Khonumthung
ချင်းအမျိုးသားတပ်မတော်တွင် တာဝန်ထမ်းဆောင်ရင် အသက်ပေးလှူသွားခဲ့ကြသော ရဲဘော်များအတွက် ရည်စူးပြီး စစ်သင်္ချိုင်းတစ်ခုကို ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် ပြုလုပ်သွားမည်ဟု CNF ကပြောသည်။
ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်တည်ထောင်ခဲ့စဉ်ကစပြီး ယနေ့အထိ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၈၀ ကျော်ခန့်ရှိပြီး ၎င်းတို့အား သတိရအောက်မေ့သည့်အနေဖြင့် အမှတ်တရ စစ်သင်္ချိုင်းကို ဟားခါးမြို့တွင် ထားရှိ ရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
ချင်းအမျိုးသားတပ်ဦးမှ ဗိုလ်မှူးကြီး ဆော်လမွန်က “ တော်လှန်ရေးကာလမှာ ကျဆုံးသွားတဲ့ရဲဘော်တွေ နယ်စပ်မှာ ဆုံးသွားတဲ့သူတွေ၊ နိုင်ငံခြားမှာ ဆုံးသွားတဲ့သူတွေကို အကုန်လုံးကို ကျနော်တို့တတ်နိုင်သမျှပြန်စုစည်းပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေပြည့်ပြည့်စုံစုံနဲ့လုပ်ဆောင်သွားမယ်’’ ဟု ပြောသည်။
ယင်းအတွက် ပြည်နယ်အစိုးရကသော်လည်းကောင်း၊ မြို့မိမြို့ဖ၊ ဘာသာရေးခေါင်းဆောင်များမှလည်း သဘောတူထားပြီး စစ်သင်္ချိုင်းအတွက် မြေဧက(၂၀) ကိုလည်း လျာထားပြီဟုသိရသည်။ အဆိုပါ စီမံကိန်းကို (၃) နှစ်အတွင်း အပြီးဆောင် ရွက်ကာ အများပြည်သူများလည်ပတ်ကြည့်ရှူနိုင်ရန်လည်း ပန်းခြံ(Park) ပုံစံမျိုးဖြင့် ထားရှိမည်ဟု CNF တာဝန်ရှိသူများ ကပြောသည်။
ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ရက်ကို ချင်း တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလျက်ရှိကာ ယခုဆိုလျင် ၂၈ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ချင်းအမျိုး သားတပ်ဦးသည် ဦးသိန်းစိန်အစိုးရ နှင့် ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့ဖြစ်သည်။
No comments:
Post a Comment