်မှတ်ထားသော်လည်း ဖြစ်နိုင်ချေ မရှိပါ။ ဦးသန်းစိုးနိုင်နှင့် ဦးခင်မောင်ဆွေတို့၏ အမြင်ကွဲနှစ်မျိုးကို သုံးသပ်ကြည့်နိုင်သည်။

"မဖြစ်နိုင်တဲ့အကြောင်းက အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ဆက်လက်ပြီး တိုက်ပွဲတွေဖြစ်နေတာ၊ လိုင်ဇာဗိုလ်လောင်းသင်တန်းစခန်းမှာ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတဲ့ ကိစ္စတွေ ရှိနေတဲ့အောက်မှာ ဖေဖော်ဝါရီလ ၁၂ရက်မှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးက မဖြစ်နိုင်ဘူး" ဟု ဦးသန်းစိုးနိုင်က ပြောသည်။

"တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ ကိစ္စမှာဖြင့် အခြေအနေတစ်ခုကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်နေ ပါတယ်။ ဖြတ်ကျော်ပြီးရင် အာဏာပိုင် အဖွဲ့အစည်းမှာ ၀န်ထုပ်ကြီးတစ်ခု ကျသွားပြီး ကျန်တဲ့ကိစ္စတွေမှာ သွက်သွက်လက်လက်နဲ့ ဖြေရှင်းနိုင်လိမ့် မလား မျှော်လင့်နေပါတယ်" ဟု ဦးခင်မောင်ဆွေက ပြောသည်။

စိန်ခေါ်မှုများကား ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲချည်း မဟုတ်။ ကြားပေါက်များကလည်း ရှိသေးသည်။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမျိုးဖြစ်သည်။ ယခုတော့ ဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်နှင့် ကျောင်းသားကိုယ်စားလှယ်များ ဆွေးနွေးကြလေပြီ။ ဤစိန်ခေါ်မှုကရော လွယ်ပါရဲ့လား။

လွှတ်တော်မင်းသားကြီးဟု ဆိုရလောက်သည့် လွှတ်တော်အမတ်မင်း ရှေ့နေကြီး ဦးသိန်းညွန့်၏ သုံးသပ်ချက်များကို ဝေဖန်ကြည့်သင့်ပါသည်။

"တချို့ ကိစ္စတွေက အစောကြီးကတည်းက ဖြေရှင်းရမယ့်အပေါ်မှာ ရေရှည်အမျှော်အမြင် နည်းပါးတဲ့အတွက် ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေကို သင်ခန်းစာယူဖို့ လိုတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးဆိုရင် အမျိုးသားပညာရေးဥပဒေကြမ်း တင်ကတည်းက ပြည်သူလွှတ်တော်မှာ ကျွန်တော်ပြင်ဆင်ချက် တင်ခဲ့တာပဲ။ မဲပေါင်း ၃၀ ကျော်ပဲ ရတယ်။ ကျွန်တော် ထင်တဲ့ လူတွေ တော်တော် များများကိုယ်တိုင်က ကျောင်းသားသမဂ္ဂကို အမျိုးသားပညာရေးမှာ ထည့်သွင်းဖို့ ထောက်ခံမဲမှ မပေးခဲ့ဘဲ။ ဘာဖြစ်ဖြစ် ကျောင်းသားတွေက ဒီနေ့ ကျောင်းသားသမဂ္ဂ တရားဝင် မရှိတဲ့အတွက် သူတို့ဆောင်ရွက်မှုဟာ သူတို့ရဲ့ ကြိုးစားမှုကြောင့် ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့်ကို ဒီရက်ပိုင်းအတွင်း ရကောင်းရပါလိမ့်မယ်လို့ မျှော်လင့်တယ်`` ဟု ဦးသိန်းညွန့်က ပြည့်ပြည့်စုံစုံ သုံးသပ်သည်။

ပြဿနာများတွင် အဖြေများ ရှိပါသည်။ အဖြေကို မရှာခြင်း သို့တည်းမဟုတ် အဖြေကို ရှောင်ရှားခြင်းဖြင့် အဖြေသို့ မရောက်နိုင်ပါ။ မြန်မာပြည်သူများ လိုလားနေသည်မှာ မြင့်မားသော မျှော်လင့်ချက်များ မဟုတ်ပါ။ အမေရိက၊ ဥရောပနှင့် အာရှထိပ်သီး နိုင်ငံများအဖြစ်သို့ မှန်းဆ တမ်းတနေခြင်းလည်း မဟုတ်ပါ။ လူတိုင်းရပိုင်ခွင့်ရှိသော ငြိမ်းချမ်းရေးနှင့် မျှတရေးသာ ဖြစ်သည်။ ၂၀၁၅ အတွက် အဖြေမှာ ပြည်သူကို မျက်နှာမူသည့် ပြည်သူကို အလုပ်အကျွေးပြုမည့် ပြည်သူ့အစိုးရတစ်ရပ်သာ ဖြစ်သည်။

ဦးသိန်းညွန့်က ယခုကဲ့သို့ အဖြေပေးသည်။

"၂၀၁၅ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးက အဓိကပါပဲ။ ငြိမ်းချမ်းစွာ ကျင်းပနိုင်ပြီး ပြည်သူလူထု အဆုံးအဖြတ်ရရှိတဲ့ လူတွေက ၂၀၁၅ အလွန် မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ၊ နောင်တစ်ဆင့် အဆင့်မြင့်ဖို့အတွက် ဦးဆောင်ဆောင်ရွက်နိုင်ရေးက အဓိကပါပဲ" ဟု လွှတ်တော်မင်းသားကြီးက ဆိုသည်။

No comments:

Post a Comment