Wednesday, February 25, 2015

လောက်ကိုင်တိုက်ပွဲတွင် ပါဝင်ပတ်သက်မှုမရှိဟု သမ္မတထံ SSPP စာပို့

ဖနိဒါ

လောက်ကိုင်ဒေသအတွင်း ကိုးကန့်တပ်နှင့် အစိုးရတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှစ်ဖွဲ့လုံးက ပြောဆိုလိုက်ပြီး ဖေဖော်ဝါရီ ၂၃ရက်က SSPP အနေဖြင့် ၎င်းတို့ ပါဝင်ခြင်းမရှိကြောင်း သမ္မတထံ စာပို့ခဲ့သည်။

ကိုးကန့်ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေကြောင်း တပ်မတော်ဘက်မှ စွတ်စွဲ ပြောဆိုမှုအပေါ် ဖေဖော်ဝါရီလ ၂၃ ရက်က SSPP က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရှမ်းပြည်တိုးတက်ရေး တပ်မတော်က လုံးဝ ပါဝင် လှုပ်ရှားနေမှုမရှိပါဘူး။ အဲဒီလို မရှိတဲ့ကိစ္စကို တပ်မတော်က ဆန္ဒစောစွာနဲ့ပဲ ပကတိတည်ရှိနေတာကို မျက်ကွယ်ပြုပြီးတော့ တဦးနဲ့တဦး မှားမှားယွင်းယွင်း စွတ်စွဲ ဖော်ပြနေတာတွေဟာ မကောင်းဘူး။ အဲဒါတွေက လက်ရှိ ယုံကြည်မှု တည်ဆောက်နေတဲ့ကိစ္စတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေးဖော်ဆောင်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ တစုံတရာ ထိခိုက်စေပါတယ်”ဟု SSPP/SSA ၏ အထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်းက ပြောသည်။

နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်း လက်မခံဘဲ နိုင်ငံရေးနှင့်ဖြင့် ဖြေရှင်းရန် SSPP ဗဟိုကော်မတီက ဖေဖော်ဝါရီလ ၁၄ ၊ ၁၅ ရက်က ကြေငြာခဲ့သလို၊ လက်ရှိ အပစ်အခတ် ရပ်စဲရေး မပျက်ပြားစေရန်အတွက် ထိန်းသိမ်းနေပြီး အမြန်ဆုံး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေရန် တောင်းဆိုကြောင်း သူက ဆက်ပြောသည်။

“အဲဒီလို ကြိုးစားနေတဲ့ဖြစ်စဉ်ထဲမှာ မမျှော်လင့်ဘဲ တပ်မတော်ကနေ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးကန့်အရေးအခင်းမှာ ကျွန်တော်တို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ပါဝင်နေတယ်ဆိုတာ သူက ပြောဆိုလာတယ်။ ဒီဥစ္စာက ပါဝင်ခြင်းလည်း မရှိဘူး။ ဒါက တဖက်သတ်စွတ်စွဲချက်တွေ ဖြစ်တယ်”ဟု သူက ပြောသည်။

အစိုးရ စွတ်စွဲ ပြောဆိုထားသော SSPP/SSA တွင် ဖုန်ဝမ်အန်းဆိုသူမရှိသလို၊ စိုင်းလောင် ခေါင်းဆောင်သည့် အင်အားများဟု ပြောဆိုမှုသည်လည်း မရှိသဖြင့် စွတ်စွဲပြောဆိုခြင်းသာ ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

SSPP သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

အပစ်အခတ် ရပ်စဲရေး မပျက်ပြားစေဘဲ ခိုင်မာစေရန် ကြိုးပမ်းခဲ့သလို၊ တပ်များ ဆုတ်ပေး ခဲ့ခြင်းမှာလည်း အညံ့ခံခြင်း မဟုတ်ဘဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုခြင်းကြောင့် ဖြစ်သည်ဟု စပ်ခွန်ဆိုင်းက ပြောဆိုခဲ့သည်။

အပစ်အခတ် ရပ်စဲရေးပြီးနောက် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် တပ်မတော်က SSPP ဒေသ အချခဲ့သော ခုနှစ်မိုင်တပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် သမ္မတထံ တင်ပြခဲ့ရာ SSPP ဘက်မှ တပ်ဆုတ်ပေး လိုက်သော်လည်း အစိုးရက ယနေ့ထိ တပ်စွဲထားဆဲ ဖြစ်သလို၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သော တာဖာဆောင် တိုက်ပွဲတွင်လည်း SSPP က တပ်ဆုတ်ပေးလိုက်သည်။

ကိုးကန့်ဒေသတွင် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်နှင့် တပ်မတော်တို့ ဖေဖော်ဝါရီလ ၉ ရက်စတင်ဖြစ်ပွားခဲ့သဖြင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုတွင် ရှိခဲ့သလို၊ ပြည်သူတချို့ သေဆုံးမှုများလည်း ရှိခဲ့ပြီး စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကိုးကန့်တိုက်ပွဲကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး၍ အဖြေရှာရန် စပ်ခွန်ဆိုင်းက တိုက်တွန်းပြောဆိုခဲ့သည်။

ဖုန်းကြားရှင်ခေါင်းဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့များသည် UWSA ဝတပ်ဖွဲ့မှ ထုတ်လုပ်သည့် လက်နက်များကို ကိုင်ဆောင်ထားသည်ဟု တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဖေဖေါ်ဝါရီ ၂၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့ပြင် ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် UWSA အပါအဝင် TNLA၊ KIA၊ မိုင်းလား တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်ပေးနေသည်ဟုလည်း ပြောဆိုထားသဖြင့် ယင်းအပေါ် UWSA ဘက်မှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသတွင် တိုက်ပွဲတွင် KIA ကလည်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး ဖြစ်သည်။ သို့သော် TNLA နှင့် ရခိုင်တပ်မတော်(AA)တို့ကမူ ကိုးကန့်တိုက်ပွဲအတွင်း ပါဝင်နေကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

No comments:

Post a Comment