သူဇာ
အာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားသူများ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သတင်း မီဒီယာသမား များကို ပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဖိနှိပ်လေ့ရှိပြီး အဖိနှိပ်ခံ တရားစွဲဆိုသူတို့ဘက်မှ ငွေကြေး တစုံ တရာ မယူဘဲ အခမဲ့ ရှေ့နေ လိုက်ပေးသူတဦး ရှိနေသည်။
အနက်ရောင် တိုက်ပုံအင်္ကျီဝတ်ဆင်ထားပြီး ကောင်းဘွိုင်ဦးထုပ်ကို ဆောင်ထားသော အဆိုပါရှေ့နေကို ဒီမိုကရေစီ လှုပ် ရှား သူ ကို စစ်ဆေးသော တရားရုံးများတွင် တွေ့မြင် ရလေ့ရှိသည်။ အာဏာပိုင်တို့၏ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု ၊ ဖမ်းဆီး ထောင်ချ မှုများ မကြာခဏဆိုသလို တွေ့ကြုံ ခဲ့ရသော်လည်း နောက်မဆုတ်ဘဲ အဖိနှိပ်ခံတို့၏ ဘက်မှ သူက မားမား မတ် မတ် ရပ်တည်ခဲ့သည်။ သူ့နာမည်က ရောဘတ်စန်းအောင်။ နာမည်ခပ်ဆန်းဆန်းနှင့် တရားလွှတ်တော်ရှေ့နေ ရောဘတ် စန်းအောင် ကို ဥပဒေလောကတွင် မသိသူနည်းပါးလှသည်။
တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေးကြောင်းသော်လည်း သူအများဆုံး လိုက်သော အမှုများက နိုင်ငံရေးနှင့် ပတ် သက် ဆက်နွယ်သော အမှုများသာ အများစုဖြစ်သည်။ အဖိနှိပ်ခံတို့၏ ဥပဒေ ဘက်တော်သား တရားလွှတ်တော် ရှေ့နေ ဖြစ်လာ စေရန် တွန်းအားတရပ်က သူ၏မိခင်ကြောင့်ဆိုလျှင် မမှားနိုင်ပေ။
“ အမေ မှာထားတာက သူများ သားမယား စော်ကားလို့၊ သူများ ပိုက်ဆံလိမ်လို့ သူများကို ထိုးလို့၊ ကျိတ်တဲ့ အမှုမျိုး မလိုက် နဲ့။ နိုင်ငံရေး လုပ်မယ်ဆိုရင် ပညာတတ် ဘွဲ့ရတယောက်ဖြစ်အောင် ကြိုးစားပြီး လုပ်။ လူမျိုးရေး၊ ဘာသာရေးနဲ့ မဆက်နွယ်နဲ့။ ဆက်နွယ်မိလို့ ရှိရင် ဟစ်တလာတို့လို အသေဆိုးနဲ့ သေရလိမ့်မယ်လို့ အမေမှာခဲ့တယ်” ဟု ဦးရောဘတ် စန်းအောင်က ဆိုသည်။
မိဘအသိုင်းအ၀ိုင်းက နိုင်ငံရေးနှင့်ပတ်သက်သော မိသားစုမဟုတ်ဘဲ ဦးရောဘတ်စန်းအောင်တဦးတည်းသာ တမိပေါက် တယောက် ထွန်းဆိုသလို အသက် ၁၆ နှစ်ကျော်ကျော်ကတည်းက နိုင်ငံရေးနယ်ပယ်တွင် တက်တက်ကြွကြွ ပါဝင်ခဲ့ သူ ဖြစ်သည်။
လမ်းမတော်မြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ရောဘတ်အမည်နှင့် တက် ရောက်ခဲ့ဖူး သည့် အတွက် နာမည်ရင်း ရှေ့တွင် ရောဘတ်ထည့်၍ ရောဘတ်စန်းအောင် အမည်နှင့်ပင် ၁၉၇၁ ခုနှစ်မှစ၍ နိုင်ငံရေး နယ်ပယ် တွင် ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သည်။
၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်အရေးအခင်းဖြစ်ပွားချိန်တွင် သချာင်္ဘာသာရပ် ဆည်းပူး နေသော ပထမနှစ် ကျောင်းသား အဖြစ် တက္ကသိုလ်တွင် တက်ရောက်နေချိန် ဖြစ်သည့် အတွက် အရေးအခင်းတွင် တက်ကြွစွာ ပါဝင် လှုပ် ရှား ခဲ့ရာမှ အင်းစိန်ထောင်တွင် ၂ လနီးပါး ပထမဆုံးအကြိမ် ထောင်နန်းစံခဲ့ရသည်။
“ဦးသန့်အရေးအခင်းမှာ ကျနော်က ပထမနှစ်ကျောင်းသား၊ ကျနော်ယူရတဲ့ အပိုင်းက ရိက္ခာ သွားကောက် ရတယ်။ နောက်ပြီး ညဘက်ကျ မှောင်ထဲမှာ ဆေးပေါ့လိပ်ကြီး ဖွာပြီးတော့ ကင်းစောင့် ရတာပေါ့ဗျာ” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
ထောင်မှ လွတ်ပြီးနောက် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် နိုင်ငံတော် ကောင်စီ ၀န် ဒေါက်တာ လှဟန် တို့ကတက္ကသိုလ် များတွင် လာရောက်ဆွေးနွေးစဉ် နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ၁၉၇၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ တွင် ထပ်မံ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဒုတိယအကြိမ် ထောင်မှ ပြန်လွတ်လာပြီးနောက်တွင်မူ တက္ကသိုလ်တက်ရောက်ခွင့် မရတော့ဘဲ ၁၉၇၆ ခုနှစ်တွင်မှ ပေါ် ပေါက် လာသည့် တက္ကသိုလ် စာပေးစာယူ သင်တန်းကို ဥပဒေဘာသာရပ်အထူးပြုဖြင့် တက်ရောက်ခွင့်ရရှိခဲ့သည်။ ဥပဒေ ဘာသာရပ် ပထမနှစ်သင်ကြားနေစဉ်မှာပင် သခင်ကိုယ်တော်မှိုင်း ရာပြည့်ပွဲ ကျင်းပရန် လုပ်ဆောင်မှုနှင့် တတိယ အကြိမ် အဖမ်း ခံခဲ့ရသည်။ အဖမ်းခံရာမှ ပြန်လည်လွတ်မြောက်လာပြီးနောက်သည့်တွင်လည်း စာသင်ကြားမှု ၃ နှစ် ရပ်ဆိုင်း ခံခဲ့ရပြန်သည်။
“စာပေးစာယူ သင်တန်းကနေ ထုတ်ပယ်ခြင်းခံရတဲ့အတွက် သုံးနှစ်ကျော်လောက် ပညာ သင်ကြားမှု ရပ်ဆိုင်းခံခဲ့ရတယ်။ နောက်ပြန်ရတယ်။ ၁၉၈၀ ခုနှစ်မှာ ပြန်ကျင်းပတဲ့ အထက်တန်း ရှေ့နေ စာမေးပွဲမှာ ၀င်ဖြေရင်း အောင်မြင်ခဲ့တဲ့အတွက် ဥပဒေ ဘွဲ့မရခင် အထက်တန်းရှေ့နေ အဖြစ်နဲ့ ရှေ့နေလောကကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကို နတ်မောက် ဦးလှသန်း ဆီမှာ အလုပ်သင်ရှေ့နေအဖြစ် ပညာသင်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ စာပေးစာယူနဲ့ ဥပဒေဘွဲ့ကို ရရှိပြီးနောက်ပိုင်းမှာ အဲဒီတုန်းက ဗဟိုတရားရုံးရှေ့နေ( အခု တရားလွှတ်တော် ရှေ့နေ) အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်”ဟု ဦးရောဘတ် စန်းအောင်က ဆိုသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မဆလ) ပါတီလက်ထက် တရားရုံးများတွင် မဆလ ပါတီ၏ သြဇာသက်ရောက်မှုများ ပြင်းထန် နေချိန် ဖြစ်သည့်အတွက် ဥပဒေအကာအကွယ်မဲ့နေမှုများအတွက် ပြည်သူများဘက်မှ အမှုလိုက်ပါ ဆောင်ရွက် ခဲ့ရာ မဆလ ပါတီ ၏ အငြိုးထားခြင်းကို ခံခဲ့ရသည်။
“ပြည်သူတွေဘက်က အမှုလိုက်တယ်ဆိုတော့ မဆလ ပါတီရဲ့ မုန်းတီးခြင်းကိုလည်း ခံရတယ်။ အာဏာပိုင်တွေရဲ့ မုန်းတီး ခြင်းကိုလည်း ခံရပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
ယင်းနောက်ပိုင်းတွင် ဖုန်းမော် အရေးအခင်းနှင့် ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အစပျိုးလာချိန်၁၉၈၈ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် နောက်ကွယ်မှ ကြိုးကိုင်ပြီး လှုပ်ရှားသူတဦးဟု အမည်တပ်၍ ထိန်းသိမ်းခံခဲ့ရသေးသည်။
“ ထောက်လှမ်းရေးပေါင်းစုံက တမင်သက်သက် သူတို့ မဆလ ပါတီကို ရှေ့နေလောကမှာ ဆန့်ကျင်တဲ့လူ အဖြစ် သတ် မှတ် ပြီး နှုတ်ပိတ်ဖို့အတွက် ထိန်းသိမ်းခံခဲ့ရတယ်။ ကျနော်တို့ကို ပြန်လွှတ်ပြီး နောက်တလလောက်မှာပဲ အင်းစိန် အကျဉ်း ထောင် အပါအ၀င် နယ်တော်တော် များများက အကျဉ်းထောင်တွေမှာ ထောင်တွင်းဆူပူမှုတွေဖြစ်ပြီး ပွင့်ကုန်တယ်။ တချို့ထောင်တွေမှာ အရေးကြီး စာရွက်စာတမ်းတွေ မီးရှို့ဖျက်ဆီးခံရတယ်။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် ထောင်ဖောက် တဲ့နေ့ဟာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၅ရက် ဖြစ်တယ်။ ၂၆ ရက် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံ ဘုရား အနောက်ဖက်မုဒ် လူထုတွေ့ဆုံပွဲမှာ ထောင်အသီးသီးက ထွက်လာခဲ့တဲ့ ခိုး၊ ဆိုး လုယက်သမားတွေက ပြည်သူ လူထု ကြားမှာ သူတို့ရဲ့ အငတ်ပြသနာကို နည်းမျိုးစုံနဲ့ ကျင့်သုံးတော့ မတည်ငြိမ်မှု မငြိမ်းချမ်းမှုတွေနဲ့ နောက်ဆုံး တန်ပြန် တော်လှန်ရေး သပိတ် ဆိုတဲ့ ထောက်လှမ်းရေးဘက်က လုပ်တဲ့ လုပ်ဇာတ်တွေနဲ့ လူသတ်မှုတွေကို တိုက်ရိုက် ကျူးလွန် ပြီး စတင်ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာလွှဲပေးခဲ့တယ်” ဟု ဦးရောဘတ် စန်းအောင်ကဆိုသည်။
ဦးရောဘတ်စန်းအောင်သည် နိုင်ငံရေး လှုပ်ရှားသူများ၊ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အမှု အခင်း များတွင် ရှေ့နေလိုက်ပေးနေရင်း ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရှေ့နေလိုင်စင် အသိမ်းခံခဲ့ရသည်။
“ရှေ့နေလိုင်စင်သိမ်းခံရတော့ နိုင်ငံရေး နယ်ပယ်မှာ ပြည့်ပြည့်၀၀ ၀င်ရောက်လှုပ်ရှားနေရင်းနဲ့ ၁၉၉၇ ဇန်န၀ါရီလ ၇ ရက် အင်္ဂါနေ့ မနက်ပိုင်းမှာ ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ABSDF ရဲ့ မြေအောက်လှုပ်ရှားရေးမှာ သတင်းယူသူ အဖြစ် အင်းစိန်ထောင်ဝန်းထဲမှာ မိသားစုနဲ့လည်း မတွေ့ရ၊ ရှေ့နေလည်း မငှားရဘဲ ပုဒ်မ ၅(ည)နဲ့ ပုဒ်မကြီး အမှတ် ၄၇/၉၇ နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတယ်” ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။
ထောင်တွင်း အကျဉ်းကျခံနေရစဉ်တွင် သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပြီးနောက် ၂၀၀၃ ခုနှစ် သြဂုတ်လ ၁၁ ရက် နေ့ တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ တရားဥပဒေ စိုးမိုးရေး ဆုံးရူံးနေမှုများ၊ တရားရုံးများ၏ မတရားမှုများကို ဆက်လက် ဖော်ထုတ် တိုက်ပွဲဝင်ခဲ့သည်။
သူထောင်ကျနေစဉ်အတွင်း ဖိနှိပ်မှု၊ နှိပ်စက်ညှင်းပန်းမှု အမျိုးမျိုး ကြုံတွေ့ခဲ့ရသော်လည်း သူ၏ နိုင်ငံရေးရည်မှန်းချက်နှင့် ရပ်တည်ချက်များမှာ ဆက်လက် ခိုင်မာအမြစ်တွယ်နေခဲ့သည်။ ဒီမိုကရေစီထွန်းကားမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံ တခု တိုးတက်ရေးနှင့် ပြည်သူများအားလုံး အေးချမ်းစွာ နေထိုင်စားသောက်နိုင်ရေးအတွက် အဓိက သော့ချက်ဖြစ် သည် ကို သူယုံကြည်လက်ခံထားသည်။
“ ကျနော့်ကို စစ်ကြောရေး ၀င်တုန်းက ၄ ရက်ဆက်တိုက် အစစ်ခံခဲ့ရတယ်။ အဲဒီတုန်းက ၂၄ နာရီမှာ ထမင်းကျွေးတာ လက်ဖက် ရည်ပန်းကန်လုံးနဲ့ တလုံးပဲ စားရတယ်။ ရေဆိုလည်း မတ်ခွက် တခွက်ပဲ ရတယ်။ ကျနော်တို့ကို ထားတဲ့ အခန်း ရှေ့မှာ ရေအိုးရှိတယ်။ ဒါပေမယ့် ရေအိုးအဖုံးကို တနေရာ၊ ရေခွက်ကို တနေရာ လက်လှမ်းမမှီတဲ့နေရာကို လွှင့်ပစ်ထား တယ်။ ရိုက်နှက်ခံရတာလဲ သွေးအလိမ်းလိမ်းပဲ။ အရမ်းရက်စက်ကြတယ်။ ရေငတ်လွန်းလို့ ရေတောင်းတော့ သူတို့က သောက်ရေသန့်ကို မြိန်ရေယှက်ရေ သောက်နေပြီး ကျနော့်ကိုတော့ လက်ညိုးထိုးပြတယ်။ အိမ်သာ ရေထည့်ထားတဲ့ အင်ဒုံခွက် မှာ သောက်ခိုင်းတယ်။ ကျနော်လည်း ရိုက်နှက်ထားတဲ့ဒဏ်တွေနဲ့ ရေအရမ်းငတ်နေတော့ အဲဒီမှာ ရှိတဲ့ အုန်းမှုတ်ခွက် နဲ့ သောက်မလို့လုပ်နေတုန်း ကျနော့်ကို ပိတ်ကန်တယ်။ နောက်ပြီး အုန်းမှုတ်ခွက်နဲ့ မင်းနဲ့ မတန်ဘူးပြောလို့။ အဲဒီ အတိုင်း ဖင်ဆေးတဲ့ ရေကိုပဲ လေးဘက်ထောင့်ပြီး ခွေးလို သောက်ခဲ့ရတယ်” ဟု သူက ပြောသည်။
