Tuesday, June 2, 2015

စစ်ပွဲတွေကြားက ကိုးကန့် ဒေသ

ကျော်ခ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ အဖြစ် ရက် ၉၀ ထပ်မံတိုးမြှင့် လိုက်တဲ့ အတွက် ကိုးကန့်ဒေသဟာ သြဂုတ်လလယ်ပိုင်းထိ စစ်အုပ်ချုပ်ရေးအောက်မှာ ထပ်မံ ရှိနေဦးမှာ ဖြစ်ပါတယ်။

ကိုးကန့်ဒေသမှာ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကလည်းဆက်တိုက်ဖြစ်ပွားနေတဲ့ အခြေအနေတွေမို့ အိုးအိမ်စွန်ခွာပြီး တိုက်ပွဲတွေနဲ့ဝေးရာမှာ သွားရောက် ခိုလှုံ နေကြရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံဒုက္ခသည်တွေရဲ့ ရှေ့ရေးဟာလည်း ရင်လေးစရာပါ။

ဒေသမတည်မငြိမ်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးအောက်ကိုရောက်နေရတဲ့ ကိုးကန့်ဒေသခံတွေမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အဖက်ဖက်က ဆုံးရှုံးနစ်နာမှုတွေ ဖြစ်နေရပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ ကာလတွေ သက်တမ်းရှည်လာတာနဲ့ အမျှ ဒီဒဏ်တွေကို ခါးစည်းခံစားကြရမယ့်သူတွေဟာ အပြစ်မဲ့ဒေသခံများပါ။

ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တဲ့ ဖေဖော်ဝါရီလထဲက စပြီး ဒေသခံတွေဟာ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရတယ် လို့ ကိုးကန့်ယဉ်ကျေးမှု အဖွဲ့နာယက လည်းဖြစ် ကွမ်လုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဦးဟော်ရှောက်ချမ်း က ဆိုပါတယ်။

“ဒေသခံတွေ တအားနစ်နာတယ်။ ကျနော့်သက်တမ်းမှာ ဒီလောက်နစ်နာမှု တခါမှ မတွေ့ဖူးသေးဘူး။ ကျနော်တို့ ရှိတာတွေ အကုန်ပျက်စီးတယ်။ စိုက်ပျိုးထားတဲ့ ကြံတောင်မခုတ်နိုင်တော့ဘူး။ စီးပွားရေးဆို ဘာမှလုပ်လို့မရတော့ဘူးလေကွာ” လို့ ဆိုပါတယ်။

ကိုးကန့်ဒေသထဲက လောက်ကိုင်မြို့နယ်ဟာ စစ်ပွဲတွေရဲ့ ဇုန်ထဲမှာ ကျရောက်ခဲ့တယ်။ မြို့ပေါ်မှာပါ MNDAA မြို့ပြ ပြောက်ကျား တပ်တွေနဲ့ တပ်မတော်တို့အကြားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့လို့ မြို့ခံတွေ မှားပြီး အပစ်ခံရတာ။ ဖမ်းဆီးရိုက်နှက်ခံရတာတွေ ရှိခဲ့တယ်လို့ လောက်ကိုင်မြို့ခံလုပ်ငန်းရှင် တချို့ကပြောပါတယ်။

မြို့ပေါ်တိုက်ပွဲတွေ အရှိန်ပြင်းလာလို့ မြို့ခံတွေက အိုးအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြတော့ လောက်ကိုင် တမြို့လုံးလည်း ခါလီဖြစ်သွားခဲ့ရတယ်။ စစ်ပြေးဒုက္ခသည်ဘဝ ရောက်သွားရရှာတဲ့ မြို့ခံတွေဟာ တရုတ်နိုင်ငံဘက်အခြမ်းမှာ သွားရောက်ခိုလှုံနေကြရဆဲပါ။

