Wednesday, May 27, 2015

မန္တလေးနှင့် ဧရာဝတီတိုင်း မဲစာရင်း ဇွန်လတွင် ထုတ်ပြန်ကြေညာမည်

ဧရာဝတီ

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အမည်စာရင်း များကို လာမည့် ဇွန်လအတွင်း ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် များထံမှ သိရှိရသည်။

မန္တလေးတိုင်း အတွင်းရှိ ခရိုင် ၇ ခု အနက် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်နှင့် မြင်းခြံခရိုင်တို့၏ အခြေခံ မဲစာရင်းများ ကို လာမည့် ဇွန်လ ၈ ရက်တွင် ကြေညာမည်ဖြစ်ပြီး၊ ကျန်ခရိုင်သုံးခုဖြစ်သော ညောင်ဦး၊ မိတ္တီလာနှင့် ရမည်းသင်းခရိုင်ကို ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောသည်။

“ခရိုင်လေးခုရဲ့ အခြေခံ မဲစာရင်းကို ရပ်ကွက်ရုံးတွေမှာ ကြေညာမယ်၊ တတ်နိုင်သမျှ အမှားအယွင်း နည်းအောင် လုပ်ထား သော်လည်း အမှားအယွင်းတော့ ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်စုစာရင်းကို အခြေခံ ပြုစုထားလို့ပါ” ဟု ဦးအောင်ထွဋ်က ဆိုသည်။

အလားတူ ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်ခရိုင်နှင့် ဟင်္သာတ ခရိုင်ရှိ မဲဆန္ဒရှင် အမည်စာရင်းများကို ဇွန်လ ၈ ရက်မှ ၂၁ ရက်အထိ ကြေညာပေးမည် ဖြစ်ပြီး၊ ကျန်ခရိုင်များဖြစ်သည့် မအူပင်၊ မြောင်းမြ၊ ဖျာပုံနှင့် လပွတ္တာခရိုင်တို့တွင် ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၅ ရက် အထိ ကြေညာပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။

အခြေခံ မဲစာရင်းသည် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ အိမ်ထောင်စု စာရင်းများကို အခြေခံကာ ပြုစုခြင်းဖြစ်သောကြောင့် အိမ်ထောင်စုစာရင်း မရှိသူများသည် အခြေခံမဲစာရင်းတွင် ပါဝင်မည် မဟုတ် ကြောင်းနှင့် မဲစာရင်းတွင် မိမိအမည် မပါဝင်လျှင်ဖြစ်စေ၊ ကွယ်လွန်ပြီးသူများအား မဲစာရင်းတွင် ပါဝင်နေပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ အသိပေး လျှောက်ထားနိုင်သည်ဟု သိရသည်။

အခြေခံ မဲစာရင်းအား ရပ်ကွက်ရုံးများတွင် ၁၅ ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲစာရင်းတွင် အမည်မပါဝင်ပါက လျှောက် လွှာ ပုံစံများကို ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ယူပြီး မဲစာရင်း ကြေညာသည့်နေ့မှ စတင် ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ လျှောက်ထားရမည် ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။

မဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အွန်လိုင်းဝက်ဆိုက်တွင် တင်ထား ပေးမည်ဖြစ်ရာ www.uec.myanmar.org တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယခုထုတ်ပြန်ကြေညာမည့် မဲဆန္ဒရှင် စာရင်းသည် ရှေ့ပြေး အဖြစ် ကြေညာခြင်းဖြစ်ပြီး ပြည်သူတို့၏ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် တောင်းဆိုခြင်းများအရ လိုအပ်ချက် များကို ဖြည့်စွက်ပြီး၊ ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်မီ အပြီးသတ် မဲစာရင်းကို တိုင်းရွေးကောက်ပွဲ ကော်မရှင်များက ဒုတိယအကြိမ် ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment