Monday, March 2, 2015

လောက်ကိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးမည်

ဘုန်းမြတ်

လောက်ကိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးရမှု၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများနှင့်ပတ်သက်ပြီး တိုင်ကြားလာပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒု ဥက္ကဋ္ဌ ဦးစစ်မြိုင်က“အချက်အလက်နဲ့ တိုင်ကြားလာတယ်။ နောက်ပြီး စစ်ဆေး ဖို့ လုံခြုံရေး အခြေအနေ ပေးမယ်ဆိုရင်တော့ ဆောင်ရွက်ဖို့ ရှိတယ်’’ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် နှစ်ဖက် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ထိခိုက်ကျဆုံးမှု များပြားနေခြင်းအပေါ် ကော်မရှင် အနေဖြင့် စိတ်ထိခိုက်မှု ဖြစ်ရသည်ဟုလည်း ဆိုသည်။

ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း ကလည်း“ကျနော်တို့ မီးရှို့သင်္ဂြိုဟ် ပေးတာ ၆၀ ကျော်သွားပြီ။ အဲဒီထဲမှာ ကျနော့် အမျိုး ၄ ၊ ၅ ယောက် ပါတယ်”ဟု ၄င်းက ပြောသည်။

ထိုအခြေအနေများကြောင့် နှစ်ဖက် အဖွဲ့များအနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှု တရပ်ကို ဆောင်ရွက် သင့်ကြောင်းလည်း လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းထားသည်။

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက “ကျနော် တို့ MNDAAက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်သူလူထု ၀န်ထုတ်ဝန်ပိုးမဖြစ်ဖို့ တင်းကျပ်တဲ့မှုဝါဒ ထုတ်ပြီးသားပါ။ ဆွေးနွေးညှိနှိုင်း အဖြေရဖို့ ကမ်းလှမ်းမယ် ဆိုလည်း ကျနော်တို့က လက်ခံဖို့ ရှိပါတယ်’’ဟု ပြောသည်။

သို့သော် လောက်ကိုင်ဒေသ၌ ကြက်ခြေနီယာဉ်တန်း ၃ ကြိမ်ခန့် တိုက်ခိုက်ခံရမှုသည် ကိုးကန့်တပ်ဖွဲ့တွင် တာဝန်ရှိသည်ဟု ထင်မြင် ယူဆမှုများလည်း အခိုင်အမာ ရှိနေသည်။

အစိုးရကမူ ကိုးကန့်တပ်ဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းမှု လုပ်မည်မဟုတ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်မည်ကို ကော်မရှင် အနေဖြင့် စိုးရိမ်မှုများ ရှိကြောင်း၊ စစ်ရှောင် ဒုက္ခသည်များအား အကူအညီပေးရာတွင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ အနေဖြင့် တန်းတူ ညီမျှမှုရှိစေရေး ကို လည်း မေတ္တာရပ်ခံထားကြောင်း၊ လူသားချင်းစာနာသည့် အကူအညီပေးရေး လုပ်ငန်းများကို အန္တရာယ်မပြုကြရန် နှစ်ဖက် အဖွဲ့များကို ကော်မရှင်က တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့သည့် တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ထောင်ချီ ရှိ၍ နေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ် ပေးလျက်ရှိကြောင်း၊ တရုတ် နယ်စပ်တွင်လည်း ဒုက္ခသည် ထောင်ချီရှိကြောင်း သိရ သည်။

No comments:

Post a Comment