Tuesday, June 2, 2015

၂၀၁၅ ရွေးကောက်ပွဲ မကျင်းပခင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆို

ဇူးဇူး

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပခင် အကျဉ်းထောင်များအတွင်း ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က တောင်းဆိုလိုက်သည်။

ထိုတောင်းဆိုချက်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ ကျောင်းတိုက်တွင် မေလ ၃၀ ရက်မှ ၃၁ ရက် အထိ ပြုလုပ်သည့် တတိယအကြိမ်မြောက် ညီလာခံအပြီးတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က တောင်းဆိုခြင်း ဖြစ်သည်။

“နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲထည့်ထားခြင်းက ယနေ့မြန်မာ့နိုင်ငံရေးမှာ အလွန်အရေးကြီးနေတဲ့ အခန်းကဏ္ဍ တခုမှာ ပါဝင်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အဟန့်အတား ဖြစ်စေတယ်”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဧရာဝတီကို ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြည်တွင်းပြည်ပ ခရီးစဉ်များအတွင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ခရီးစဉ်၌ နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိစေရဟု ပြောကြားခဲ့သော်လည်း၊ အမှန်တကယ် ဖြစ်ပေါ်လာခြင်း မရှိဘဲ နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိဖြင့် ဖမ်းဆီးအကျဉ်းချခံ နေ ရသူများနှင့် တရားရင်ဆိုင်နေရသူ များစွာရှိနေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု ဦးထွန်းကြည်က ဆက်ပြော သည်။

နိုင်ငံရေး အကျဉ်းသား ပြဿနာသည် တရားဥပဒေ စိုးမိုးရေး လျော့နည်းမှု၊ ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်သေးခြင်း၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး လျော့ပါးနေခြင်းတို့နှင့် တိုက်ရိုက် သက်ဆိုင်နေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆို သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ပြဿနာသည် လျော့ပါးသွားခြင်း မရှိဘဲ တဖြည်းဖြည်း တိုးပွားလျက် ရှိနေ သေးကြောင်း၊ ယနေ့အချိန်အထိ ပြစ်ဒဏ်ပေးခံရပြီးသော နိုင်ငံရေး အကျဉ်းသား ၁၆၃ ဦး ရှိနေပြီး အမှုရင်ဆိုင်နေဆဲ ဦးရေသည် ၅၀၀ ကျော် ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆောင်ရွက်ရာတွင် ၎င်းတို့နှင့် ရည်ရွယ်ချက် တူသော အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည့်အပြင်၊ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) အပါအ၀င် ပြင်ဆင်ရန် လိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မများအား ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပြင်ဆင်ပေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး ပါဝင်သည့် ပြည့်စုံကျယ်ပြန့်သော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က တိုက်တွန်းထားသည်။

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် နိုင်ငံရေး အကျဉ်းသားဦးရေ ၁၀၀၀ ကျော်ရှိပြီး နိုင်ငံ ရေး အကျဉ်းသား မရှိတော့ဘဲ တည်ဆဲဥပဒေကို ချိုးဖောက်သည့် ရာဇ၀တ်သားများသာရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများဘ၀ ပြန်လည် ထူထောင်နိုင်ရေးတို့အတွက် ကူညီလုပ်ဆောင် ပေးလျက်ရှိသည့် အဖွဲ့အစည်းတခု ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ပထမအကြိမ် ညီလာခံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်က လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် လည်းကောင်း ရန်ကုန်မြို့၌ပင် ပြုလုပ်ခဲ့သည်။

No comments:

Post a Comment