Sunday, March 1, 2015

လက်ပံတောင်းတောင် သပိတ်စခန်း ဝမ်ပေါင်၊ ဦးပိုင်နှင့် ဆွေးနွေးမှုပြု လုပ်လိုသော်လည်း ဆွေးနွေးခွင့် မရရှိသေး

ယုဝေ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသ၊ တုံရွာအနီးတွင် ဖေဖော်ဝါရီလ ၁၅ ရက်က စတင်ဖွင့်လှစ်ထားသည့် လက်ပံတောင်း သပိတ်စခန်းမှ ဒေသခံများသည် ဝမ်ပေါင် ကုမ္ပဏီနှင့် ဦးပိုင် ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်လိုသော်လည်း ဆွေးနွေးခွင့် မရရှိသေးဟု သပိတ်စခန်း ဖွင့်လှစ်ထားသည့် ဒေသခံများက မဇ္ဈိမကိုပြောသည်။

တုံရွာအနီး လျော်ကြေးငွေမယူသည့် လယ်ယာမြေများကို ဝမ်ပေါင်ကုမ္ပဏီက ဖေဖော်ဝါရီလ ၁၅ ရက် က မြေတူးစက်များဖြင့် တူးဖော်သည်ကို ဒေသခံများက တားဆီးနေသော်လည်း ဆက်လက်တူးဖော်နေသဖြင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

''ဝမ်ပေါင်ကို ဆက်သွယ်တော့ တရုတ်တွေ မရှိဘူးပြောတယ်။ ဦးပိုင်ကို ဆက်သွယ်တော့ တရုတ်တွေ မရှိလို့ ဆွေးနွေးမှု မပြုလုပ်နိုင်သေးဘူးပြောလို့ ခုထိ မဆွေးနွေးရ သေးပါဘူး။ အခုထိ သက်ဆိုင်ရာက ညှိနှုင်း ပေးတာလည်း မရှိသေးပါဘူး'' ဟု သပိတ်စခန်းဖွင့်လှစ်ရာတွင် ပါဝင်သည့် ဒေသခံ အမာချိုက မဇ္ဈိမကို ပြောသည်။

သပိတ်စခန်းဖွင့်လှစ်ပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေး ရန်သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး နှင့် ဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ဖွင့်လှစ်ထားသည့် ပထမသပိတ်စခန်း ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ဖွင့်လှစ်ခဲ့သော်လည်း ယနေ့တိုင် သက်ဆိုင်ရာက ဖြေရှင်းပေးမှု တစ်စုံတစ် ရာမရှိသေးဟု ဒေသခံ ကိုအောင်သူကပြောသည်။

No comments:

Post a Comment