Friday, February 26, 2016

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရန် ကမ္ဘာ့ဘဏ် အစိုးရသစ်ကို ဆက်ကူညီမည်

မဇ္ဈိမ

ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်နှင့် လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆက်လက် ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန် ထရော့စင်းဘာ့ဂ် နှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် မစ္စတာ အက်ဇဲလ်က ကတိပြုခဲ့သည်။

ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်တွင် ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရထိပ်ပိုင်းအရာရှိများ ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့ရာတွင် ကတိပြုခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

 လက်ရှိအစိုးရလက်ထက် ၂၀၁၁ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ပျမ်းမျှ ၇ရာခိုင်နှုန်းခန်ပ ရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်အတွင်း အသွင်ကူးပြောင်းမှုတွင် စီးပွားရေးတိုးတက်မှုကို သိသိသာသာ တွေ့မြင်ခဲ့ရကြောင်း ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 "ဒါဟာ အရှေ့အာရှရဲ့ အမြန်ဆုံးစာရင်းဝင်ပါပဲ။ မြန်မာနိုင်ငံဟာ အခုဆိုရင် နေရာဒေသအနှံ့အပြားရှိ တိုင်းရင်းသားလူမျိုးစုပေါင်းစုံနဲ့ ၀င်ငွေ အနည်း အများ ကွဲပြားမှု အမျိုးမျိုးရှိတဲ့ ပြည်သူတွေ အများအပြားအတွက် အကျိုးရှိစေမယ့် နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေဆီ တက်လှမ်းဖို့ အခွင့် အရေးရှိနေပါပြီ။ ကမ္ဘာ့ဘဏ်အနေနဲ့ အစွန်းရောက်တဲ့ ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ပြီး အားလုံးမျှဝေပိုင်ဆိုင်တဲ့ သာယာဝပြောမှုတွေ ရရှိအောင် စွမ်းဆောင်ပေးမယ့် ရေရှည် နည်းလမ်းတွေကို မြန်မာနိုင်ငံအစိုးရ နဲ့မြန်မာပြည်သူတွေထံကို ဆက်လက်ကူညီပံ့ပိုးသွားမှာပါ” ဟု ဗန်ထရော့စင်းဘာ့ဂ်က ပြောသည်။

 ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်တွင် တွေ့ဆုံမှုအတွင်း စီးပွားရေးမူဝါဒများကို အဓိက ဆွေးနွေးခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

No comments:

Post a Comment