Saturday, February 27, 2016

ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ပညာရေးနှင့် အောက်စ်ဖို့ဒ် အကူအညီ

မက်သယူး ရေ့ဇ်


၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလန်နိုင်ငံမှ အောက်စ်ဖို့ဒ် တက္ကသိုလ်က အရပ်ဘက် ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချထားခြင်းခံခဲ့ရသည့် အတွက် ၂၀၁၂ ခုနှစ်ကျမှသာ ပါရဂူဘွဲ့ကို ကိုယ်တိုင် သွားရောက် လက်ခံနိုင်ခဲ့သည်။

ဘွဲ့လက်ခံသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသူဘ၀မှ အမှတ်တရများကို ပြန်လည်ပြောခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ တက္ကသိုလ်ဘ၀ ပြန်လည်ရရှိသည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ပြန်ဖြစ်လာအောင် သူ၏ တက္ကသိုလ်ဟောင်း ဖြစ်သည့် အောက်စ်ဖို့ဒ် တက္ကသိုလ်က ကူညီမည်ဆိုပါက အလွန် ဂုဏ်ယူမိမည် ဖြစ်သည်ဟု သူက ဆိုခဲ့သည်။

“တခြားသူတွေကလည်း ပါဝင်နိုင်ဖို့အတွက် အရင်ထဲက စိတ်အားထက်သန်နေခဲ့ကြပါတယ်။ ဒါပေမယ့် ရထားက အဲဒီ အချိန်မှ စထွက်ခဲ့တယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ကျနော်တို့က ဖွံ့ဖြိုးရေးလုပ်နိုင်တဲ့ ကဏ္ဍတွေ အများကြီး ရှိပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်က ကမ္ဘာပေါ်မှာရှိတဲ့ တခြားတက္ကသိုလ်တွေထက် ပိုပြီးတော့ (မြန်မာနိုင်ငံမှာ) သိသာထင်ရှားတဲ့ အကျိုးအမြတ် တွေရရှိစေနိုင်မယ့် ပြိုင်ဘက်ကင်း ပူးပေါင်းဆောင်ရွက်မှု တခုကနေတဆင့် လုပ်ဆောင်နေပါတယ်” ဟု အောက်စ်ဖို့ဒ် တက္ကသိုလ် နိုင်ငံတကာ နည်းဗျူဟာ အရာရှိ Ed Nash က ပြောသည်။

နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာရန် အလားအလာ ကောင်းလာသည်ကို သိသိသာသာ မြင်တွေ့လာရသည်။ သို့သော်လည်း ယခုအချိန်အထိ မည်သည့် အောင်မြင်မှုများ ရရှိခဲ့ပြီး ဖြစ်သနည်း။ မည်သည့် အခြေအနေသို့ ဦးတည်နေသနည်း။

ကနဦး ပူးပေါင်းဆောင်ရွက်မှုများက ရန်ကုန်တက္ကသိုလ်ကို အဓိက ဦးတည်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး ကဏ္ဍ၏ အမြင့်ဆုံးကျောင်းဖြစ်သည့် ရန်ကုန်တက္ကသိုလ်သည် ကျောင်းသားဆန္ဒပြပွဲများကြောင့် ၁၉၉၆ ခုနှစ်မှစ၍ ဘွဲ့ကြိုတန်းများ ဖွင့်လှစ်သင်ကြားခြင်းမှ ကာလကြာရှည်စွာ ပိတ်ထားခဲ့ရသော်လည်း ထိုနေရာမှ စတင်၍ ချဲ့ထွင်ဆောင်ရွက်နိုင် လိမ့်မည်ဟု သဘောထားခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ဒုတိယ ပါမောက္ခချုပ်၊ စာကြည့်တိုက်မှူး၊ မြန်မာစာ၊ ဓာတုဗေဒ၊ သမိုင်း၊ ဥပဒေနှင့် သတ္တဗေဒ ဌာနမှူးများ အပါအ၀င် ရန် ကုန်တက္ကသိုလ်မှ ထိပ်တန်း တာဝန်ရှိသူ ၁၂ ဦးတို့ အောက်စ်ဖို့ဒ် တက္ကသိုလ် သို့ ၂ ပတ်ကြာ သွားရောက် လေ့လာခဲ့ကြပြီး စီမံကိန်းများ၊ ကျောင်းသား ကျောင်းသူ ထောက်ပံ့ရေး၊ သင်ရိုးညွှန်းတန်းနှင့် သုတေသန ဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်ဘက်မှ အဖွဲ့ကို ဒုတိယ အဓိပတိ (ဖွံ့ဖြိုးရေးနှင့် ပြင်ပရေးရာ) Nick Rawlins က ဦးဆောင်ခဲ့ပါသည်။

