Wednesday, February 24, 2016

ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်အေး အပါဝင် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲပြုလုပ်

ကျော်ဝင်း


ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဌ ဦးမောင်အေး အပါဝင် ရခိုင်ပြည်အနှံ့ ဖမ်းဆီး ခံထားသူများ လွတ်မြောက်ရေး အတွက် ဂုံးချိန်ကျေးရွာ၊ ပေါ်တော်မူ ကံ့ကော်တောဘုရားတွင် ၀တ်ပြု ဆုတောင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ယင်းဆုတောင်းပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျောက်ဖြူဒေသခံများနှင့် ဆရာတော်သံဃာတော်များမှ ၀တ်ပြုဆုတောင်းခဲ့ကြခြင်းဖြစ်သည်။

ကိုမောင်အေးနှင့် မတရားအဖမ်းခံရသူများအမြန်ဆုံးလွတ်မြောက်ပါစေ၊ ကိုမောင်အေးနှင့် မတရား အဖမ်းခံရသူများ မိသားစုများနှင့်တွေ့ခွင့်ရပါစေ၊ ကိုမောင်အေးနှင့် မတရားအဖမ်းခံရသူများ ဥပဒေ၏ အကာအကွယ်ကိုရရှိကြပါစေ၊ ကျွုန်ုပ်တို့သည် မတရားအဖမ်းခံရသူများဖြစ်သည် စသည့် ဗီနိုင်း ပိုစတာများကိုကိုင်ဆောင်ပြီး ကံ့ကော်တော်ဘုရားကို သုံးပတ်ပတ်ခဲ့ကြသည်။

အခမ်းအနားတက်ရောက်လာကြသူများက ငါးပါးသီလခံယူပြီးနောက် မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က ဦးမောင်အေးအပါဝင် တစ်ခြားသူများအဖမ်းခံရခြင်းနှင့်ပတ်သက်ပြီး သြ၀ါဒမိန့်ကြားခဲ့သည်။

”မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကိုရသင့်ပါတယ်။ ဘယ်အမှုနဲ့ ဖမ်းတယ်၊ ဘယ်ပုဒ်မနဲ့ ဖမ်းတယ်ဆိုတာကိုတော့ အသိပေးရမယ်။ ဖမ်းဆီးသွားတာ ရက်ပေါင်း တစ်ဆယ်ကျော် ရှိလာပါပြီး။ ခုချိန်ထိ တရားရုံးကိုလည်းစွဲချက်မတင်ဘူး။ ဘယ်မှာ ဖမ်းထားဆိုတာတောင်မိဘူး။ သူ့မှာ အပြစ် ရှိတယ်- မရှိဘူးဆိုတာကို ဦးဇင်းတို့ မသိနိုင်ဘူး။ အပြစ်ရှိတယ်ဆိုရင်လည်း ဥပဒေအတိုင်းပဲ လုပ်သင့်တယ်။ ဥပဒေရဲ့ အကာအကွယ်ကိုတော့ပေးသင့်ပါတယ်။ အခုတော့ ဥပဒေမဲ့နေပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဌဦးမောင်အေး အပါဝင်လူသုံးဦးကို ဇန်န၀ါရီလ ၂၁ ရက်နေ့ကပင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားသော်လည်း ယနေ့ထိ မိသားစုနှင့်တွေ့ခွင့်မရရှိသေးသည်သာမက မည်သည့် နေရာတွင် ဖမ်းဆီး ချုပ်နှောင် ထားခြင်းကိုလည်း မသိရှိရကြောင်း ဦးမောင်အေး၏ဇနီး ဒေါ်လှသိန်းရွှေ ကပြောသည်။

“ ဖမ်းဆီးသွားတာ တစ်ဆယ့်ခြောက်ရက်ရှိပြီ။ ဘယ်အမှုနဲ့ဖမ်းတယ်ဆိုတာလည်းမေးလို့မရဘူး။ ဘယ်မှာထားတယ်ဆိုတာလည်း မပြောဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်လည်းမပေးဘူး။ အခုလို မတရားမလုပ်သင့်ဘူး” ဟု ဒေါ်လှသိန်းရွှေ ကပြောသည်။

ဦးမောင်အေးကိုတွေ့ဆုံခွင့်ရဖို့အတွက် မိသားစုဝင်များနှင့် ဆရာတော်သံဃာတော်(၆)ပါး စုစုပေါင်း(၁၀)ကျော်ခန့် ဖေဖော်ဝါရီလ(၃)ရက်နေ့က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)သို့ တွေ့ဆုံခွင့်သွားရောက်တောင်းခံခဲ့ရာ တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း၊ ဘယ်အမှုနှင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်းကိုလည်း အာဏာပိုင်များက တစ်စုံတစ်ရာ ပြောခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဦးမောင်အေးအပါအ၀င်ဖမ်းဆီးခံရသူတွေကို ရက္ခိုင်တပ်မတော်နှင့်အဆက်အသွယ်ရှိသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ရုံမှ အပ မည်သူမျှ မည်သည့်အတွက်ကြောင့် ဖမ်းသည်ကို တိတိကျကျ မသိရသေးဘဲ ဖြစ်နေကြာင်း ဒေါ်လှသိန်းရွှေက ပြောဆိုသည်။

ဦးမောင်အေးနှင့် ရခိုင်ပြည်အနှံ့ဖမ်းဆီးခံထားရသောသူတွေ လွတ်မြောက်ရေးအတွက် ၀တ်ပြု ဆုတောင်းပွဲကို ကျောက်ဖြူမြို့နယ်ဒေသခံ ၁၅၀ ခန့်နှင့် ဆရာတော်သံဃာတော် (၄)ပါး တက်ရောက် ခဲ့ကြပြီး ဦးမောင်အေးနှင့်မတရားအဖမ်းခံရသူများ အမြန်လွတ်မြောက်ပါစေ၊ ကျန်မာပါစေ ဟု သံပြိုင် ရွတ်ဆို ဆုတောင်းခဲ့ကြပြီး နံနက် ၁၀ နာရီခန့်တွင် ဆုတောင်းပွဲအခမ်းအနားပြီးဆုံးခဲ့သည်ဟု သိရသည်။

No comments:

Post a Comment