Sunday, March 29, 2015

ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေး ရန်ကုန် အပါအဝင် မြို့အချို့တွင်ဆန္ဒပြ

Mizzima

ရန်ကုန် ဆန္ဒပြပွဲတွင် ဝရမ်းထုတ်ခံရသည့် ကျောင်းသားနှစ်ဦး ပါဝင် ဆန္ဒပြ

လက်ပံတန်း ပင်မ သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းရာတွင် ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ၀န်းရံသည့် ပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ထားဝယ်၊ မြောင်းမြနှင့် မကွေးမြို့များ အပါအ၀င် မြို့အချို့တွင် မတ်လ ၂၇ ရက် နံနက် ၁၀ နာရီ ကျော်ခန့်က တစ်ပြိုင်နက် ဆန္ဒပြခဲ့သည်။

ရန်ကုန်မြို့က ဆန္ဒပြပွဲတွင် ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများ ဖမ်းဆီးပြီးနောက် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ကျောင်းသား လေးဦး အနက် နှစ်ဦးဖြစ်သည် ကိုနန္ဒာစစ်အောင်နှင့် ကိုကျော်ကိုကို တို့သည့် ဝင်ရောက်ဆန္ဒပြခဲ့သည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် ကျောင်းသားခေါင်းဆောင် ကို နန္ဒစစ်အောင်က “လေးပွင့်ဆိုင် ကတိကို တည်ဖို့လိုအပ်ပါတယ်။ လေးပွင့်ဆိုင်မှာ ဝန်းရုံသူတွေ ကျောင်းသားတွေကို ဖမ်းဆီးထောင်ချခြင်း မပြုပါဘူးလို့ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ နိုင်ငံရေး ကတိ အဖျက်ခံနေရတယ်” ဟု ပြောသည်။

ယင်းအပြင် မြင်းခြံမြို့နယ်တွင်ကျောင်းသားများ ဆန္ဒပြပွဲပြုလုပ်ရန် ပြင်ဆင်နေစဉ် ဒေသဆိုင်ရာ အာဏာပိုင် အစိုးရက ဆန္ဒပြပွဲ မပြုလုပ်ရန်တားမြစ်ခဲ့ပြီးနောက် ကျောင်းသားများက ဆန္ဒပြပွဲဆက်လက်ပြုလုပ်သဖြင့် ကျောင်းသား ကိုဥာဏ်မြင့်သန်း၊ ကိုစည်သူ၊ ၀န်းရံသူ မဖြိုးနှင့် ဦးစိန်ဝင်းတို့ကို မနက် ၁၀ နာရီခွဲအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ခံခဲ့ရသည်။

ကိုဟန်ဖြိုးက “ ကျွန်တော်တို့ကို ညှိုနှိုင်းတာမျိုးမရှိဘူး။ ဆုံးဖြတ်ချက်ချပြီးတဲ့ပုံစံမျိုး။ နောက်ဆုတ်မှာလား။ နောက်မဆုတ်ရင် ဖမ်းမယ်လို့ပြောတယ်။ ကျွန်တော်တို့က ဆန္ဒပြမယ်လုပ်တော့ ၀င်လုံးပြီး ဖမ်းသွား တာပဲ”ဟုပြောသည်။

ထားဝယ်မြို့တွင်လည်း မတရားဖမ်းဆီးခံ ကျောင်းသားများပြန်လည် လွှတ်ပေးရေး ၊အကြမ်းဖက်မှု အလိုမရှိ၊ ဒီမိုကရေစီ ပညာရေး ဒို့အရေး၊ အရေးတော်ပုံအောင်ရမည် ဆိုသည့် အချက်များကို ဗွီနိုင်းများဖြင့်ကြွေးကြော် ၍ ထားဝယ်စည်ပင်သာယာဈေးရှေ့တွင် ကျောင်းသားအင်းအား ၂၀ကျော်ဖြင့် ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့သည်ဟု ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုသီဟနိုင် ကမဇ္ဈိမကို ပြောသည်။

မကွေးမြို့၊ မြောင်းမြမြို့နှင့် ကယားပြည်နယ်တွင် ကျောင်းသားနှင့် ၀န်းရံသူပြည်သူများ လွတ်မြောက်ရေး လူထုလှုပ်ရှားမှု များပြုလုပ်ခဲ့သည်။

ကယားပြည်နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ခူးပတ်ထရစ်က “စတစ်ကာတွေလိုက်ဝေမယ်။ လက်ပတ်ဖြူလို ပုံစံမျိုးလုပ်မယ်။ သပိတ်မှောက်ကျောင်းသားများကို အစိုးရက အကြမ်းဖက်နှိမ်နင်းမှုကို ရှုတ်ချတဲ့အနေနဲ့ပါ”ဟုပြောသည်။

ဒီမိုကရေစီ ပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ကျောင်းသားနှင့် ထောက်ခံသူများသည် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့မှ ရန်ကုန်သို့ ချီတက်ရန်ကြိုးပမ်းစဉ် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

ယင်းနောက် ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများအပါအ၀င် ၀န်းရံသူနှင့် သတင်းထောက်များကို ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးခဲ့သည်။

သို့သော်လည်း ကျောင်းသားများနှင့် ၀န်းရံသူ ပြည်သူ စုစုပေါင်း ၆၉ ဦးကို ပုဒ်မ ငါးခုဖြင့် တရားစွဲထားပြီး ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒာစစ်အောင်နှင့် ကိုမြတ်သူ လေးဦကို ဖမ်းဝရမ်းထုတ်ထားသည်။

ဖမ်းဆီးခံရသူ ၆၉ ဦးကို လက်ပံတန်းမြို့နယ် တရားရုံးတွင် မတ်လ ၂၅ ရက် နံနက် ၁၀ နာရီခွဲတွင် သာယာဝတီအကျဉ်းထောင်မှ လက်ပံတန်းမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့သည်။

ဖမ်းဆီးခံထားရသည့် ၆၉ ဦးကို လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားစွဲဆိုထားခြင်းဖြစ်ပြီး စွဲဆိုထားသည့် ပုဒ်မများမှာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ ဖြစ်သည်။

No comments:

Post a Comment