Monday, May 4, 2015

ကိုပါကြီးအမှု သက်သေသုံးဦးကို စစစ်ပြီ

ခင်မြတ်မြတ်ဝေ

အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ ဧပြီ ၃၀ရက်တွင် ကျိုက်မရောတရားရုံး၌ သက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး မေ ၁၁ရက်တွင် ရုံးချိန် ထပ်မံချိန်းဆိုလိုက်သည်။

"ဒီနေ့သက်သေ (၃)ယောက်စစ်တယ်။ ၁၁ရက်နေ့ကိုတော့ အမကို စစ်မယ်လို့ပြောတယ်။ တရားရုံးက အကြောင်းမကြားလို့ ကျိုက်မရော မြို့နယ်ရုံး သွားမေးမှသိရတယ်။ တရားဥပဒေက မျှတမှုမရှိဘူး။ တရားသူကြီးမေးတော့လည်း ရုံးချိန်းအတွက် ပို့တယ်တဲ့"ဟုကိုပါကြီး၏ ဇနီးဖြစ်သူ ကိုသန္တာက မဇ္ဈိမကို ပြောသည်။

တရားရုံးတွင် မျက်မြင်သက်သေ နှစ်ဦး၊ တစ်ဆင့်ခံ သက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး အဖြေများမှာ ကွဲလိုမှု ရှိနေသည်ဟုလည်း ဆိုသည်။ ပထမ မျက်မြင်သက်သေ ဦးဖုန်းမြင့်ကမူ ကိုပါကြီးအား အအေးနှစ်ဗူး ဆင့်သောက်သည်ကို တွေ့ရှိ၍ ပြည်သူ့စစ်သို့ သတင်းပို့ခဲ့သည်ဟု ဆိုထားပြီး ဒုတိယ မျက်မြင်သက်သေကမူ ကိုပါကြီးအား မော်လမြိုင်မြို့သို့ ဆိုင်ကယ် ကယ်ရီဖြင့် ပို့ပေးခဲ့ရာ စက်လမ်းဝတွင် ပြည်သူ့စစ်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။ တဆင့်ခံ သက်သေကမူ ကိုပါကြီးကို ဖမ်းဆီးခံရမှသာ သိရသည်ဟု ထွက်ဆိုထားသည်။

ယခုကဲ့သို့ ဧပြီ ၃၀ရက်တွင် စစ်ဆေးမည်ကို တရားလိုဖြစ်သည့် ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာထံ အကြောင်းကြားခြင်း မရှိဘဲ ဒေသခံများက တစ်ဆင့်သာ ကြားသိရ၍ ဧပြီ ၂၉ရက်ညက ညတွင်းခြင်း ရန်ကုန်မှ မွန်ပြည်နယ်၊ ကျိုက်မရောသို့ သွားခဲ့ရသည်ဟု မသန္တာက ပြောသည်။

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကိုပါကြီးက ကင်းစောင့် စစ်သည်ထံမှ သေနတ်ကိုလုယူ ထွက်ပြေးသောကြောင့် အခြားကင်းစောင့်စစ်သည်က ပစ်ခတ်သဖြင့် သေနတ်ဒဏ် ရာဖြင့် သေဆုံးခဲ့သည်ဟု ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးတွင် မြုပ်နှံထားသည့် ကိုပါကြီး၏ အလောင်းကို နိုဝင်ဘာ ၅ ရက်တွင် တူးဖော်ကာ မော်လမြိုင်ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူခဲ့ပြီး နိုဝင်ဘာ ၇ ရက် မနက် ၈ နာရီခန့်တွင် မော်လမြိုင်မှ ရန်ကုန်မြို့ ရေဝေးသုသာန်သို့ သယ်ဆောင်ကာ နေ့ချင်းဂူသွင်းခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းကို မော်လမြိုင်ဆေးရုံကြီးတွင် မှုခင်းဆိုင်ရာ ဆရာဝန်များနှင့် စစ်ဆေးရာတွင် မေးစေ့ကိုအနီးကပ် ပစ်ထားသော ကျည်ဆံရာ၊ ရင်ဘတ်၊ နောက် ကျောနှင့် ပေါင်တွင် သေနတ် ဒဏ်ရာငါးချက်တွေ့ရှိကြောင်း ခွဲစိတ်ရာတွင်ပါဝင်သည့် မှုခင်းဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။

ကိုပါကြီး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရန် ဆန္ဒပြသည့် မန္တလေးမြို့မှ ကိုသိန်းမြင့်အောင်ကို ဧပြီ ၂၃ရက်က အလုပ်ကြမ်းနှင့် ထောင် ခြောက်လ ချမှတ်ခဲ့သည်။

No comments:

Post a Comment