ဦးရောဘတ်စန်းအောင်သည် ၄င်းဘ၀တလျှောက်တွင် နိုင်ငံရေး လှုပ်ရှားမှုများကို ယုံကြည်ချက်ဖြင့် လုပ်ကိုင်ရင်း ၆ ကြိမ် တိုင်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ထောင်ကျနေစဉ်အတောအတွင်းမှာလည်း အလကားမနေဘဲ ဥပဒေမဲ့ လုပ်ရပ်များ ကို သတင်းအချက်အလတ်များ ရနိုင်သလောက် စုံစမ်းမေးမြန်းခဲ့ရာ ယင်းမေးမြန်းမှုကြောင့် ကလေးထောင်တွင် ရှိနေစဉ် သေဒဏ်ပေးခံထားရသည့် ကလေးစစ်သားတဦးကို သူ ထောင်မှ လွတ်ချိန်တွင် ပြန်လည် ကယ်တင် နိုင်ခဲ့သည်။
သူကလေးထောင်တွင် ရှိနေစဉ် ဖြိုးစည်သူဆိုသော သေဒဏ်ကျ ကလေးစစ်သားတဦးအကြောင်းကို ကြားသိခဲ့ရပြီး အမှုကို ပြန်လည် စစ်ဆေးကြည့်သောအခါ မတရားသော အမှုတခုအဖြစ် တွေ့ရ၍ အမှုပေါ်ရေး အားထုတ်ခြင်းဖြင့် ယင်းကလေး စစ်သား ကို ပြန်လည် လွတ်မြောက်အောင် ကူညီနိုင်ခဲ့သည်။
ဖြိုးစည်သူသည် အသက် ၁၄ နှစ်နှင့် နှစ်လတွင် အိမ်နှင့် စိတ်ဆိုး၍ ခြေဦးတည့်ရာ ဆင်းလာခဲ့ရင်း သာကေတ အရောက် တွင် ဆိုက်ကားသမားတဦး၏ ခေါ်ဆောင်မှုကြောင့် ကလေးစစ်သားအဖြစ် စုဆောင်းခံလိုက်ရသည်။ ယင်းနောက် ရှေ့တန်း စခန်း ပါသွားရင်း ချင်းပြည်နယ်တွင် ဘိန်းစိုက်ခင်းများမှ ရသည့် ဝေစုကို ခွဲဝေယူရင်း အဝေမတည့် ဖြစ်ကာ တပ်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြိုးစည်သူ၏ ပစ်ခတ်မှုကြောင့် တပ်ရင်းမှူး ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းပြစ်မှု ကြောင့်ပင် သူ့ကို စစ်ခုံရုံးက သေဒဏ်အပြစ်ပေးခဲ့သည်။
“သူ ပစ်လိုက်တဲ့ ကျည်ဆံက တပ်ရင်းမှူးကို ထိသွားတယ်။ အဲဒီတုန်းက သူက ကလေးပဲ ရှိသေးတယ်။ သူသေဒဏ် ကျတဲ့ အချိန်က ၁၅ နှစ် မပြည့်သေးတဲ့အချိန်မှာ သေဒဏ်ကျတော့ အဲဒီအချိန်က ကလေးစစ်သားပဲ။ ဒါကြောင့် သူဆီက အချက် အလက်တွေ ယူပြီး အပြင်ထွက်လာတော့ သူ့မိဘကို ရအောင်လိုက်ရှာပြီးတော့ ILO နဲ့ ကြက်ခြေနီ အကူအညီ တွေနဲ့ ၂၀၁၁ ခုနှစ် စတင်ဘာလ ၁၁ နေ့မှာ ဖြိုးစည်သူ ထောင်က လွတ်လာခဲ့တယ်” ဟု ဦးရောဘတ်စန်းအောင်က ရှင်းပြ သည်။