တိုက်ပွဲတွေမဖြစ်ခင်ကာလက ကိုးကန့်ဒေသမှာ ဒေသတွင်း ကုန်သွယ်မှု၊ တရုတ်နိုင်ငံနဲ့ သွင်းကုန်၊ ထုတ်ကုန် လည်ပတ်မှုတွေ ကြောင့် စီးပွားရေး ပြေလည်ခဲ့ပေမယ့်လည်း တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်း ခဲ့ရသလို ဒေသတွင်း ကုန်သွယ်မှုတွေရပ်ဆိုင်းလိုက်ရလို့ ဒေသခံတွေရဲ့ ရေရှည်ရပ်တည်ရေး အတွက် အထူးစိုးရိမ်နေရတယ်လို့ ဦးဟော်ရှောက်ချမ်း က ပြောပါတယ်။

လောက်ကိုင်မြို့ပေါ်မှာ စာသင်ကျောင်းတွေ အကန့်အသတ်မရှိပိတ်ထားသလို ဈေးဆိုင်တွေလည်း ပြန်မဖွင့်နိုင်ကြသေးပါဘူး။ အရင်လို တအိမ်နဲ့ တအိမ်ကူးသန်းသွားလာဖို့ ကလည်း အကြောက်တရားတွေ လွှမ်းမိုးနေကြလို့ တိတ်ဆိတ်နေတယ်လို့ ဆိုကြပါတယ်။

ဒီလိုအခြေအနေတွေက လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာတင်မကဘဲ ချင်းရွှေဟော်နဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ ဒေသတွေမှာလည်း ရိုက်ခတ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

စစ်ပွဲဖြစ်ပွားရာနေရာအနီးက ကျေးရွာတွေဆိုရင် တရွာနဲ့ တရွာ ကူးသန်းသွားလာမှုတွေ မလုပ်ရဲ ကြတော့ သလို တောင်ယာ လုပ်ငန်းတွေကိုလည်း ရိတ်သိမ်း၊ ထွန်ယက်တာတွေ ထွက်မလုပ်ဖြစ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် ဖြတ်သန်း နေကြ ရတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တည်ငြိမ် အေးချမ်းမှု မရှိသေးတဲ့ အတွက် အရေးပေါ်ကာလတိုးမြှင့်ကြောင်း သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန် လိုက်ပါတယ်။

MNDAA နဲ့ အစိုးရ တပ်မတော်တို့ အကြား ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်နေ့က စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဖေဖော်ဝါရီ ၁၇ ရက် နေ့မှာ ကိုးကန့်ဒေသကို အရေးပေါ် အခြေအနေအဖြစ် ဦးသိန်းစိန်က ပထမအကြိမ် ကြေညာထားတာဖြစ်ပါတယ်။

ပထမ ကြေညာထားတဲ့ အရေးပေါ်ကာလဟာ မတ်လ ၁၇ ရက်နေ့မှာ ရက်ပေါင်း ၉၀ ပြည့်ပြီ ဖြစ်ပေမယ့် ကိုးကန့်ဒေသရဲ့ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေး စတဲ့ အခြေအနေတွေဟာ မူလအခြေအနေကို ပြန်မရောက်သေးတဲ့ အတွက် အရေးပေါ်အခြေအနေကို တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒေသမတည်မငြိမ်ဖြစ်နေတဲ့ ကိုးကန့်ဒေသကို သမ္မတ ဦးသိန်းစိန်က အရေးပေါ်အခြေအနေ တိုးမြှင့်လိုက်တာဟာ မှန်ကန်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ ဦးဟော်ရှောက်ချမ်း က ထောက်ခံပြောဆိုလိုက်ပါတယ်။

“စစ်တပ်က မအုပ်ချုပ်လို့လည်း မရဘူး။ အစိုးရက ဘာမှလုပ်လို့မှ မရသေးတာ။ မြို့ပေါ်မှာရော ကျေးရွာတွေဘက်မှာ ပါတည်ငြိမ်မှုက မရသေးဘူး။ ချောက်ချားနေရတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်” လို့ ဦးဟော်ရှောက်ချမ်းက ဆိုပါတယ်။

တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေတဲ့ အခြေအနေတွေကြောင့် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်လို့ မရတော့တဲ့ အပြင် ဒေသတွင်း သွားရေးလာရေးတွေမှာလည်း စစ်ဖြစ်နေတဲ့ ကာလအတွင်းမှာ ခြောက်ခြားမှုတွေ ရှိနေတုန်းပဲလို့ သူက ဆိုပါတယ်။

