Wednesday, February 24, 2016

ဘိန်းခင်းများ တိုက်ဖျက်ရေး ခွင့်ပြုချက်အတွက် စိတ်ရှည်စွာစောင့်ပေးရန် ကချင်ရဲတပ်ဖွဲ့ပြော

ဖနိဒါ

ဘိန်းခင်းများ တိုက်ဖျက်ရေး ခွင့်ပြုချက် ရရှိရေးအတွက် စိတ်ရှည်စွာ စောင့်ပေးရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အား ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။ ဝိုင်းမော်မြို့မှ ၁၀ မိုင်ကျော် အကွာအဝေးရှိ ဝါရှောင်ကျေးရွာအထက် ဆဒုံး၊ ကန်ပိုင်တီ သွားသော ကားလမ်းပေါ် အစိုးရ စစ်တပ်စခန်းမှ ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်၍ ဖြတ်သန်းခွင့် ပိတ်ပင်ထားရာမှ ဖေဖော်ဝါရီ ၁၉ရက်တွင် ရဲတပ်ဖွဲ့က ခေါ်ပြောခြင်းဖြစ်သည်။

 “စိတ်ရှည်စွာ သီးခံပေးဦးလို့ ပြောတယ်။ စိတ်ရှည်ဖို့ပဲ ပြောတယ်။ အထက်က အမိန့် ခွင့်တောင်းထားတယ်လို့ ပြောတယ်။ကျနော်တို့ကတော့ စိတ်ရှည်တယ်။ ဟိုမှာ ပိတ်နေတဲ့လူတွေက စိတ်မရှည်တော့ဘူး။ သူတို့ကို အားပေးစကားပြောပြီး အဖြေ စောင့်ရုံပဲ ရှိတာပေါ့”ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်စွန်က မဇ္ဈိမကို ပြောသည်။

 လက်ရှိ ဝိုင်းမော်မြို့နယ် ဆဒုံး၊ ကန်ပိုင်တီလမ်းမပေါ်တွင် ပိတ်မိနေသော ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အင်အား ၂၀၀၀ ကျော်မှာ ယာယီတဲများဖြင့် အိပ်နေရသဖြင့် အဆင်မပြေမှုများ ရှိနေသည်ဟု သူက ပြောသည်။ “ကျနော်တို့ကတော့ ဒီအတိုင်းပဲ စောင့်နေရသေးတယ်။ လောလောဆယ်တော့ မြေကြီးပေါ်မှာ အိပ်နေရတယ်။ တခြား အခက်အခဲတော့ သိပ်မတွေ့ရသေးဘူး။ နယ်ခံ ခရစ်ယာန်အသင်းတော်တွေ လာရောက်ပေးကမ်းတာတွေရှိတယ်”ဟု ဒေါက်တာ ခလမ်ဆမ်စွန်က ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်က ကချင်ပြည်နယ် အစိုးရ ဌာနဆိုင်ရာမျာ့းနှင့် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် အစိုးရတပ်မတော်ဘက်မှ တားဆီးပိတ်ပင်ထားခြင်း မရှိကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်က အဓိက ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။ ယနေ့တွင်လည်း ကချင်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အား ပြန်လည်ခေါ်ယူ၍ ဖြတ်သန်းခွင့်ရရန်အတွက် စိတ်ရှည်၍ စောင့်ရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှစတင်၍ တနိုင်း၊ ပူတာအို၊ ကန်ပိုင်တီ ဒေသများရှိ ဘိန်းခင်း ဧက ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့သည်။ ကန်ပိုင်တီဒေသတွင် ဘိန်းခင်း ဧက သောင်းချီ ကျန်ရှိနေသေးသဖြင့် ဒုတိယအကြိမ် သွားရောက် ဖျက်ဆီးရန် ကြိုပမ်းနေခြင်း ဖြစ်သည်။

No comments:

Post a Comment