ဆွေးနွေးခဲ့သည့် စီမံကိန်း အများအပြားကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့သည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သတ္တဗေဒ ပညာရှင်များက မြန်မာပညာရှင်များနှင့် ပူးပေါင်း၍ ရှားပါးသော ကျားသစ်လည်ပြောက် (clouded leopard) ကို မြန်မာ့ သစ်တောများ အတွင်းတွင် ခြေရာခံနိုင်ခဲ့သည်။ (earth sciences) ကမ္ဘာမြေ သိပံ္ပဌာနက ဘူမိဗေဒ ပညာ ပြန်လည် ဦးမော့လာရန် စတင် ဆောင်ရွက်ပေးခြင်းကလည်း ပြည်တွင်း ပညာရှင်တို့၏ စွမ်းရည်ကို တည်ဆောက်ပေးနိုင်သည့် နည်းလမ်းတခု ဖြစ်ခဲ့သည်။

ယခု အခါ အောက်စ်ဖို့ဒ် တက္ကသိုလ် စိန့်အန်ထော်နီ (St. Antony) ကောလိပ်တွင် ခေတ်သစ်မြန်မာနိုင်ငံဆိုင်ရာ လေ့လာရေး အစီအစဉ်တခု ၂၀၁၃ ခုနှစ်ကတည်းက ရှိနေပြီး ဒေါက်တာ Matthew Walton က ဦးဆောင်ပါသည်။ နောက်တနှစ်တွင် မြန်မာအမျိုးသမီး ဒေါ်ခင်မာမာကြည်ကို အောက်စ်ဖို့ဒ် တက္ကသိုလ် လေဒီမာဂရက်ဟောလ် (Lady Margaret Hall) ကောလိပ် မှ International Gender Studies Centre ၏ မြန်မာနိုင်ငံလေ့လာရေး အစီအစဉ်တွင် သုတေသီအဖြစ် ခန့်အပ်ခဲ့ပါသည်။

သို့သော်လည်း ဖွံဖြိုးရေး အစီအစဉ် အများစုမှာ တင်းကျပ်သည့် စည်းကမ်းများအောက်တွင် ဆောင်ရွက်နေကြရပါသည်။

၂၀၁၃ ခုနှစ်တွင် အောက်စ်ဖို့ဒ် တက္ကသိုလ်၊ ဥပဒေဌာနမှူး ပါမောက္ခ Timothy Endicott ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့ရာ တက္ကသိုလ်စာကြည့်တိုက်၌ အရေးပါသည့် ဥပဒေ အစီရင်ခံစာများ မရှိသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် သူက မိတ္တူများရှိပါက ကြည့်ခွင့်ပြုရန် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ Bodleian သုတေသန စာကြည့်တိုက်များကို မေတ္တာရပ်ခံခဲ့ရသည်။ သူတို့တွင် အပိုများ အစုံလိုက်ရှိသဖြင့် အစီရင်ခံစာ ၅၀၀၀ ကို သေတ္တာ ၃၀၀ ခန့်ဖြင့် ထည့်သွင်း၍ ပို့ဆောင်ခကိုပါ ကျခံ၍ ပို့ပေးခဲ့ကြောင်း ဥပဒေဆိုင်ရာ စာကြည့်တိုက်မှူး Ruth Bird က ပြန်ပြောပြသည်။ သစ်တော ကဏ္ဍကဲ့သို့ သော အခြား ကဏ္ဍများနှင့် သက်ဆိုင်သည့် စာအုပ် ၃၆၀၀ ကိုလည်း Radcliffe Science စာကြည့်တိုက်က လှူဒါန်းခဲ့သည်။