ဦးရောဘတ်စန်းအောင်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ လိုင်စင် ပြန်လည် ရရှိ ခဲ့ပြီး မြန်မာပြည်အနှံမှ လယ်ယာမြေ ပြဿနာများ၊ ပြည်သူလူထု၏ လူ့အခွင့်အရေး ဆုံးရူံးမှုနှင့် သက်ဆိုင်သည့် အမှုကိစ္စ များကို ကူညီဆောင်ရွက်ပေးနေခဲ့ရာမှ ယခုအချိန်အထိ အမှုပေါင်း ၁၀၀ နီးပါးတွင် အခမဲ့ ရှေ့နေလိုက် ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
“လူတိုင်းက လူ့အခွင့်အရေးကို ခံစားခွင့် ရှိရမယ်။ ကျနော်တို့ ပြောနေတဲ့ လူ့အခွင့်အရေးဆိုတာက တရားဥပဒေမှာ ပါတဲ့ အခြေခံ အခွင့်အရေးကို ခံစားစေဖို့ပဲ။ သီးခြား အခွင့်အရေး အနေနဲ့ ဒံပေါက်ထုပ်ပေးပါလို့ တောင်းနေတာမဟုတ်ဘူး။ တရားခံ လို့ စွပ်စွဲခံရတဲ့သူတွေကို နေ့စဉ် ကြက်သားဟင်းနဲ့ ကျွေးပါလို့ မတော်လောဘနဲ့ တောင်းနေတာ မဟုတ်ပါဘူး။ တရား သဖြင့်ကို တောင်းတာ အဲဒါက လူ့အခွင့်အရေးပဲ” ဟု သူက ပြောသည်။
ယခုအချိန်ထိ တရားရုံးများတွင် နိုင်ငံရေးအမှုများ စစ်ဆေးရာတွင် တရားသူကြီးများ၏ နောက်ကွယ်တွင် အာဏာပိုင်များ၏ ကြိုးကိုင်မှုများရှိနေသေးသည်ဟု သူက ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၏ ပြည်သူဘက်မှ တသက်တာ ရပ်တည်၍ ဥပဒေစိုးမိုးရေး ဆောင်ရွက် မှု ကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများက ချီးမြှင့်သည့် Martin Ennals လူ့အခွင့် အရေးဆု အတွက် နောက်ဆုံးဆန်ကာတင်စာရင်းတွင် ထည့်သွင်းခြင်းခံထားရပြီး ဥရောပသမဂ္ဂက ချီးမြှင့်မည့်၂၇ ကြိမ်မြောက် Tipperary International Peace နိုင်ငံတကာ ငြိမ်းချမ်း ရေးဆုအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းနှင့်အတူ ဦးရောဘတ်စန်းအောင်ကို နောက်ဆုံး ဆန်ကာ တင်စာရင်းတွင် လျာထားခြင်းခံရကြောင်း သိရှိရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုနှင့် ဆုများချီးမြှင့်ခြင်းခံထားရသည့် ဦးရောဘတ်စန်းအောင်သည် ယခု အချိန်တွင် အသက် ၆၀ ကျော်အရွယ် ရှိနေပြီဖြစ်သော်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးလှုပ်ရှား သူများ၊ ကျောင်းသားများ၊ ပြည်သူများအပါအ၀င် အာဏာရှင်တို့၏ မတရားဖိနှိပ် ပုဒ်မတပ် စွဲဆိုသော အမှုအခင်းများ စစ်ဆေးရာ တရားရုံးများသို့ အားမာန်အပြည့်ဖြင့် ချီတက်ဝန်းရံနေဆဲဖြစ်ရာ အဖိနှိပ်ခံတို့၏ အားကိုးရာ အခမဲ့ရှေ့နေ ဥပဒေဘက်တော် သား တဦးအဖြစ် သမိုင်းတွင်ကျန်ရစ်မည်မှာ အသေအချာပင်ဖြစ်သည်။

No comments:
Post a Comment