Monday, May 25, 2015

ကျောက်ဖြူကျောက်မီးသွေးစက်ရုံ ဒေသခံများကန့်ကွက်

ကျော်ဝင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ဒွိန်ကျေးရွာအုပ်စု နယ်မြေတွင် တည်ဆောက်မည့် သန့်စင်ကျောက်မီးသွေး လျှပ်စစ် ထုတ်လုပ်ရေး စက်ရုံ စီမံကိန်းအား ဒေသခံပြည်သူများ ကန့်ကွက် လိုက်သည်ဟု သိရသည်။

ထိုသို့ကန့်ကွက်ကြောင်းကို ကျောက်ဖြူမြို့နယ် မအူပြိန်ကျေးရွာတွင် မေလ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော လူထု စည်းဝေးပွဲက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

“အရင်တုန်းက ကျောက်မီးသွေးအကြောင်း ကောင်းကောင်းမသိခဲ့ဘူး။ အခုသိလာရတာက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးများတယ်လို့သိရတယ်။ ဒါကြောင့် ဒီစီမံကိန်းကို လုံးဝကန့်ကွက်တယ်” ဟု အလယ်ဒွိန်အုပ်စု၊ ကျောက်ဆည်ရွာကမှ ဦးမောင်ကျန်အောင်က ပြောသည်။

မအူပြိန် ကျေးရွာတွင် ပြုလုပ်ခဲ့သော လူထု တွေ့ဆုံဆွေးနွေးပွဲအား ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းနှင့် သဇင်သွေးသစ်လူမှု ကွန်ယက်မှဦးဆောင်ပြီး ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ကျေးရွာအုပ်စု ၁၁အုပ်စု ၊ရွာပေါင်း၂၈ ရွာမှ လူပေါင်း ၅၀၀ခန့်တက်ရောက်ခဲ့သည်။ ကျေးရွာအုပ်စု တစ်ခုလျှင် နှစ်ဦးကျ စီမံကိန်းနှင့်ပတ်သက်တဲ့သဘောထားကို ဆွေးနွေးခဲ့ရာ အားလုံးက လုံးဝအလိုမရှိကြောင်း ကန့်ကွက် သွားကြသည်။

ဘယာကျေးရွာအုပ်စုကိုယ်စားလှယ်တစ်ဦးမှလည်း စီမံကိန်းအား အလိုမရှိကန့်ကွက်ကြောင်း ဆွေးနွေး သွားပါသည်။

“ မြန်မာတစ်နိုင်ငံလုံးမှာ ကန့်ကွက်နေတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒီဒေသမှာလာတည်မယ်ဆိုတော့ ဒီဒေသကလူတွေကို သတ်ပစ်သလိုဖြစ်နေတယ်။ ကျနော်တို့ဒေသက လုံးဝကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် မေလ ၆ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအ၀င် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအကြောင်းအား အကျိုးတူ ပူးပေါင်း အကောင်အထည် ဖော်မည့် Daewoo International Corporation နဲ့ MCM Energy Company Limited တို့မှတာဝန်ရှိသူများမှလာရောက်ပြီးရှင်းလင်းခဲ့သည်။

၎င်းတွေ့ဆုံရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းအား ပြည်သူမကြိုက်ရင်ပြုလုပ်မှာမဟုတ်ဟု ပြောဆိုခဲ့ကြောင်းသိရပါသည်။

ကျောက်ဖြူမြို့မှ တက်ရောက်လာသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဆရာတော်များကလည်း ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ထွက်တဲ့ဒေသဖြစ်ရာ ဂတ်စ်ကရတဲ့ လျှပ်စစ်မီးကိုသာ လိုချင်ကြပြီး ကျောက်မီးသွေးမှထုတ်လုပ်မည့်လျှပ်စစ်သည် ဆိုးကျိုးများ၍ မလိုချင်ကြကြောင်း ဆွေးနွေးသွားကြသည်။

၎င်းစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၂၅၀၀ခန့် နှင့် စက်တပ်ဆင်အင်အား ပထမအဆင့် ၆၆၀ မီဂ္ဂါဝပ်၊ ဒုတိယအဆင့် ၆၆၀ မဂ္ဂါဝပ်ပြုလုပ်မည်ဖြစ်ပြီး မြေဧက အကျယ်အ၀န်း မှာ ဧက၆၀၀ မှ ဧက၁၀၀၀ခန့်အသုံး ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

စီမံကိန်းအကောင်ထည်ဖော်မည့် ကုမ္ပဏီများက ဒေသခံများအား လမ်း၊ တံတား၊ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဈေး၊ စာကြည့်တိုက်၊ သောက်သုံးရေကန်၊ လျှပ်စစ်၊ မီတာဘောက်နှင့် အလုပ်အကိုင် ရရှိအောင်ဆောင်ရွက်ပေးမည်ဟု စည်းရုံးထားကြောင်း ဒေသခံများကပြောသည်။

No comments:

Post a Comment