Tuesday, June 2, 2015

လှေစီးဒုက္ခသည်များအရေး NLD သဘောထား ထုတ်ပြန်

နန်းလွင်နှင်းပွင့်

မန်မာ့ရေပိုင်နက်အတွင်း လှေစီးဒုက္ခသည်များ တွေ့ရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် လက်ရှိ အချိန်တွင် နယ်စပ်လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ဇွန် ၁ ရက်တွင် သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်၍ ပြောဆိုလိုက်သည်။

NLD ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ၎င်းတို့ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “အိန္ဒိယနိုင်ငံ နယ်စပ်တို့မှာဆို လူတွေ ၀င်ဖို့မလွယ်ဘူး၊ ခြံစည်းရိုးခိုင်ခိုင်တွေနဲ့ ကာထားတယ်၊ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အဲ့ဒီလိုလုပ်ဖို့ လိုတယ်၊ အခုကိစ္စက နယ် စပ် ဒေသ လုံခြုံရေး မကောင်းတာနဲ့ သွယ်ဝိုက်ဆက်စပ် နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။

မေလအတွင်း မြန်မာ့ရေပိုင်နက်သို့ လှေစီးဒုက္ခသည်များ ၀င်လာသည်မှာ ၂ ကြိမ်ရှိပြီ ဖြစ်သည်။ မေလ ၂၁ ရက်တွင် ရခိုင်ပြည်နယ် အနီးသို့ ရောက်ရှိလာခဲ့သည့် လှေစီးဒုက္ခသည် ၂၀၈ ဦးကို တပ်မတော် (ရေ)က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဝဲမြို့တွင် ယာယီစခန်း ဖွင့်လှစ်ပေး၍ ခိုလှုံ ခွင့်ပေးထားသည်။

အဆိုပါ ၂၀၈ ဦးသည် အလုပ်အကိုင်နှင့် အစာရေစာရှားပါးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်သည်ဟု မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အကြား အတည်ပြုပြီး ဖြစ်သော်လည်း ထိုလှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် မခေါ်သေးပေ။

မေလ ၂၉ရက်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် စက်လှေတစီးဖြင့် လှေစီး ဒုက္ခသည် ၇၂၇ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ အနီးရှိ သမီးလှကျွန်းသို့ ပို့ဆောင်ထားပြီး တပ်မတော် ရေတပ် က ၎င်းတို့ အစီအစဉ်ဖြင့် ကယ်ဆယ်ထားသည်ဟု သိရသည်။

မြန်မာ့ရေပိုင်နက်အတွင်းသို့ ရောက်ရှိလာသည့် လှေစီးဒုက္ခသည်များကို လုံခြုံရေးနှင့် သက်သောင့်သက်သာ နေနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပြီး နိုင်ငံတကာအကူအညီများလည်း ရယူ၍ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသည့် ပြဿနာများကို ကူညီဖြေရှင်းပေးပြီး မည်သည့်နိုင်ငံမှ ဖြစ်ကြောင်း စိစစ်ရန်လိုအပ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့အပြင် NLD က နယ်စပ်ဒေသ အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းစေရေးကိုလည်း ဦးစားပေး အဆင့်တွင် လုပ်ဆောင် သင့်သည်ဟု ဆိုထားသည်။

ဦးဝင်းထိန်က နယ်စပ်ဒေသတွင် အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး လုပ်ဆောင်ရမည်ဟု NLD က ပြောဆိုရခြင်း သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေဆဲ လူမျိုးရေး ပဋိပက္ခသည် နယ်စပ်ဒေသ တာဝန်ရှိသူတချို့၏ အဂတိ လိုက်စားမှုကြောင့် ဖြစ် သဖြင့် ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် ပြောဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။

လှေစီးဒုက္ခသည်များသည် မေလ အစောပိုင်းကတည်းကပင် မြန်မာနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အကြားရှိ ကပ္ပလီ ပင်လယ်ပြင်နှင့် မလက္ကာ ရေလက်ကြားတွင် စက်လှေများဖြင့် မျောနေခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ကုလသမဂ္ဂကမူ ထိုလှေစီးဒုက္ခသည်များထဲတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ(မွတ်စလင်)များ ပါရှိသည်ဟု ဆိုထားသည်။

No comments:

Post a Comment