Tuesday, May 26, 2015

မြန်မာနိုင်ငံရေပိုင်နက်ထဲတွင် ကယ်ဆယ်ထားသော လှေစီးဒုက္ခသည်များအရေး မစ္စတာနမ်ဘီးယား လာရောက်ဆွေးနွေး

စံမောင်သန်း

မန်မာနိုင်ငံရေပိုင်နက်ထဲတွင် ကယ်ဆယ်ထားသော လှေစီးဒုက္ခသည် ၂၀၈ ဦးအရေးကို ကုလသမဂ္ဂမှ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယားနှင့် အဖွဲ့တစ်ဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများအဖွဲ့နှင့် ယနေ့ မေလ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရရုံး ခမ်းမဆောင် ၂ တွင် လာရောက်တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲကို ညနေ ၄ နာရီမှ ၆ နာရီခွဲခန့်ထိ တံခါးပိတ် ပြုလုပ်ခဲ့ပြီး သတင်းထောက်များကို ၀င်ခွင့်မပြုခဲ့ပေ။

ဆွေးနွေးပွဲအပြီးတွင် NHK သတင်းဌာန၊ ရိုက်တာ သတင်းဌာနနှင့် နိရဉ္စရာသတင်းဌာနတို့က မစ္စတာနမ်ဘီးယားကို မေးမြန်းရန်ကြိုးစားခဲ့သော်လည်း နောက်မှဖြေဆိုမည်ဟုပြောပြီး လုံးဝ မဖြေဆိုခဲ့ပေ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းကသာ အဆိုပါ သတင်းဌာနတို့ကို တွေ့ဆုံပြီး ယခုလို ပြောကြားခဲ့သည်။

“မနေ့ညနေ ၃ နာရီခွဲခန့်က မြန်မာ့ရေတပ်က ကယ်ဆယ်ထားခဲ့တဲ့ လှေစီးဒုက္ခသည် ၂၀၈ ဦးအကြောင်း လာရောက်ဆွေးနွေးတာပါ။ မနေ့က မြန်မာ့ရေပိုင်နက်ထဲမှာ လှေနှစ်စီးဖမ်းမိပါတယ်။ တစ်စီးမှာ လူ ၂၀၈ ဦး၊ လှေသား ၁ရ ဦး၊ ဘာသာပြန် ၂ ဦး စုစုပေါင်း ၂၂၇ ဦးပါရှိပါတယ်။ နောက်တစ်စီးက လူမပါပါဘူး”ဟု ၀န်ကြီးချုပ်က NHK သတင်းဌာနကို ဖြေကြားခဲ့သည်။

၂၀၈ ဦးထဲတွင် အစပိုင်း စစ်ဆေးချက်အရ အားလုံးဘင်္ဂလားဒေ့ခ်ျနိုင်ငံမှဟု သိရသော်လည်း နောက်ဆုံးစစ်ဆေးချက်အရ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၀၀ ဦး၊ ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်တော်မှ ၈ ဦး၊ ဘာသာပြန်နှစ်ဦးမှာလည်း မြန်မာနိုင်ငံမှ ဖြစ်ပြီး၊ ကျန်လှေသား ၁၇ ဦးမှာ ထားဝယ်ဘက်မှ ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ လှေစီးဒုက္ခသည်များကို လက်မခံဟူသော သတင်းထွက်ပေါ်လာပြီး အဆိုပါစက်လှေသည် ဘင်္ဂလားဒေ့ခ်ျဘက်သို့ ပြန်လှည့်လာရာ မြန်မာရေပိုင်နက်ထဲတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့သည် ပင်လယ်ပြင်ထဲတွင် ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် လှေသား ၁၇ ယောက်မှအပါ အ၀င် အားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးထားရသည်ဟု သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်တွင် ယာယီ ထိန်းသိမ်းရေး စခန်း ဖွင့်လှစ်ထားရှိပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နမ်ဘီးယားတို့အဖွဲ့ ယနေ့တွင် သွားရောက် စိစစ်မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။

အတူယှဉ်တွဲ နေထိုင်ရေးနှင့် ပတ်သက်ပြီး ရိုက်တာက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား မေးမြန်းခဲ့ရာ ၀န်ကြီးချုပ်က ယခုလို ပြန်လည် ဖြေဆိုသည်။

“ယခုကာလမှာ အတူထားရင်ပြဿနာဖြစ်မှာပဲ။ အတူယှဉ်တွဲ နေထိုင်လို့မရသေးဘူး။ သဟဇာတ နေထိုင်ရေးဘက်ကို ဦးတည်ရမှာပါ။ ပြီးမှ အတူယှဉ်တွဲနေထိုင်လို့ရမရဆိုတာကို တဆင့်သွားရမှာပါ”ဟု ဆိုသည်။

ယခုဆွေးနွေးပွဲရလာဒ်သည် အေမတန်အောင်မြင်ပြီး၊ မြန်မာနိုင်ငံဂုဏ်သိက္ခာနှင့် ရခိုင်ပြည်နယ်ဂုဏ်သိက္ခာကို ကမ္ဘာသို့ပြန်လည် ပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာနမ်ဘီးယားက ရခိုင်ပြည်နယ်အစိုးရကို ချီးကျူးပြောဆိုခဲ့သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

No comments:

Post a Comment