ဒုက္ခသည်တွေကို အာဏာပိုင်တွေဘက်က နေရပ်ရင်းပြန်လာကြဖို့ ပြောဆိုနေတာတွေရှိပေမယ့် ပြန်လာသူတွေရှိသလို စိုးရိမ်စိတ်တွေနဲ့ ဒုက္ခသည်စခန်းတွေဘက်ကို လှည့်ပြန်သွားကြသူတွေလည်း ကြုံနေရတယ်လို့ ကွင်းဆင်းမှတ်တမ်းယူနေတဲ့ ပလောင်(တအာင်း) ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(TSYO)ရဲ့ အထွေထွေအတွင်းရေးမှူး မိုင်းမျိုးအောင် က ပြောပါတယ်။

ဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံနေကြရတဲ့ ဒေသခံတွေကို နေရပ်ရင်းပြန်လာနေကြဖို့ အာဏာပိုင်တွေက ဖိအားပေးလို့ တချို့ပြန်လာခဲ့ကြပေမယ့် ရောင်းဝယ်ဖောက်ကားမှုတွေ အသက်မဲ့နေပြီး အိမ်အပြင်ထွက် သွားလာဖို့ရာလည်း ကျီးလန့်စာစား အနေအထားဖြစ်နေတယ်လို့ ကွင်းဆင်းမှတ်တမ်းယူနေကြတဲ့ လွတ်လပ်တဲ့ဒေသခံ အဖွဲ့အစည်းတချို့ကပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ဒေါ်ရွှေစင်မြင့် ကတော့ လောက်ကိုင် မြို့နယ် အပါအဝင် ကိုးကန့်ဒေသတွင်းက မြို့နယ်တိုင်းမှာ ကျန်မာရေးနဲ့ ကယ်ဆယ်ရေး အကူအညီလိုအပ်နေတဲ့ဒေသခံတွေကို အကူအညီတွေပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေနဲ့ ဒုက္ခသည်တွေ တွေ့ကြုံနေရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ သူကမပြောပါဘူး။

“ကျမတို့က လောလောဆယ်တော့ relief (ကယ်ဆယ်ရေး) နဲ့ပတ်သက်ပြီးအကူအညီတွေပေးပါတယ်။ အရင်တုန်းကတော့ သူတို့နေရပ်စွန့်ခွာတဲ့ အခါမှာ သူတို့လုံခြုံတဲ့နေရာကိုရောက်ဖို့အတွက် ကျမတို့က ကူညီပို့ဆောင်ပေးတာပေါ့နော်။ အခုပြန်ဝင်လာတော့လည်း သူတို့ပြန်လည်ထူထောင်ဖို့ကိစ္စတွေမှာ ကျမတို့က ကယ်ဆယ်ရေးပစ္စည်းတွေပေးတာပေါ့” လို့ ဒေါ်ရွှေစင်မြင့် က ပြောပါတယ်။

ကြက်ခြေနီအဖွဲ့တွေရဲ့ အကူအညီတွေဟာ လောက်ကိုင်နဲ့ တခြားမြို့ပြတွေပေါ်မှာသာ ရရှိပြီး မြို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေကို ရောက်ရှိဖို့ခက်ခဲနေလို့ ဒုက္ခရောက်နေတဲ့ ဒေသခံတော်တော်များများက အကူအညီတွေမရရှိကြဘူးဖြစ်နေတယ်လို့ TSYO ရဲ့ အထွေထွေအတွင်းရေးမှူး မိုင်းမျိုးအောင် က ဆိုပါတယ်။

“ဒုက္ခသည်က မြို့ပေါ်မှာတင်မဟုတ်ဘူးဗျ။ နယ်တွေမှာလည်းများတယ်။ နယ်မြေလုံးခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးအရ မရောက်နိုင်တဲ့ နေရာတွေအများကြီးရှိတယ်။ အဲဒီဘက်ကလူတွေကတော့ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ မရကြဘူး” လို့ဆိုပါတယ်။

တရုတ်နိုင်ငံထဲမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကတော့ တရုတ်အစိုးရရဲ့ အကူအညီတွေ အပြည့်အဝ ရရှိတဲ့ အတွက် အခက်အခဲ ကြီးကြီးမားမား မရှိပေမယ့် နယ်မြေမတည်ငြိမ်သေးဘဲ နေရပ်ရင်းပြန်လာတဲ့ ဒုက္ခသည်တွေရဲ့ ရေရှည် နေထိုင် စားသောက်ရေး အတွက်တော့ စိုးရိမ်တယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးဟော်ရှောက်ချမ်းက ပြောပါတယ်။

“ဟိုဘက်မှာက အကူအညီကောင်းကောင်းရနေတော့ အဆင်ပြေတာပေါ့။ ဒီဘက်မှာက ဘာအလုပ်မှ လုပ်လို့မှ မရတဲ့ အခြေ အနေပဲ ရှိသေးတော့ ကျန်းမာရေး မပြောနဲ့ ကိုယ့်ကိုယ်ကို ပြန်စောင့်လျှောက်ဖို့တောင်မလွယ်တော့ဘူးလေ” လို့ ဆိုပါတယ်။

စစ်ပွဲတွေရက်ဆက်ဖြစ်နေတဲ့ ကိုးကန့်ဒေသမှာ ခြောက်ခြားမှုတွေနဲ့ ကျီးလန့်စာစားအခြေအနေတွေရှိနေဆဲဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး၊ ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေတွေကတော့ နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းရေး အတွက် စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေး အရ ဆွေးနွေး သဘောတူညီချက်တွေရရှိဖို့က အရေးကြီးနေပါတယ်။

လက်ရှိအခြေအနေမှာတော့ ကိုးကန့်ဒေသအတွင်းမှာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ အတူ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က မဟာမိတ်အဖြစ်ပူးပေါင်းပြီး အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ကိုးကန့်ဒေသမှာ MNDAA နဲ့ အစိုးရ တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဦးသိန်းစိန်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာရှအာဖရိက ထိပ်သီး ညီလာခံ တက်ရောက်နေချိန် သီးခြားတွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့သေးပေမယ့် ခုချိန်ထိ ထူးခြားမလာသေးဘဲ တိုက်ပွဲတွေတာ ဆက်နေခဲ့တာပါ။

ကရင်အမျိုးသားအစည်း အရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာဒေသမှာ ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိပ်သီးညီလာခံကို ကျင်းပသွားဖို့ရှိပြီး အဲဒီညီလာခံမှာ MNDAA၊ TNLAနဲ့ AA တို့သုံးဖွဲ့ကို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အစိုးရကို တိုက်တွန်းရေး ထည့်သွင်း ဆွေးနွေးသွားဖို့ရှိနေပေမယ့် အစိုးရဘက်က မူလတွေ့ဆုံထားတဲ့ ၁၆ ဖွဲ့နဲ့ပဲ ကနဦး လက်မှတ်ထိုးဖို့ ပြင်ဆင်နေတဲ့အတွက် အခြေအနေတွေက မရေမရာမှာပဲရှိနေပါသေးတယ်။

လက်ရှိအခြေအနေမှာတော့ ကိုးကန့်ဒေသမှာ တပ်မတော်နဲ့ MNDAA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်နေကြတဲ့ နှစ်ဘက်အဖွဲ့တွေကလည်း နိုင်ငံရေးနည်းလမ်းအရ စာပွဲဝိုင်းပေါ်မှာ ဆွေးနွေးဖို့ကို ကျောခိုင်းပြီး လက်နက်နဲ့ ဖြေရှင်းနေကြတဲ့ အတွက် ဒေသတည်ငြိမ်အေးချမ်းရေး အခြေအနေဟာလည်း အလှမ်းဝေးနေရဦးမယ့် အခြေအနေကြောင့် ဒေသခံတွေအတွက် အရင်လိုအချိန်တွေပြန်လည်အသက်ဝင်လာဖို့ ဒုက္ခတွေကြားက မျှော်လင့်နေရုံမှတပါး …။

No comments:

Post a Comment