စံမောင်သန်း
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖွဲ့စည်းထားသော စစ်ဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးကော်မတီမှ အဖွဲ့တစ်ဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ သွားရောက်ပြီး စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေကို လေ့လာခဲ့ကြသည်။
အဆိုပါအဖွဲ့တွင် ရဟန်း ၄ ပါး၊ လူ ၅ ဦးပါဝင်သော်လည်း ရဟန်းသုံးပါးနှင့် လူသုံးဦးသာ စစ်ဘေးရှောင် ကျေးရွာသားများ နေထိုင်ရာ ကျေးရွာများသို့ သွားရောက်နိုင်ခဲ့ကြသည်ဟု သိရှိရသည်။
“ဒီလိုသွားရတာက စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ လက်ရှိပကတိ အခြေအနေကို သိရှင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး ရွာမီးရှို့ခံရတယ်တို့၊ ဘာတို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဖြစ်ရပ်မှန်တွေကို အတိအကျသိနိုင်ဖို့အတွက် အခုလိုမျိုးသွားရောက် ရခြင်းဖြစ်ပါတယ်” ရဟန်းတော်တစ်ပါးက ပြောသည်။
လေ့လာတွေ့ရှိချက်များကို စစ်တွေမြို့ စစ်ဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေးကော်မတီသို့ တင်ပြပြီး ကျေးရွာသားများ၏ လိုအပ်သောအကူအညီများကို ပေးသွားမည်ဟု သိရသည်။
အဆိုပါအဖွဲ့သည် စပါးဆိပ်ကျေးရွာတွင် တပ်စွဲထားသော တပ်မ ၉ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င့်သူနှင့် တွေ့ဆုံပြီး ဒုက္ခဖြစ်နေကြရသော ကျေးရွာသားများ၏ အခြေအနေများကို ဆွေးနွေးခွင့် ရရှိခဲ့သည်။
“ဗျူဟာမှူးက ဘာပြောသလဲဆိုရင် စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အခုဆိုရင် ရိက္ခာတွေ အတော်အသင့် ရှိနေပါပြီ။ သူတို့ကို နောက်ထပ်ကူညီဖို့ ဆိုတာထက် ကျေးရွာသားတွေ ယခင်ကလို တောင်ယာခုတ်၊ သစ်ခုတ်၊ ၀ါးခုတ် အလုပ်တွေကို လုပ်ကိုင်ခြင်းမဟုတ်ဘဲနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင် လာနိုင်အောင် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်” ဟု ယင်းရဟန်းတော်က ပြောကြားသည်။
စစ်ဘေးရှောင်ဒုက္ခသည် အများစုမှ သူတို့ ခေတ္တ ခိုလုံခဲ့သည့် စပါးဆိပ်ကျေးရွာမှ မိမိတို့ မူရင်း ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်သည်။
လေ့လာရေး အဖွဲ့သည် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးရှိကျေးရွာများ ဖြစ်ကြသော ကုလားချောင်း၊ ပင်လုံ၊ အောင်လံချောင်းနှင့် ဘင်ချောင်းကျေးရွာများသို့လည်း သွားလာခွင့်ရခဲ့သည်ဟု သိရသည်။
၎င်းအဖွဲ့သည် အချိန်ကန့်သတ်ချက်ကြောင့် ထိုကျေးရွာများအနက်မှ ကုလားချောင်း၊ ပင်လုံ၊ အောင်လံချောင်းသို့သာ သွားရောက်ပြီး မြန်မာ့တပ်မတော်မှ တပ်မှူးများနှင့် တွေ့ဆုံပြောဆိုခဲ့ကြသည်။
လေ့လာရေးအဖွဲ့၏ တွေ့ရှိချက်အရ အောင်လံချောင်း မီးရှို့ခံရသည်မှာ မဟုတ်မှန်ကြောင်း၊ နေအိမ်တစ်လုံးသာ လက်နက်ကြီးကျပြီး မီးလောင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ရဟန်းတော်က ပြောဆိုသည်။
လေ့လာရေးအဖွဲ့သည် စစ်ဘေးရှောင်များနေထိုင်ရာ ကျေးရွာများအပြင် စစ်ကြောင့် အခက်အခဲရှိနေသွား ကျေးရွာများသို့ လေ့လာရန် အစီအစဉ် ပါရှိသော်လည်း အချိန်ကန့်သတ်ချက်ကြောင်း စစ်ဘေးရှောင်များ နေထိုင်ရာ ကျေးရွာသုံးခုတို့သာ သွားရောက်နိုင်ခဲ့ကြသည်။
အဆိုပါအဖွဲ့သည် မေလ ၂၀ ရက်နေ့ နံနက်တွင် စစ်တွေမှ ထွက်ခွာပြီး ၂၁ ရက်နေ့ညတွင် စစ်တွေသို့ ပြန်ရောက်ရှိခဲ့ကြသည်။

No comments:
Post a Comment