Tuesday, June 2, 2015

ရခိုင်တွင် မတရားအသင်း ဆက်သွယ်မှုဖြင့် အရေးယူခံရသူ ၃၁ ဦးထိမြင့်တက်

မင်းအောင်ခိုင်

ရက္ခိုင့် တပ်မတော်(AA)နှင့် ဆက်သွယ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံမှ သံသယ ရှိသူ ရခိုင်တိုင်းရင်းသား ၃၁ ဦး အထိ ရှိလာပြီဖြစ်ပြီး ၎င်းတို့ကိုမတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ (၂) တို့ဖြင့် တရားစွဲဆိုခံနေရကြောင်း သတင်းရရှိသည်။

ပုဒ်မ ၁၇ (၁) ၊ (၂) ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသားများမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီး တောင်၊ ရသေ့ တောင်၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ် စသည့် မြို့နယ်ပေါင်းစုံမှဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးခံ ရခိုင် တိုင်းရင်းသား အယောက် ၃၂ ဦး ထဲမှ ၃၁ ဦးကို တရားစွဲဆိုထားကြောင်း၊ ကျန် ၁ ဦးအား တရားစွဲတင်နိုင်ရေး အတွက် စစ်ဆေး မေးမြန်းနေကြောင်း၊ တရားစွဲဆိုခံထားရသူများကို ဇွန် ၂ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကျောက်တော်မြို့နယ် တရားရုံးတွင် ဒုတိအကြိမ်မြောက် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးခင်မောင် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ စစ်ဆေးကြည့်လိုက်တဲ့ အခါ ပုဒ်မ ၁၇ (၁)နဲ့ အကျုံးဝင်တဲ့သူ ရှိတယ်။ ၁၇(၂) ၀င် တဲ့သူ ရှိတယ် ။ သူတို့ရဲ့ လုပ်ရပ်၊ လုပ်ကွက်တွေကို ကြည့်ခြင်းအားဖြင့် မတရားအသင်း ဥပဒေနဲ့ ငြိစွန်း နေပါတယ်။ ဒါနဲ့ တရားစွဲတင်တာ ဖြစ်ပါ တယ်”ဟု ရဲမှူး ခင်မောင်က ပြောသည်။

တရားစွဲဆိုခံထားရသူများတွင် မင်းပြားမြို့နယ် င/စရိုင်းချောင်းကျေးရွာမှ အလယ်တန်းပြဆရာ ကိုရွေလုံး( ခ )ရွှေဇင်ဝင်း တစ်ဦးလည်း ပါဝင်ကြောင်း ၄င်းအမှုကို လိုက်ပါ ဆောင်ရွက် နေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြော သည်။

“ကျမတို့က ဒီအမှုအတွက် ဥပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားမှာပါ။ ဘာလုပ်မယ်၊ ဘာဖြစ်တယ်၊ တရားမျှတမှု မရှိဘူးဆိုတာမျိုးတွေ ဖော်ထုတ် မပြောချင်ဘူး။ ဥပဒေအတိုင်းပဲ ဥပဒေဘောင် အတွင်းကပဲ လုပ်ဆောင်မယ်”ဟု ဒေါ်အေးနုစိန်က ဆိုသည်။

ရခိုင်တိုင်းရင်းသား ၃၁ ဦးအမှုကို မေလ ၃ ရက်နေ့ ရမန်ရယူခဲ့ပြီး မေလ ၂၈ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ကြောင်း၊ တရားစွဲဆိုခံရသူများသည် ကျောက်တော် အခြေစိုက် အမှတ် (၉) စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်(စကခ-၉) နှင့် ကျော်တော်မြို့နယ်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တို့မှ ဖမ်းဆီးကာ ရဲတပ်ဖွဲထံသို့ လွှဲပြောင်းပေးလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

မတရားအသင်း အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်းတိုင်းရင်းသားများအတွက် မြောက်ဦးခရိုင် ရှေ့နေ အသင်းနှင့် ကျောက်တော်မြို့နယ် ရှေ့နေအသင်းတို့က အခမဲ့ ရှေ့နေ လိုက်ပါရန် စီစဉ်ဆောင်ရွက် နေကြောင်း၊ ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများကို သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုနေသည့်အပြင် ညအချိန် ကျေးရွာများတွင် အာဏာ ပိုင်များက ဧည့်စာရင်းများ လာရောက် စစ်ဆေးခြင်းတို့ကြောင့် ဒေသခံများမှာ စိုးရိမ် ကြောက်လန့် နေကြောင်း သိရှိရသည်။

ရခိုင်အမျိုးသားပါတီ၊ ကျောက်တော်မြို့နယ် အလုပ်အမှုဆောင် ဦးမောင်အေးစိုးက “ကျနော်တို့ဒေသခံတွေက တော တောင် ကိုမှီပြီး လုပ်စားနေရသူတွေ ဖြစ်တယ်။ ခုလိုမျိုး သံသယနဲ့ လိုက်ဖမ်းနေတော့ တောထဲကိုလည်း မသွားရဲ၊ မ၀င်ရဲဘူးဖြစ်နေရတယ်။ ညဘက်ဆို လည်း ဧည့်စာရင်း စစ်တာကတမျိုး တော်တော် စိတ်ထိခိုင်စရာပါပဲဗျာ”ဟု ဆိုသည်။

အစိုးရ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)တို့ကြား ၂၀၁၅ ခုနှစ်၊ မတ်လ၂၉ ရက်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဒေသခံ များမှာလည်း စစ်ရှောင်ဒုက္ခသည်များအဖြစ် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment