Tuesday, June 2, 2015

၂၀၁၅ ရွေးကောက်ပွဲ USDP အောင်နိုင်ရေး ဦးရွှေမန်း ဦးဆောင်မည်

ထွန်းထွန်း

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) ဥက္ကဋ္ဌ နေရာတို့ကို ဦးရွှေမန်း က ဆက်လက် ဦးဆောင်သွားမည်ဟု ၄ ကြိမ်မြောက် ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။

USDP ပါတီ အတွင်းရေးမှူး ဦးသိန်းဆွေက“ပါတီကို ဦးရွှေမန်းရဲ့ ဦးဆောင်လမ်းညွန်မှုနဲ့ပဲ သွားဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြ တယ်။ လက်ရှိတော့ ပါတီရဲ့သမ္မတလောင်းကို ရွေးမှာ မဟုတ်သေးဘူး”ဟု မီဒီယာများသို့ ပြောသည်။

ယခင်က USDP ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦးသိန်းစိန်သည် သမ္မတ တာဝန်ထမ်းဆောင်ရန်အတွက် ပါတီ ဥက္ကဋ္ဌ နေရာမှ နုတ်ထွက်ခဲ့ပြီး နောက် ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် သူရဦးရွှေမန်းက ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဆိုပါက ဥပဒေ အရ သတ်မှတ်ထားသည့် အချိန်တွင် ပါတီကို ပြန်လည် အကြောင်းကြားကာ ဥပဒေများ အတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပါတီ၏ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောသည်။

ဦးသိန်းဆွေက“သမ္မတအနေနဲ့ ရွေးကောက်ပွဲ ပြန်ဝင်မယ်ဆို ဥက္ကဋ္ဌ နေရာ ပြန်ပေးဖို့က ပါတီညီလာခံမှာ ဆုံးဖြတ်ရမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

မေလအတွင်းက ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က သူကိုယ်တိုင် ရွေးကောက်ပွဲ ၀င်ရောက်မည့်အပြင် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တချို့လည်း ၀င်ရောက်နိုင်ဖွယ် ရှိကြောင်း ပြောဆိုထားသည်။

USDP သည် ယခင် စစ်အစိုးရလက်ထက်က တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သဖြင့် လက်ရှိ တပ် မတော် ခေါင်းဆောင်များသည်လည်း လက်ရှိ အာဏာရပါတီမှပင် ၀င်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ဒီအတိုင်း တပ်မတော်သားတွေကို ဆွဲထည့်လိုက်မှာ မဟုတ်ဘူး။ အောင်နိုင်မယ့် နေရာမှာ အောင်နိုင်မယ့် သူကိုပဲ ဆွဲထည့်မှာ။ တပ်မတော်က ဘယ်လောက်ပဲ ပေးပေး ကျနော်တို့ လက်ခံချင်မှ လက်ခံမှာပေါ့။ ပါတီ ရှိပါတယ်။ ပြည်သူရှိပါတယ်။ အားလုံးချပြပြီးတော့မှ လက်ခံနိုင်တဲ့သူကိုပဲ ရွေးမှာဖြစ်ပါတယ်”ဟု ဦးသိန်းဆွေက ပြောသည်။

USDP ပါတီ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ရှုံးနိမ့်မည်လည်း မဟုတ်ကြောင်း ပါတီခေါင်းဆောင်များက ထုတ်ဖော် ပြောဆိုသည်။

လက်ရှိ အချိန်တွင် ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် ကိုယ်စားလှယ် ရွေးချယ်ရေး ကိစ္စများကို ဦးစားပေး လုပ်ကိုင်နေပြီး လာမည့် ၂ ပတ်အတွင်း ကိုယ်စားလှယ်လောင်း အခြေခံစာရင်း ရရှိရန် ဆောင်ရွက်နေကြောင်း ပါတီခေါင်းဆောင်တချို့က ပြောသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ၀င်၊ မ၀င် တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း တပ်မတော်၏ ထောက်ခံမှု ရရှိထားသည့် ၎င်းအနေဖြင့် ရွေးကောက်ပွဲ ပြန်ဝင်လာနိုင်ကြောင်း ရခိုင် အမျိုးသားပါတီ နာယက ဦးအေးသာအောင်က သုံးသပ်သည်။

USDPအား သူရဦးရွှေမန်း ဦးဆောင်မည်ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် အတိုက်အခံ အင်အားစုများနှင့် ညွန့်ပေါင်း အစိုးရ ဖွဲ့လာနိုင်ခြေရှိသော်လည်း လက်ရှိလွှတ်တော်တွင် လုပ်ဆောင်မှုများသည် ပြောသလောက်ထိရောက်သည့် အနေအထားမျိုး မရှိသေးကြောင်းလည်း ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

ဦးအေးသာအောင်က“ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှာ ထိရောက်တဲ့ လုပ်ဆောင်မှုမျိုးမရှိဘူး။ သူဦးဆောင်လာလည်း သိပ်တော့ မျှော်လင့်စရာရှိမယ် မထင်ပါဘူး”ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနေဖြင့် USDP အား သူရဦးရွှေမန်း ဦးဆောင်လာသည့် အပေါ် ပြောစရာမရှိသော် လည်း ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးသည် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်နေကြောင်း NLD ဗဟို ကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။

USDP အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် တပ်မတော် အငြိမ်းစားများ နှင့် အခြား အရပ်သား ကိုယ်စားလှယ်များလည်း ပါဝင်လာမည်ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောဆိုသည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် ဆောင်ရွက်လျက်ရှိသည့် USDP ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၀ ရွေး ကောက်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် ကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယခုလည်း ဇေယျာသီရိမြို့နယ်မှပင် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment