Wednesday, February 24, 2016

ညင်သာစွာ ကိုင်တွယ်နေရတဲ့ အကူးအပြောင်း

ဧရာဝတီ


“တိမ်တောင်သဖွယ် မင်းရေးကြွယ်” ဆိုတဲ့ စကားအတိုင်း မြန်မာ့နိုင်ငံရေးမှာ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ အပေးအယူ အတိုးအလျှော့ ကစားကွက်တွေ တွေ့နေရပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တတိယအကြိမ် တွေ့ဆုံပွဲမှာ အဖြေဟာ ပိုပြီးရှင်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

အဲဒါကတော့ တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေရဲ့ အကြား အစိုးရသစ် ဖွဲ့စည်းရေးနဲ့ အလုပ်အတူတွဲလုပ်နိုင်ရေး နောက်ဆုံး အပြန်အလှန် အဖြေထုတ်ကြမယ့် သဘောလို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

တပ်မတော်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ အရွေ့ကို ဆက်ရွေ့ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရွှေ့ရမယ်ဆိုတာ ဆုံးဖြတ်ပြီး ဖြစ်ပုံရပါတယ်။ အရင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကလည်း ဒီအရွေ့ကို ညင်ညင်သာသာ ဖြစ်ဖို့ ထိန်းကျောင်းထားတယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးသမား အသိုင်းအဝိုင်းတွေက ယုံကြည်နေကြပါတယ်။

တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ လက်ရှိအစိုးရထဲမှာ ရှိနေသေးတဲ့ ပုဂ္ဂိုလ်တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံပေမယ့် သူ့နောက်က သူတွေကို မယုံဘူး။ လက်စားချေ တုံ့ပြန်မှုတွေ လုပ်လာမှာကို စိုးရိမ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။

ဒီ စိုးရိမ်မှုကို တကယ်ချေဖျက်ပေးနိုင်သူကတော့ လူထုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ NLD ပါတီရဲ့ စွဲကိုင်ထားတဲ့ ပေါ်လစီ တခုကတော့ အမျိုးသားရင်ကြားစေ့ရေး National Reconciliation ပဲ ဖြစ်ပါတယ်။ ဒါ ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့တပ်ကို နိုင်အောင် ထိန်းထားတာ ဖြစ်သလို တဖက်ကိုလည်း သူမ စွဲကိုင်ထားတဲ့ ပေါ်လစီဟာ နောက်ကိုပြန်လှည့်ပြီး လက်ညိုးထိုး အပြစ်ပုံချဖို့ မဟုတ်ဘူး ရှေ့ကို လက်တွဲချီ တက်ရေးပဲ ဖြစ်တယ်ဆိုတာကို အမြဲပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာဟာ အရှေ့တောင်အာရှမှာရော နိုင်ငံတကာမှာပါ ပြန်ပြီး လူဝင်ဆံ့ဖို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ် သူမရဲ့ အမြင်၊ ခေါင်းဆောင်မှုနဲ့ သွားရမှာ ဖြစ်တယ်။ ဒါကို နားလည်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့က ဒီအရွေ့ကို ဝင်ရွေ့ပေးတာပဲ ဖြစ်သင့်ပါတယ်။ တပ်မတော်ရဲ့ ပုံရိပ်ဟာလည်း တပ်ချုပ်ဖြစ်ချင်သလို မျှော်မှန်းထားသလို ပြောင်းလဲသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

တပ်ချုပ်ဟောင်း ဦးသန်းရွှေကလည်း ဒီအရွေ့ကို ညင်ညင်သာသာ ဖြစ်စေချင်ပုံ ရပါတယ်။ ဒါကြောင့် သူရဦးရွှေမန်း ပြန်ဝင်လာတာကို လက်ခံခဲ့ပြီး ဆက်ရွေ့ဖို့ကို သဘောတူပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကောင်းသွားဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ဦး ဒုတိယအရွေ့ကို ဆက်ရွေ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒီလိုကာလမှာ မိုင်းထောင်မယ့်သူတွေ ပတ်မကြီးထိုးခွဲမယ့် သူတွေကိုတော့ သတိထားရမယ်။

No comments:

Post a Comment