Tuesday, June 2, 2015

ရှစ် လ ကြာမြင့်လာပြီဖြစ်သော်လည်း ခိုတောင် လူသတ်မှု တရားခံများမှာ အထောက်အထားများကို ပြန်လည်စစ်ဆေးခွင့်ရရန် စောင့်ဆိုင်းနေရဆဲ

Mizzima

ထိုင်းနိုင်ငံတွင် ဗြိတိသျှလူမျိုး အပန်းဖြေခရီး ထွက်လာသူ စုံတွဲတစ်တွဲကို သတ်ဖြတ်မှုဖြင့် တရားစွဲခံနေရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက ၎င်းတို့သည် တရားခွင် မတင်မီတွင် မှုခင်းဆေးစစ်ချက် အထောက်အထားများကို လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်မရမည်ကို အလေးအနက် စိုးရိမ်မိကြောင်း ယနေ့ (ဇွန် ၁)တွင် ပြောကြားသည်။

တရားစွဲခံရသူ နှစ်ဦးဖြစ်သည့် ဇော်လွင်နှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးက စက်တင်ဘာလက ထိုင်းနိုင်ငံ၏ ခိုတောင် (Koh Tao)ကျွန်းပေါ်တွှင် အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မီလာကို သတ်ဖြတ်မှုနှင့် ဟန်နာ ဝစ်သရစ်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှုတို့အတွက် အပြစ်မရှိကြောင်း ထုချေလျှောက်လဲခဲ့သည်။

တရားခံရှေ့နေအဖွဲ့ကမူ အခင်းဖြစ်ပွားပုံမှာ ပယောဂများ ဝင်လျက် မသန့်စင်ဘဲဖြစ်နေကာ ၎င်းတို့၏ အမှုသည်များကိုလည်း နှိပ်စက်ညှဉ်းပန်း၍ ဝန်ခံခိုင်းထားသည်ဟု ပြောဆိုလျက် ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု အရည်အသွေးကို သံသယရှိကြောင်း ကာလကြာမြင့်စွာကပင် ပြောကြားထားခဲ့သည်။

ဧပြီလထဲတွင် အနီးအနားရှိ Koh Samui ကျွန်းပေါ်မှ တရားရုံးတစ်ခုက မျိုးဗီဇ ဒီအင်န်အေ (DNA) နှင့် သွေးကွက်များနှင့် ရှပ်အင်္ကျီတစ်ထည် ကဲ့သို့သော ရုပ်ပိုင်းအထောက်အထားများ အပါအဝင် ၎င်းတို့၏ အမှုသည်များအား စွဲချက်တင်ထားသည့် အထောက်အထားများကို လွတ်လွတ် လပ်လပ် စစ်ဆေးရန် တရားခံရှေ့နေများ၏ တောင်းဆိုမှုကို သဘောတူခွင့်ပြုခဲ့သည်။

သို့ရာတွင် တရားခံဘက်မှ ခေါင်းဆောင်ရှေ့နေ၏ ပြောကြားချက်အရ တရားခံရှေ့နေအဖွဲ့ကို တရားခွင် စတင်သည့် ပထမဆုံးနေ့ ဇူလိုင် ၈ ရက်ရောက်မှသာ အထောက်အထားများကို စစ်ဆေး နိုင်ခွင့် ရှိ မရှိ သိရလိမ့်မည်ဟု ရုံးတော်က ပြောကြားခဲ့သည်ဟု ဆိုသည်။

''တရားခံရှေ့နေတွေအဖို့ မှုခင်းဆေးစစ်ချက် အထောက်အထားတွေကို ပြန်လည်စစ်ဆေးမှုက ရလာတဲ့ အရေးကြီးတဲ့ သတင်း အချက်အလက်တွေကိုလည်း လိုအပ်သလို၊ တရားခွင် မတိုင်မီမှာ ဒီသတင်းအချက်အလက်တွေကို စဉ်းစားသုံးသပ်ဖို့ အချိန်လုံလုံလောက်လောက် ရဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအပူတပြင်း အခြေအနေကို အထူးပင် စိုးရိမ်မိပါတယ်''လို့ နာခွန် ချုမ်ဖူချတ်က ယနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

''မှုခင်းဆေးစစ်ချက် အထောက်အထားတွေက ဒီအမှုတွက် အခရာကျပါတယ်။ ဒီအထောက်အထားတွေကို ပြန်လည်စစ်ဆေးခွင့် မရဘူးဆိုရင်တော့၊ တရားခံ နှစ်ယောက်ရဲ့ သူတို့ အပေါ် စွဲဆိုထားတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ခုခံကာကွယ်နိုင်စွမ်းဟာ ပိတ်ဆို့တားဆီး ခံနေရပါလိမ့်မယ်''ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့ရာတွင် ယခုရက်သတ္တပတ် အဆုံးရက်များအထိ အထောက်အထားများကို ကြည့်ရှုစစ်ဆေးနိုင်ရန် ရုံးတော်နှင့် အဆက်အသွယ် အလှမ်းအကမ်းမှာ ဝေးကွာလျက်ပင် ရှိနေသေးသည်။

နှစ်ဦးစလုံး အသက်၂၂ နှစ်အရွယ် ကိုယ်စီဖြစ်ကြသည့် တရားခံများမှာ အောက်တိုဘာလက အဖမ်းခံရပြီးနောက် ပြစ်မှုကျူးလွန်ခဲ့ကြကြောင်း ဝန်ခံခဲ့ကြသော်လည်း နောက်ပိုင်းတွင် ခြိမ်းခြောက် အကြမ်းဖက်ခံရ၍သာ ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုကာ အပြစ်ရှိကြောင်း ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။

လူ့အခွင့်အရေးအုပ်စုများကလည်း မြန်မာနိုင်ငံသားနှစ်ဦးကို သူတစ်ပါး ကျူးလွန်သော ပြစ်မှုအတွက် ဓားစာခံများအဖြစ် အသုံးချခဲ့သည်ဟု ထိုင်းအာဏာပိုင်များကို စွပ်စွဲခဲ့ကြသည်။ သို့ရာတွင် ထိုင်းရဲနှင့် အစိုးရရှေ့နေဆွဲချများကမူ သူတို့၏ စုံစမ်းစစ်ဆေးမှုများနှင့် မှုခင်းဆေးစစ်ချက် အထောက်အထားများမှာ မှန်ကန်ခိုင်မာကြောင်း အခိုင်အမာ ခုခံကာကွယ်နေခဲ့ကြသည်။ အသတ်ခံရသူများ၏ မိသားစုများကလည်း တရားခံများ အပြစ်ကျူးလွန်ကြောင်း ထင်ရှားသည့် အထောက်အထားများကို တွေ့မြင်ခဲ့ရပြီးဖြစ်ကြောင်းနှင့် ဗြိတိသျှထောက်လှမ်းရေးများ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုကို ကြည့်ရှုလေ့လာခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသားနှစ်ဦးအား စွဲဆိုထားသည့် အမှုတွင် ယုံကြည်မှုရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။

မီလာနှင့် ဝစ်သရစ်တို့၏ ရုပ်အလောင်းများကို စက်တင်ဘာ ခိုတောင်ကျွန်းကမ်းခြေတွင် စက်တင်ဘာ ၁၅ ရက်က တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။ ရဲ၏ ပြောကြားချက်အရ နှစ်ယောက်စလုံးမှာ ထူထဲလေးလံသော တုတ်ဖြင့် ရိုက်သတ်ခံရခြင်းဖြစ်ပြီး ဝစ်သရစ်၏ ခန္ဓာကိုယ်တွင် လိင်ပိုင်း အစော်ကားခံရသည့် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။

ခို စမူအီကျွန်းပေါ်တွင် အောက်တိုဘာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စွပ်စွဲခံရသူ မြန်မာနိုင်ငံသား နှစ်ဦးစလုံးမှာ လူသတ်မှု၊ မုဒိမ်းမှုနှင့် လုယက်မှုများ အပါအဝင် စွဲချက်ပေါင်းများစွာကို ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့်နှစ် မေလကကို စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ လပေါင်းအတန်ကြာ နိုင်ငံရေး ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ထိခိုက်နစ်နာနေရသည့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ကွန်းခိုရာ ပုံရိပ်ကို ဤလူသတ်မှုက ထပ်တိုး၍ ပျက်ယွင်းသွားစေခဲ့သည်။

No comments:

Post a Comment