Friday, May 29, 2015

အမေရိကန်ပြည်ထောင်စု IOWAပြည်နယ်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပ

ခိုင်ဘခင်

အမေရိကန်ပြည်စုတွင် ရခိုင်မိသားစု အများအပြား အခြေချနထိုင်သည့် IOWA ပြည်နယ် Des Moines မြို့တွင် ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြပွဲကို မေလ ၂၃-ရက်မှ ၂၄ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

မေလ ၂၃၊ ၂၄ ရက်နေ့ နှစ်ရက်တိုင်တိုင် အစီအစဉ် ၄ ခုဖြင့် ကျင်းပကြခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မီတီ အဖွဲ့ဝင်တဦးဖြစ်သူ ကိုမြင့်ခိုင်ကပြောသည်။

ထိုအစီအစဉ်များမှာ (၁)ရခိုင်ရိုးရာ ရထားဆွဲပွဲ (၂) ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ (၃) ရခိုင်ရိုးရာ သင်္ကြန်ပွဲ (၄) ဘောလုံးပြိုင်ပွဲ စသည့်တို့ဖြစ်ကြသည်။

ပွဲကျင်းရသည် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပွဲကျင်းပရေးကော်မီတီအဖွဲဝင်တဦးဖြစ်သူ ကိုမြင့်ခိုင်မှ ပြောသည်။

“ အမေရိကသို့ ရောက်ရှိလာကြတဲ့ ရခိုင်မိသားစုတွေထဲမှာ ခလေးတွေလည်းပါတယ်၊ ပြီးတော့ ဒီမှာမွေးခလေးတွေလည်းရှိတယ်၊ ဒီရခိုင်မိဖနှစ်ပါးကမွေးဖွားလာတဲ့ ခလေးတွေကို ရခိုင်လူမျိုးတွေမှာ ဒီလို ရိုးရာအားကစားနည်းတွေ၊ ရိုးရာပွဲလန်းသဘင်တွေရှိတယ်ဆိုတာကို ပြတဲ့သဘောလည်း ဖြစ်တယ်။ နောက်တခုက ရခိုင်လူမျိုးမှန်ရင် ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် ကိုယ့်ရိုးရာ ယဉ်ကျေးမှုအမွေ အနှစ်တွေကို ထိမ်းသိန်းတဲ့ သဘောဖြစ်အောင် စီစဉ် ကျင်းပရတာပါ” ဟု ပြောဆိုသည်။

ရခိုင်သင်္ကြန်ယိုင်းအကတွင် ပါဝင်ကပြသူတဦးဖြစ်သည့် IOWA, Des Moines အထက်တန်းကျောင်းသူ မသန်းသန်းဦးကလည်း…“သမီးက ရခိုင်သင်္ကြန်ကို တခါမှ မမြင်ဖူးဘူး ။ ရခိုင်ရိုးရာဝတ်စုံနဲ့ကရတာ အရမ်းပျော်ပါတယ်။ ပြီးတော့ စိတ်ထဲမှာ တမျိုးကြီး ခံစားရတယ်။ သမီးတို့ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေကိုလည်း သမီးတို့ ရခိုင်သင်္ကြကို လာကြည့်ဖိုဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့လည်း လာကြည့်ကြပါတယ်။ အဲဒါကြောင်း သမီးအရမ်းပျော်တယ်” ဟု ပြောဆိုသည်။

ကျင်နည်းပြတဦးဖြစ်သူ ကိုဦးသိန်းမောင်ကလည်း အခုလို တိုင်းတပါးမှာ ကိုယ့်ရိုးရာ ယဉ်ကျေးမှုတွေကို ဖေါ်ထုတ်ခွင့် ရတဲ့ အတွက် ၀မ်းသာဂုဏ်ယူမိကြောင်း၊ နောင်လာနောက်သားတွေကိုလည်း လက်ဆင့်ကမ်းလို၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အကနည်းပြ ဆရာမ တဦးဖြစ်သူ ဒေါ်နှင်းမိုးနွယ်ကလဲ “ ငယ်ငယ်လေးကတည်းက အမေရိကသို့ ရောက်လာကြတဲ့ ခလေးတွေက အများအားဖြင့် အမေရိက ယဉ်ကျေးမှုတွေနဲ့ ယဉ်ပါးသွားကြတာတွေများတယ်။ အဲဒီကြားထဲကပဲ ကိုယ့်ရိုးရာ ၀တ်စုံလေးကို ၀တ်လိုက်တဲ့အခါမှာ တမျိုးတမည်တော့ ခံစားချက်လေးတွေ ဖြစ်ပေါ်လာကြမှာပေါ့။ နောက်ပြီးတော့ သူတို့မိဖတွေက ရခိုင်လူမျိုးတွေဆိုတော့ ရခိုင်လူမျိုးတွေမှာ ဒီလို ၀တ်စားဆင်ယင်မှုတွေနဲ့ ရိုးရာအကလေးတွေရှိတယ်ဆိုတာကို သူတို့လေးတွေသိစေချင်တဲ့ သဘောလည်း ပါတယ်” ဟု ရှင်းပြ ပြောဆိုသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲသို့ IOWA ပြည်နယ်ရှိ ကရင်၊ ကယား၊ မွန်၊ စသည့် တိုင်းသားလူမျိုးများကလည်း သူတို့၏ ရိုးရာအကများဖြင့် အားဖြည့်ပါဝင် ခဲ့ကြကြောင်းသိရှိရသည်။ အမေရိကန်ပြည်ထောင်စု IOWA ပြည်နယ် Des Moines မြို့တွင် ရခိုင်လူမျိုးအပါအ၀င် မြန်မာတိုင်းရင်းသား ၁၀၀၀ ကျော်ခန့် အခြေချနေထိုင်ကြကြောင်းသိရသည်။

No comments:

Post a Comment