Saturday, March 28, 2015

မိုင်းလားဒေသသို့ဝင်မည့် ကုန်စည်များ အစိုးရ ဒေသခံ အဏာပိုင်များ ပိတ်ထား

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ မိုင်းယန်း မြို့နယ်မှ တဆင့် အထူး ဒေသ ၄ မိုင်းလား ဘက်သို့ သွားမည့် ကုန်စည်များ အားလုံး မြန်မာ အစိုးရ အာဏာပိုင်ဘက် က ပိတ်ထားသည်မှာ တလ ကျော်ပြီဟု ဆိုသည်။

၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှ စ၍ ယနေ့အထိ ကျိုင်းတုံ - မိုင်းလားလမ်း၊ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျဉ် - ဟိုတောဝ်းလမ်း၊ မိုင်းယောင်း - မိုင်းယု - နမ့်ပန်း လမ်းကြောင်းမှ သွားမည့် ဆန်၊ ဆီ၊ ဆား၊ ပြောင်း နှင့် အခြားထိုင်းနိုင်ငံမှ ဝင်လာသည့် ကုန်စည်များအား လုံးအား မြန်မာအာဏာပိုင်များက တာ့ပင်းတံတားတွင်လည်းကောင်း၊ မိုင်းယုတွင် လည်းကောင်း၊ မိုင်းယန်းတွင်လည်းကောင်း ထိန်းချုပ်ထားသည်။

“ပိတ်ထားတဲ့အတွက် ဆန်ထွက် အများဆုံးဖြစ်တဲ့ မိုင်းယောင်းဒေသ ခံတွေ က ဆန် နဲ့ အခြား ဒေသထွက် ပဲ၊ ပြောင်းတွေ တရုတ်ကို တင်ပို့ ရောင်းချဖို့ အခက်အခဲကြုံတွေ့ နေရ ပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်ကနေ စတင်ပိတ်ပင်တားမြစ်ထားတာခုဆို တလကျော်ပြီ” - ဟု မိုင်းယောင်း ဒေသခံ စိုင်းနွမ်တိ က ပြောသည်။

နမ့်ပန်းမြို့နေ မိုင်းလားအရာရှိတဦးက မြန်မာအာဏာပိုင်များ ယခုကဲ့သို့ ကုန်စည်များ ပိတ်ပင်ထားရခြင်းအကြောင်းရင်းနားမလည်ကြောင်း၊ သို့သော်ထိုသို့ပိတ်ဆို့မှုကြောင့် ထိခိုက်မှုမရှိကြောင်း ပြောသည်။

“မိုင်းလားတပ်ဖွဲ့ကို ထိခိုက် နစ်နာစေတာ၊ အခက်အခဲ ကြုံတွေ့ စေတာ ဘာတခုမှ မရှိဘူး။ မိုင်းလားဒေသအတွင်းထွက်တဲ့ ဆန်နဲ့တခြားသီးနှံတွေဟာ ဒေသခံလူထုအတွက် လုံ လောက် တယ်။ တခြားလူသုံးကုန် တွေလဲ တရုတ်ဘက်က ၀င်လာတယ်လေ” - ဟု အဆိုပါ မည်မဖေါ်လိုသူ အရာရှိကပြောသည်။

“ဒီဘက်ကသာ ဟိုဘက်ကိုသွားခွင့်မပေးတာ။ ဟိုဘက် ဝင်လာတဲ့ကုန်တင်ကားကြီးတွေ ဝင်ခွင့် မပေးပေမယ့် ယာဉ်ငယ်တွေနဲ့ ကဲ့ယူနေကြတာဘဲ။ လူတွေကိုလဲ အရမ်းစစ်တယ်။ ဂိတ်တွေမှာ ဆိုင်ကယ်ပေးမစီးတော့ဘူး။ ဆင်းပြီးတော့ တွန်းရတယ်၊ မိုင်းလား မှတ်ပုံတင် ကိုင်တဲ့လူတွေကိုလဲ အရမ်းရစ်တယ်။ ထိုင်းဘက်က လာတယ်ဆိုပြီး ကျနော့် ယောက္ဖနဲ့ ကျနော့် အမကို တယောက် ဘတ်ငွေ ၅၀၀၀ ညှစ်တယ်။ တာ့ပိန်းမှာညှစ်တာ” - ဟု ဒေသခံ စိုင်းနွဲ့ ကပြောသည်။

မန်မာအစိုးရကမိုင်းလားတပ်ဖွဲ့အား ဖုန်ကြားရှင်းဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် ပတ် သက်ဆက်နွယ်ခြင်း၊ ဆက်သွယ်သတင်းပေးခြင်း၊ လူအားငွေအားအပြင် အခြားသော စစ် ရေး ထောက်ပံ့မှုများပေးနေသည်ဟု စွပ်စွဲထားသည်။

ဖဖေါ်ဝါရီ ၉ ရက်နေ့ ကိုးကန့်တပ်ဖွဲ့နှင့်မြန်မာအစိုးရအကြားဖြစ်ပွားသော တိုက်ပွဲနောက် ပိုင်း မိုင်းလားတပ်ဖွဲ့နှင့် ယခုကဲ့သို့ ချုပ်ချယ်ကန့်သတ်မှုများ လုပ်လာခြင်း ဖြစ်သည်။ ထို့အတူ မတ်ခ်ျ ၄ ရက်နေ့ကလည်း မြန်မာအစိုးရတပ်မတော်မှ ၁၂၀ မမ လက်နက်ကြီးနှင့် သံချပ်ကာ ကားများ ကျိုင်းတုံ - မိုင်းလား နယ်ခြား တာ့ပင်းတံတားဂိတ် သို့ ချထားသည်။

No comments:

Post a Comment