Monday, May 4, 2015

သမ္မတ၏ နိုင်ငံရေးအကြံပေးအဖြစ်မှ နှုတ်ထွက်ကာ ဦးနေဇင်လတ် ပါတီထောင်

မင်းမင်း

မကြာခင်ဖွဲ့စည်းတော့မည့် အမျိုးသားပါတီ (National Party)တွင် နာယကအဖြစ် တာဝန်ယူမည့် ဦးနေဇင်လတ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးအဖြစ်မှ အနားယူခွင့်ပြုလိုက်သည်ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧပြီလ ၃၀ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြုသည်။

"ကျွန်တော်တို့က သူ့ကို တာဝန်က အနားယူခွင့်ပြုလိုက်တာ။ ဘာ့ကြောင့်ဆိုတာကတော့ ကာယကံရှင်ကိုပဲ မေးလိုက်ပါ" ဟု ဦးဇော်ဌေးက ပြောသည်။

အမျိုးသားပါတီဟု အမည်ပေးထားသည့် ပါတီသစ်တစ်ခုကို ဖွဲ့စည်းကာ နာယအဖြစ်တာဝန်ယူရန် ပြင်ဆင်နေချိန်နှင့်တိုက်ဆိုင်စွာပင် ဦးနေဇင်လတ်အား သမ္မတအကြံပေးအဖြစ်မှ အနားယူခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သမ္မတ၏ နိုင်ငံရေးအကြံပေးအဖြစ်မှ အနားယူလိုက်သည့် ဦးနေဇင်လတ်အား မဇ္ဈိမက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

သို့သော် သမ္မတအကြံပေးအဖြစ်မှ နှုတ်ထွက်ရန် ၎င်းကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးနေဇင်လတ်က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ရေးသားထားသည်ကို တွေ့ရသည်။

"အခုဆိုရင် အသစ်ဖြစ်ပေါ်လာတော့မယ့် အမျိုးသားပါတီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်လွတ်လွတ်လပ်လပ် လုပ်ကိုင်ပါတော့မယ်" ဟု ဦးနေဇင်လတ်က ရေးသားထားသည်။

နာယကအဖြစ် ဦးနေဇင်လတ် တာဝန်ယူမည့် အမျိုးသားပါတီမှာ လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်ပြုချက် မကျသေးပေ။

သမ္မတဦးသိန်းစိန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးအကြံပေးအဖွဲ့(၃)ဖွဲ့ကို ပုဂ္ဂိုလ်(၉)ဦးဖြင့် ဖွဲ့စည်းလို က်ကြောင်း ၂၀၁၁ခုနှစ်၊ ဧပြီလ ၁၉ရက်တွင် သမ္မတရုံးက ကြေငြာခဲ့ပြီး အဆိုပါ ၉ဦးတွင် ဦးနေဇင်လတ်က နိုင်ငံရေးအကြံပေးအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment