နိုင်နိုင်ဇော်
အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အများပိုင် ကုမ္ပဏီကို ကျပ်ငွေဘီလျံ ၂၅ ဖြင့် စတင်ရန် စီစဉ်နေပြီး အစိုးရပိုင်းမှ ၁၀ ဘီလျံ ထည့် ဝင်ရန် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဧပြီလ ၃၀ ရက်နေ့ရက် စွဲဖြင့်ထုတ်ပြန်သည်။
အဆိုပါအများပိုင်ကုမ္ပဏီအား အများပြည်သူများ၏ ထည့်ဝင်မှုအချိုး ၆၀ ရာခိုင်နှုန်းနှင့် အစိုးရ ထည့်ဝင်မှု ၄၀ ရာခိုင်နှုန်းဖြင့် တည်ထောင်ရန် စိတ်ဝင်စားသည့် ရင်းနှီးမြုပ်နှံ သူများကိုပါ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။
အများပိုင် သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်ပေါ်ရေးဆောင် ရွက်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးပြည်ထောင်စုဝန်ကြီး အကြံပေးဒေါက် တာမောင်အောင်က “ဒီခေတ်ဈေးနဲ့ ဘတ်(စ်)ကားတစ်စီးတောင် ဒေါ်လာတစ်သိန်းခွဲလောက်ရှိနေတာ၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ အစိုးရ နဲ့ပြည်သူ အတူ ထည့်ဝင်ကြမှာပါ၊ ဒီထဲမှာအစိုးရပိုင်းက ၁၀ ဘီလျံလောက်ပါမှာပါ” ဟုဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိက ကားလုပ်ငန်း ရှင်များ၊ ပြည်သူများ စုပေါင်း တည်ထောင်မည့် ယင်းအများ ပိုင်ကုမ္ပဏီ အတွက် ပုဂ္ဂလိက ပိုင်မော်တော်ယာဉ်များ စနစ် တကျပြေးဆွဲရေး ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တင်ထားကြောင်း တိုင်းအစိုးရ တာဝန်ရှိ သူများကပြော ဆိုထားသည်။
သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီအတွက် လက်ရှိပြေးဆွဲနေသည့် ဘစ်ကားသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ ပါဝင်ရန်အတွက် ဖိတ်ခေါ်ရန်ရှိနေပြီး လိုအပ်သော ဥပဒေများ ရေးဆွဲနေ ပြီဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကပြောသည်။
သယ်ယူပို့ဆောင်ရေးကို အစိုးရပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်ခြင်းကြောင့်လိုအပ်သော ဥပဒေများရေးဆွဲရခြင်းဖြစ်ပြီး ယင်းရေးဆွဲမည့် ဥပဒေများတွင်ကျောင်း ကားကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ဝန်ကြီးဦးအောင်ခင် ကပြောဆိုထားသည်။
အများပိုင်ကုမ္ပဏီ ပေါ်ပေါက်လာပါက မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်တွင် ပြေးဆွဲမည့် မော်တော် ယာဉ်များတွင် လေအေးပေးစက်နှင့် ကားကြံ့ခိုင်မှုပိုင်း စိတ်ချရသည့် အဆင့်မြင့် ဘတ်(စ်)ကားများကိုသာ ပြေးဆွဲ သွားမည်ဟုလည်း ယင်းစနစ် အကောင်အထည်ဖော်နေသည့် ပညာရှင်များ ကပြောသည်။
မြို့တွင်းသယ်ယူပို့ဆောင်ရေး စနစ်အား အများပိုင်ကုမ္ပဏီဖြင့် လုပ်ကိုင်စဉ် ရန်ကုန်မြို့ရှိ အဓိကလမ်းမ ကြီးများဖြစ်သည့် ပြည်လမ်း၊ အင်စိန်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဘုရောင့်နောင်လမ်း အစရှိသည့် လမ်းမကြီးများတွင် စတင် စမ်းသပ်ပြေးဆွဲသွားမည်ဟုလည်း ဒေါက်တာမောင်အောင်က ပြောဆိုထားသည်။
No comments:
Post a Comment