Tuesday, April 28, 2015

စစ်ကိုင်းတိုင်း လွှတ်တော်ဆောက်ရန် သိမ်းဆည်းမြေများအနက် ပိုလျှံမြေများ ပြန်ပေးရန် တောင်းဆို

အောင်ကိုဦး

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ရန် သိမ်းထားမြေများအနက် ပိုလျှံနေသော မြေများအား ပြန်လည်ပေးအပ်ရန် မူလမြေပိုင်ရှင်များက ဧပြီလ ၂၇ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အား စာရေးသား တောင်းဆိုလိုက်သည်ဟု ဖယ်ရှားခံရသူအချို့က မဇ္ဈိမကို ပြောသည်။

အဆိုပါ လွှတ်တော် တည်ဆောက်ရန်အတွက် ၂၀၁၁ခုနှစ်တွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ၁၃လမ်းနှင့် ၁၄လမ်းကြားရှိ လူနေအိမ် ၇၂လုံးအား ဖယ်ရှားခဲ့ပြီး မြဝတီတိုးချဲ့ရပ်ကွက်၊ နယ်မြေ(၆)တွင် နေရာများ ပြန်လည်ချထားပေးသော်လည်း မူလပိုင်ဆိုင်ထားသော မြေဧရိယာ အတိုင်း ပြန်လည်ချထားပေးခြင်း မရှိသလို အချို့ မြေပိုင်ရှင်များမှာ ယနေ့အချိန်ထိ မြေအစားပြန်လည်ရရှိခြင်း မရှိသေးကြောင်း မြေသိမ်းဆည်း ခံထားရသူ ဒေါ်ရီလေးက ပြောသည်။

အဆိုပါသိမ်းဆည်းခံခဲ့ရသော လူနေရပ်ကွက်မှာ ဧက ၆၀ ကျော်ရှိပြီး လွှတ်တော်မှာ ၂၀၁၄ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ရာ ဧက ၂၀ ကျော်သာ အသုံးပြုထားသောကြောင့် ပိုလျှံနေသောမြေများအား ပြန်လည်ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်။

"ကျွန်မတို့က စီမံကိန်းဆက်လုပ်နေတယ်ဆို မတောင်းပါဘူး။ အခုဟာက ပြီးလို့ လွှတ်တော်တောင်တက်နေကြပါပြီ။ သူတို့လည်းဘာမှမလုပ်ဘူး။ဒါကြောင့် ကျွန်မတို့မြေပြန်ပေးဖို့ တောင်းတာပါ"ဟု ဒေါ်ညိုကပြောသည်။

နေစရာမြေများ အစားပြန်ပေးသော်လည်း မူလပိုင်သည့်မြေထက် ၁၀ပေ မှ ပေ ၂၀ကျော်အထိ လျှော့ပေးခဲ့၍ ထိုသို့ လျှော့ပေးထားသည့် မြေကိုလည်း ကာလပေါက်ဈေးအတိုင်း နစ်နာရေး ပေးစေလိုသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ရွှေ့ပြောင်းခိုင်းနေစဉ် ဖယ်ရှားမပေးလိုသူ အချို့ကို ဖမ်းဆီးထောင်ချခဲ့မှုများ ရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။


"ထောင်တွေဘာတွေချနေတော့ ကြောက်တယ်။ ဒါကြောင့်ရွှေ့ပေးရတာပါ။ အခုရွှေ့ပြီး မြေအစားပြန်ရတယ် ဆိုပေမယ့် တစ်ချို့က မရကြသေးဘူး။မရတဲ့သူတွေအတွက် အခုပိုနေတဲ့နေရာမှာ ပြန်ပေးသင့်ပါတယ်။"ဟု ဦးတင်သိန်း ကပြောသည်။

မြေအစားပြန်မရသူများက ပိုလျှံမြေပေါ်တွင် လာမည့် ဧပြီ ၃၀ရက်၌ နေအိမ်များ ဝင်ဆောက်သွားမည်ဖြစ်ပြီး တချို့မှာ ဧပြီ ၁၀ရက်ကတည်းက နေအိမ် ဆောက်လုပ်ကာ နေထိုင်နေပြီဟု ဆိုသည်။ ယင်းအပြင် ပိုလျှံမြေပေါ်တွင် နေထိုင်ခွင့်ရရေးအတွက် မေလ ပထမအပတ်တွင် ဆန္ဒပြမည်ဟုလည်း ဆိုသည်။

"ကျွန်တော်တို့ပြန်ပေးဖို့ စာတင်ပြီး တောင်းနေတယ်။ ဒါကိုစောင့်ကြည့်ပြီး လာမယ့်လမှာ ဆန္ဒပြဖို့စီစဉ်သွားမယ်။"ဟု အလုပ်သမား၊လယ်သမားနှင့်မြေယာအရေး လိုက်ပါကူညီ ဆောင်ရွက်သူများအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ဦးအေးသိန်းက ပြောသည်။ မြေအတွက် တောင်းဆိုသူများအတွက် ဥပဒေလမ်းကြောင်းမှ ကူညီကာကွယ်ပေးသွားမည်ဟုလည်း တရားလွှတ်တော်ရှေ့နေ ဒေါ်ယုယုလှိုင်က ပြောသည်။


မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း "အိမ်ဝင်ဆောက်တာတော့မရှိပါဘူး။ အားလုံးမြေအစားပေးထားသလို ရွှေ့ပြောင်းစရိတ်လည်း ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိသေးပါဘူး။" ဟုပြောသည်။

No comments:

Post a Comment