အင်္ဂလန် ဥပဒေရေးရာ ပါမောက္ခ Andrew Burrows သည်လည်း မြန်မာနိုင်ငံကို ကာလကြာမြင့်စွာကတည်းက စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့တွင် နစ်နာမှုနှင့် ပဋိညာဉ် စာချုပ်ဆိုင်ရာ ဥပဒေများကို တပတ်ကြာ ပို့ချသင်ကြားပေးခဲ့သည်။

“အဓိက ပြဿနာကတော့ အစဉ်အလာတခုဖြစ်နေတဲ့ အလွတ်ကျက် လေ့လာခြင်းပဲ။ ကျောင်းသားတွေက ဥပဒေတွေကို အလွတ်ဆိုပြနိုင်ကြတယ်။ ဒါပေမယ့် ဘယ်လို အသုံးချနိုင်တယ်ဆိုတာကို နားမလည်ကြဘူး” ဟု Andrew Burrows က ပြောသည်။ ထို့ကြောင့် Andrew Burrows အနေဖြင့် အပြန်အလှန်ဆွေးနွေးသင်ကြားသည့်စနစ် (interactive teaching) ကို စတင်ဖို့ ဖြစ်လာသည်။ မေးခွန်းများ အများအပြား မေးခြင်း၊ ဖြစ်နိုင်ချေ ဥပမာများပေးခြင်းတို့ ပြုလုပ်ပြီးနောက်တွင် စိတ်အားထက်သန်မှုများ တဖြေးဖြေးနှင့် စတင်ပေါ်ပေါက်လာသည်။

Andrew Burrows အတွက် မြန်မာနိုင်ငံမှ ရရှိခဲ့သော အတွေ့အကြုံများအရ ၁၈၇၂ ခုနှစ်တွင် ဗြိတိသျှတို့ ရေးဆွဲခဲ့သည့် 1872 Contract Act (ပဋိညာဉ် စာချုပ်ဥပဒေ) ကဲ့သို့ ခေတ်ဟောင်းဥပဒေများ အများအပြား မြန်မာနိုင်ငံတွင် ရှိနေသည်ကို သတိထားမိစေခဲ့သည်။ တရားရေးစနစ်သည် အစဉ်အလာများပေါ်တွင် အခြေခံထားပြီး ဥပဒေကို ၁၉၆၅ ခုနှစ် အထိ အင်္ဂလိပ် ဘာသာ ဖြင့် ရိုတ်နှိပ်ထုတ်ဝေခဲ့သော်လည်း မြန်မာနိုင်ငံ၌ပင် ရှာဖွေရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် တော့ ရနိုင်ပါသေးသည်။ ထို့ကြောင့် “မြန်မာနိုင်ငံမှာ ပဋိညာဉ် စာချုပ်ဥပဒေ ကို ဘယ်သူမှ ကောင်းကောင်း မသိကြတော့ဘူး။ ဒီတိုင်းပြည်မှာ တရားရေးစနစ်တခုကို ဥပဒေစာအုပ်တွေမရှိဘဲ ဆောင်ရွက်နေကြ တယ်” ဟု Andrew Burrows က ပြောသည်။

သူ၏ လုပ်ဖော်ကိုင်ဖက် အပြည်ပြည်ဆိုင်ရာ ဥပဒေပါမောက္ခ Adrian Briggs ကလည်း မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် က လာရောက် ပို့ချသင်ကြားပေးခဲ့သည်။ သူက ကွဲပြားသော တရားရေးစနစ်များကြားမှ ပဋိပက္ခများကို အထူးပြုလေ့လာသူ ဖြစ်သည်။

No comments:

Post a Comment