Tuesday, June 30, 2015

နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ကျခံရသူများကို နိုင်ငံရေးအကျဉ်းသား သတ်မှတ်ရန် တောင်းဆို

တင်ထက်ပိုင်

ပည်ထောင်စု လွှတ်တော်တွင် ရောက်ရှိနေသော အကျဉ်းထောင်များ ဥပဒေကြမ်းတွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ချမှတ်ခံရသူများကို “နိုင်ငံရေး အကျဉ်းသားများ” အဖြစ် ထည့်သွင်း၍ သီးသန့် အဓိပ္ပာယ် ဖွင့်ဆိုပေးရန် လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) က တောင်းဆိုလိုက်သည်။

FPPS နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ပူးပေါင်း၍ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် ဇွန်လ ၂၇ ရက်က ကျင်းပခဲ့သည့် “အကျဉ်းထောင် ဥပဒေနှင့် နိုင်ငံရေး အကျဉ်းသားများအရေး” ဆွေးနွေးပွဲ၌ FPPS ၏ အတွင်းရေးမှူး ဦးထွန်းကြည်က တောင်းဆိုခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနှင့် “ညီမျှခြင်း မြန်မာ” မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဦးထွန်းကြည်က “၁၈၉၄၊ ၁၉၀၀၊ ၁၉၂၀ ခုနှစ်တုန်းက ဥပဒေတွေကို အခု အကျဉ်းထောင်များ ဥပဒေမူကြမ်းနဲ့ ရုပ်သိမ်းလိုက်တယ် လို့ ပြောပြီးတော့ ဒီဥပဒေ မူကြမ်းထဲမှာပါတာက ရာဇဝတ် အကျဉ်းသားရယ်၊ တရားမ အကျဉ်းသားရယ်တော့ ဖော်ပြထားတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားရပ်က မပါဘူး။ မပါတဲ့အတွက် အဲဒီအပေါ်မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြင်းပြင်းထန်ထန် ဒီဟာကို ကန့်ကွက်တယ်”ဟု ဧရာဝတီကို ပြောသည်။

ယခင် ကိုလိုနီခေတ်က ပြဌာန်းထားသည့် The Prisons Act, 1894 (အကျဉ်းထောင်များ ဥပဒေ၊ ၁၈၉၄) ၊ The Prisoners Act, 1900 (အကျဉ်းသားများ ဥပဒေ၊ ၁၉၀၀) ၊ The Identifications of Prisoners Act, 1920 (အကျဉ်းသားများ ခွဲခြားသတ်မှတ်ခြင်း ဥပဒေ၊ ၁၉၂၀) တို့အား ယင်းဥပဒေကြမ်းဖြင့် ရုပ်သိမ်း၍ ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်သည်ဟု ဇွန်လ ၅ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ရေးသားထားသည်။

ယင်းဥပဒေကြမ်းတွင် “နိုင်ငံရေး အကျဉ်းသား” ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ထည့်သွင်းရန် လိုအပ်ရသည့် အဓိက အကြောင်း အရင်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများအရ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ်ချမှတ်ခံရသူများသည် ရာဇဝတ် ကျူးလွန် သူများနှင့် ပြစ်ဒဏ်အမျိုးအစား မတူသည့်အတွက် ရသင့်ရထိုက်သော ထောင်တွင်း အခွင့်အရေးများ ရရှိနိုင်ရန် ဖြစ်သည်ဟု “ညီမျှခင်း မြန်မာ” မှ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဦးအောင်မျိုးမင်း က ပြောသည်။

“သူတို့ဟာ သာမန် အကျဉ်းသားတွေ မဟုတ်တဲ့အတွက် သူတို့ရဲ့ နေထိုင်စားသောက်မှုတွေ၊ ရှေ့နေနဲ့ တွေ့ဆုံမှုတွေ၊ သူတို့ရဲ့ စားဝတ်နေရေး ကိစ္စတွေကို တခြားသူတွေထက် ပိုပြီးတော့ ဂရုစိုက်ပေးဖို့ တောင်းဆိုချင်တာပါ”ဟု ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်၍ “နိုင်ငံတကာ စံချိန်တွေမှာ ရှိထားသလိုမျိုး အဲဒီလူတွေမှာ ကျန်းမာရေးအရ အပန်းဖြေ အနားယူခွင့် ရှိရမယ်။ အစားအစာ ဘယ်လောက်ရှိရမယ်။ ပြီးရင် နေရာထိုင်ခင်း ဘယ်လောက်အထိ ရှိရမယ်ဆိုတာ အဲဒီ အသေးစိတ်တွေ မပါတဲ့အတွက် ပြင်ဖို့လည်း လိုအပ်သလို တချို့ ဖျက်သင့်တဲ့ အရာတွေလည်း အများကြီး ရှိပါတယ်”ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။

အစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိဟု နိုင်ငံတကာသို့ ကြေညာထားသော်လည်း လက်တွေ့တွင် နိုင်ငံရေး လှုပ်ရှားသူများကို ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူများအဖြစ် သတ်မှတ်ထားရာ ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ထည့်သွင်းနိုင်ပါက အစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ထောင်များတွင် ထိန်းသိမ်းထားကြောင်း ဝန်ခံပြီးသား ဖြစ်သွားလိမ့်မည်ဟု ဦးထွန်းကြည်က ပြောဆိုသည်။

ထို့အပြင် အကျဉ်းထောင်များသည် ပြည်ထဲရေး ဝန်ကြီးဌာန၏ အုပ်ချုပ်စီမံခွင့်အောက်တွင် ရှိနေခြင်းကလည်း ယင်း ဥပဒေကြမ်း၏ အဓိက အားနည်းချက်တခုဖြစ်သည်ဟု တက်ရောက်ဆွေးနွေးခဲ့သည့် ဒေါက်တာ ညိုညိုသင်းကလည်း ပြောသည်။

ဒေါ်ညိုညိုသင်းက“အမှန်တော့ အကျဉ်းထောင်ဟာ တရားစီရင်ရေးဌာနရဲ့ အောက်မှာပဲ ရှိရမယ်။ တရားစီရင်ရေး ဌာနဟာ လွတ် လပ် ဖို့ အရမ်းအရေးကြီးတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးက ရေးဆွဲတဲ့ ဥပဒေကြမ်းသာ ပြည်သူလူထုအတွက် ပိုပြီးတော့ သင့်တော်တာပေါ့”ဟု ဧရာဝတီကို ပြောပြသည်။

လူ့အခွင့်အရေး ရှုထောင့်မှ ကြည့်လျှင်လည်း ယင်းဥပဒေကြမ်းတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆို ချက်နှင့် ၄င်းတို့၏ အခွင့်အရေးများ မပါရှိသည့်အပြင် အကျဉ်းသားများ၏ အခြေခံ လိုအပ်ချက်များကို အသေးစိတ် ဖော်ပြမထားခြင်း၊ မသန်စွမ်း အကျဉ်းသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးသည့် အချက်အလက်များ မပါရှိခြင်း စသည့် အားနည်းချက်များ ရှိနေကြောင်းလည်း တက်ရောက် ဆွေးနွေးသူများက ပြောဆိုသည်။

ဒေါ်ညိုညိုသင်းက ဆက်လက်၍“အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဒီဥပဒေကို ကိုယ်တိုင်ဆွဲပြီးတော့ သက်ဆိုင်ရာ လွှတ်တော် တွေ မှာ လွှတ်တော်ကိုယ်စားလှယ် တဦးဦးက အစည်းအဝေးမစခင် တလကြိုတင်ပြီး ဒီဥပဒေကို ရေးဆွဲ တင်သွင်းလိုက်မယ်ဆိုရင် အစိုးရကလည်း သူ့ဥပဒေကို ချပြီးတော့ လွှတ်တော်ကော်မတီတွေက နှစ်ဘက်မျှတဲ့ ဥပဒေတခု ပေါ်ပေါက်ဖို့ သူတို့ ဆက်လက်ပြီး တော့ ကြိုးစားသွားနိုင်ပါလိမ့်မယ်”ဟု ပြောသည်။

အကျဉ်းထောင်များ ဥပဒေကြမ်းတွင် အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) အကျဉ်းထောင်များကို စီမံအုပ်ချုပ်ခြင်း၊ အခန်း (၃) အကျဉ်းသားများကို စီမံခန့်ခွဲခြင်း၊ အခန်း (၄) အကျဉ်းထောင်ပြစ်မှုများ၊ အခန်း (၅) ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း (၆) အထွေထွေတို့ ပါဝင်ပြီး ပုဒ်မပေါင်း ၆၉ ခုအထိ ပါရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။

No comments:

Post a Comment