Tuesday, May 26, 2015

ရခိုင်ပြည်နယ်မှ ကျေးရွာအများအပြား အရက်ကင်းစင် ကျေးရွာများဖြစ်ကြောင်း သတ်မှတ်ကျေညာ

နေဇော်

ရခိုင်ပြည်နယ် သံတွဲခရိုင်မှ နောက်ထပ် ကျေးရွာ (၇) ရွာအား အရက်ကင်းစင်သော ကျေးရွာများ အဖြစ် ဒေသခံ ရပ်မိရပ်ဖများက ကျေညာလိုက်ပြီးနောက် ယခုအခါ ယင်းဒေသအတွင်း အရက်ကင်းစင် ကျေးရွာပေါင်း (၁၄) ရွာ ရှိသွားပြီဟု သိရသည်။

ယခု အရက်ကင်းစင်ကျေးရွာများ အဖြစ် သတ်မှတ်ကျေညာသော ကျေးရွာများမှာ သံတွဲမြို့နယ်မှ ကွေ့ချောင်း၊ လယ်တီ၊ ဆေးခင်းတော၊ ရေစင်၊ ဆိပ်ကြီး၊ ရှင်စောပြင် နှင့် ကျင်းကြီးကျေးရွာတို့ ဖြစ်ကြသည်။

မေလ ၁၅ ရက်နေ့က သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာတွင် ပြုလုပ်ခဲ့သော လူထု အစည်းအဝေးမှ အဆိုပါကျေးရွာ ၇ ရွာကို အရက်ကင်းစင် ကျေးရွာ အဖြစ်ကျေညာလိုက်ပြီ ဖြစ်ကြောင်း ရေစင်ကျေးရွာမှ ရပ်မိရပ်ဖ ဦးခင်မောင်ဝင်းက ပြောသည်။

“ ကွေ့ချောင်းရွာမှာ မေလ ၁၅ ရက်နေ့က လူထု အစည်းအဝေး တစ်ခု ပြုလုပ်ပါတယ်။ အဲဒီ အစည်းအဝေးကို ကွေ့ချောင်း ၊ လယ်တီ၊ ဆေးခင်းတော ကျေးရွာတွေက ဆရာတော်သုံးပါးနဲ့ မဘသအဖွဲ့ဝင်ဆရာတော်များ၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ ရပ်မိရပ်ဖများ၊ ဒေသခံအမျိုးသ မီးများ စုစုပေါင်း ၁၀၀ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးကနေ ကျေးရွာ ၇ ရွာကို အရက်လုံးဝ ကင်းစင်တဲ့ ကျေးရွာတွေ အဖြစ် သတ်မှတ် ကျေညာခဲ့ပါတယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

ယင်းဆွေးနွေးပွဲအား နေ့လယ် ၁၂ နာရီခွဲမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် တက်ရောက် လာသူများမှ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးနောက် ထိုသို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ကျေးရွာ ၇ ရွာကို အရက်ကင်းစင်ကျေးရွာများ အဖြစ် သတ်မှတ် ကျေညာလိုက်ခြင်း အပေါ် အမျိုးသမီးထုက လုံးဝ ကြိုဆိုကြောင်း ဒေသခံအမျိုးသမီးများက ပြောဆိုသည်။

“ အရက်က ပိတ်မှကိုဖြစ်တော့မှာ။အရက်ကြောင့် လူမှု ဒုက္ခတွေကို အများဆုံးခံကြရတာက ကျမတို့ အမျိုးသမီး တွေလေ။ ကျမတို့ရွာ မှာဆိုရင် အိမ်ခြေ ၇၀ ရှိတယ်။ အိမ်ခြေ ၇၀ ရှိတဲ့ရွာလေးမှာ အရက်ဆိုင်က နှစ်ဆိုင် ရှိနေတယ်။အရက်ကြောင့် စီးပွားရေးလည်းအဆင်မပြေဘူး။ ရွာမှာအရက်သောက်ပြီးရန်ဖြစ်လို့ ဓါးထိုးခံရပြီး တစ်ယောက်သေဖူးသလို တစ်ယောက်လည်းရူးခဲ့ပြီ။ ဒါကြောင့်အရက်ပိတ်လိုက်တာ အရမ်း ဝမ်းသာသလို လုံးဝ ကြိုဆိုပါတယ်” ဟု ရေစင်ကျေးရွာနေ ဒေါ်ခင်ဝင်းရီနှင့် ဒေါ်နီနီမြတို့က နိရဉ္စရာသို့ ပြောဆိုသည်။

ယခင် အရက်ကင်းစင် ကျေးရွာ အဖြစ် သတ်မှတ်ထားသော ကျေးရွာများမှာ ဆင်ခေါင်း၊ ညောင်ခြေထောက်၊ ခမောင်းတုန်း၊ အင်ဒိုင်းကြီး၊ ချောင်းဝ၊ အလယ်ရွာ၊ ဆင်ကြပ် ကျေးရွာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံထဲမှ အရက်သောက်သုံးဆုံး စာရင်းဝင် ပြည်နယ် တစ်ခု ဖြစ်ပြီး အရက်ကြောင့် ရခိုင်တစ်မျိုးသားလုံး တစ်ခုလုံး လူညွှန့်တုန်းပြီး စီးပွားပျက်ကာ လူလုံးမလှ ဖြစ်လာကြသည့် အပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ နိမ့်ကျလာရသဖြင့် ယခုအခါ အမျိုးသားရေး အမြင်များဖြင့် အရက်ကို တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ပိတ်ပင်ရန် ကြိုးပမ်းမှုများ ရှိလာနေကြောင်း သိရှိရသည်။

No comments:

Post a Comment