Saturday, March 28, 2015

မည်သည့် နည်းလမ်းဖြင့်မဆို ပြည်တွင်း အင်တာနက် အသုံးပြုခမှာ တစ်လလျှင် ကျပ် နှစ်သောင်းခန့်သာ ကောက်သင့်ဟုဆို

မောင်မန်း

မြန်မာနိုင်ငံ၏ ၀င်ငွေ ရရှိမှု အခြေအနေပေါ် မူတည်ကာ မည်သည့်နည်းလမ်းဖြင့် အသုံးပြုသည်ဖြစ်စေ အင်တာနက် အသုံးပြုခမှ တစ်လလျှင် ကျပ် နှစ်သောင်းခန့်သာ ကောက်ခံသင့်သည်ဟု ပြည်တွင်း အိုင်တီ ပညာရှင်များက သုံးသပ် ပြောကြားသည်။

ယင်းသို့ ဆိုလိုသည်မှာ မိုဘိုင်း အင်တာနက် အပါအ၀င် မည်သည့် နည်းလမ်းနှင့် မဆို အသုံးပြုခြင်းများ ပါဝင်မည် ဖြစ်သည်။

ပြည်တွင်းအင်တာနက်အသုံးပြုခ ကောက်ခံမှုကို လျှော့ချနိုင်ရန် ဆက်သွယ်ရေး၊ သတင်းအချက်အ လက် နှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့က မြန်မာနိုင်ငံကို A4AI အဖွဲ့ဝင်နိုင်ငံအဖြစ် မတ်လ ၂၆ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

A4AI အဖွဲ့သည် ကုလသမဂ္ဂ၏ ရည်မှန်းချက်ဖြစ်သည့် လူတစ်ဦးချင်း လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကိုသာ အင်တာနက် အသုံးပြုခ ကောက်ခံရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ၀င်ငွေ ပမာဏသည် နည်းပါးနေပြီး ကုလသမဂ္ဂ ၏ သတ်မှတ်ချက်အတိုင်း ၀င်ငွေ၏ ၅ ရာခိုင်နှုန်း ကောက်ခံရန်မှာ ခက်ခဲမှုရှိသည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်း ဦးက မဇ္ဈိမကို ပြောသည်။

အင်တာနက်အသုံးပြုခ တစ်လ ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ အတွင်း ကောက်ခံမည်ဆိုပါက သင့်တော်မည်ဟု လည်း ဦးဇော်မင်းဦးက ခန့်မှန်းသည်။

၎င်းက " မြို့ပေါ်မှာရှိတဲ့ သူတွေအနေနဲ့ ကျပ် ၂၀၀၀၀ ထက် ပိုမသုံးနိုင်ဘူး။ ကျေးလက်ဆိုရင် ၁၀၀၀၀ ထက် မပိုနိုင်ဘူး။ တစ်လလုံး ကြိုက်သလောက်သုံး ကျပ် ၂၀၀၀၀ လောက်ဆိုရင် သင့်တော်မယ်လို့ ထင်တယ်" ဟု သုံးသပ်သည်။

တစ်ဦးချင်းဝင်ငွေ ပမာဏ တိုးတက်လာရန်လိုအပ်ပြီး အင်တာနက်အသုံးပြုခလည်း ကျဆင်းလာရန် လိုအပ် သည်ဟု ဦးဇော်မင်းဦးက ဆိုသည်။

၎င်းက "တစ်ဦးချင်း ဝင်ငွေအလိုက် နည်းပါးနေတဲ့အတွက် UN ရဲ့ သတ်မှတ်ချက်အတိုင်းဆိုရင် အော်ပရေတာ တွေက အော်မှာပဲ။ အစိုးရက တစ်ဦးချင်းဝင်ငွေ တက်လာဖို့နဲ့ အော်ပရေတာတွေ အင်တာနက်အသုံးပြုခ လျှော့ချလို့ရနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးရမယ်" ဟု ဆိုသည်။

ပြည်တွင်းတွင် အင်တာနက်အသုံးပြုခ ကောက်ခံမှုသည် တစ်ဦးချင်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကျော်ခန့်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများတွင် ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းအောက်တွင် သာကောက်ခံနေသည်ဟု ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့၏ နည်းပညာ အရာရှိချုပ် ကိုစိုးသီဟနောင်က ပြောသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ၀င်ငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ အင်တာနက်အသုံးပြုခ ကောက်ခံ နေပြီး ယင်းအခြေအနေသို့ ရောက်ရှိရန် ဆောင်ရွက်သင့်သည်ဟုလည်း ကိုစိုးသီဟနောင်က ဆိုသည်။

၎င်းက " ပြည်တွင်းမှာ အင်တာနက်အသုံးပြုခ စားရိတ်က များနေသေးတယ်။ အိန္ဒိယမှာဆိုရင် ၀င်ငွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကိုပဲ ကောက်ခံနေတယ်။ ဒီလောက်အထိ လျှော့ချနိုင်အောင် ဆောင်ရွက်သင့်တယ်" ဟု ဆိုသည်။

ပြည်တွင်းတွင် အင်တာနက်အသုံးပြုခကို အသုံးပြုမှုပမာဏအလိုက်ကောက်ခံလျက်ရှိသည်။ အင်တာနက်အ သုံးပြုခ လျှော့ချရန်ကိုမူ လက်တလော ဆောင်ရွက်နိုင်ရန် မလွယ်ကူသေးဘဲ အချိန်ယူဆောင်ရွက်ရမည်ဟု ဦးဇော်မင်းဦးက သုံးသပ်သည်။

၎င်းက " အော်ပရေတာတွေရဲ့ အရင်းကျေ ကာလက ဘယ်လိုသတ်မှတ်ထားသလဲမသိဘူး။ လတ်တလော လျှော့ဆိုရင်တော့ အော်ပရေတာတွေဘက်က မလုပ်နိုင်လောက်ဘူး။ အချိန်ယူရမယ်" ဟု ဆိုသည်။

No comments:

Post a Comment