မိုးသူ
နိုင်ငံပေါင်း ၆၀ ကျော်က သတင်းသမား ၂၀၀ ကျော် ပါဝင်ဆွေးနွေးသည့် ၆၅ ကြိမ်မြောက် IPI-Internation Press Institute World Congress သို့ တက်ရောက်လာသည့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်ကို လက်ပံတန်းမြို့တွင် ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရပြီး သတင်းမီဒီယာ သမားများ ပါမကျန် ရိုက်နှက်ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မီဒီယာဖိနှိပ် မှုရပ်ရန် ပြည်တွင်း မီဒီယာ သမားအချို့က ဆန္ဒပြခဲ့သည်။
ဆန္ဒပြသည့် မီဒီယာ သမားများ အနေဖြင့် နိုင်ငံတကာ စာနယ်ဇင်းအင်စတီကျု (IPI) ညီလာခံကို ဆန္ဒဖော်ထုတ်ခြင်း မဟုတ်ဘဲ ထိုအခမ်းအနားသို့ ဦးဆောင်ဆွေးနွေးသူအဖြစ် တက်ရောက်သည့် ပြန်ကြားရေးဝန်ကြီးကို သပိတ်မှောက်ခြင်းဖြစ်ကြောင်း ဆန္ဒပြခဲ့သူ ကိုကျော်ဇေယျက မဇ္ဈိမကို ပြောသည်။
"မတ်လမှာဖြစ်ပွားတဲ့ ကျောင်းသားသပိတ်ဆန္ဒပြမှုမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်။ အဲဒီဖြစ်ပွားချိန်မှာ သတင်းသမားတွေကိုပါရော ရိုက်တယ်။ သတင်းသမားမှန်းသိလျက်နဲ့ကျူးလွန်တယ်လို့ ကျွန်တော်တို့ဘက်ယူဆတယ်။ အဲဒီအတွက် ကန့်ကွက်တယ်။ နောက်ပြီး ကျွန်တော်တို့ IPI ကိုထောက်ခံတယ်။ နိုင်ငံတကာအသီးသီးရဲ့ သတင်းလွတ်လပ်ခွင့်မြင့်တင်ပေးတဲ့ အဖွဲ့အစည်း။ ဒီအစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းထောက်တွေလည်း ပါတယ်။ မြန်မာနိုင်ငံမှာလည်း သတင်းလွတ်လပ်ခွင့်က စိန်ခေါ်မှု တစ်ရပ်ဖြစ်တဲ့အတွက် IPI ကို ထောက်ခံတယ်" ဟု ကိုကျော်ဇေယျက ဆိုသည်။
ဆက်လက်ပြီး ၎င်းက "သို့သော် ဒီမြေပြင်မှာ သတင်းလွတ်လပ်ခွင့်မပေးဘဲနဲ့ IPI မှာတစ်ခမ်းတနား တက်ရောက်ဆွေးနွေးမယ့် ဦးရဲထွဋ်ကိုကန့်ကွက်တယ်။ သတင်းသမားတွေကိုဖိနှိပ်ရိုက်နှက်ခဲ့တဲ့ ပြည်ထဲရေး၊ ပြည်သူတွေပေါ်လုပ်ခဲ့တာကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ အစိုးရ အဖွဲ့ကိုဘဲ ကာပြောသွားတဲ့ သမ္မတ၊ သက်ဆိုင်ရာပြန်ကြားရေးဝန်ကြီးတို့ရဲ့ စကားတွေကို ကန့်ကွက်တဲ့ အနေနဲ့လုပ်ဆောင်တာပါ" ဟု ပြောသည်။
ယင်းဆန္ဒပြပွဲကို မီဒီယာ သမားများဖြစ်သည့် ကိုကျော်ဇေယျထွန်း နှင့် ကိုကျော်ဇေယျတို့က ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် မည်သည့်အသင်းအဖွဲ့ကိုမျှ ကိုယ်စားပြုခြင်း မရှိဘူးဟု ၎င်းတို့က ပြောသည်။
ယင်းသို့ ဆန္ဒပြ ကန့်ကွက်ခြင်းကို အရေးယူရန် တစ်စုံတစ်ရာ မရှိဟု ပြန်ကြားရေးဝန်ကြီးက ညီလာခံအတွင်းတွင် ပြောကြားခဲ့သည်။
ယင်းညီလာခံတွင် မြန်မာနိုင်ငံက သတင်းသမားများ အပြင် နိုင်ငံပေါင်း ၆၀ ကျော်က သတင်းသမား ၂၀၀ ကျော်က သတင်းမီဒီယာ ဥပဒေများ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နိုင်ငံပေါင်းစုံက ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာများ၊ ဘာသာရေး၊ လူမှုရေးစသည့် ထိရှလွယ်သတင်းများကို သတင်းသမားများ တင်ဆက်မှု၊ သတင်းသမားများ၏ ကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စုံစမ်းထောက်လှမ်း သတင်းရေးသားဖော်ပြပုံ စသည်တို့ကို ခေါင်းစဉ် အမျိုးမျိုးဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။
No comments:
Post a Comment