Friday, April 29, 2016

ပြည်ထောင်စုထမင်းဝိုင်း၊ ဒီမိုကရေစီအလေ့အထ အနုအရင့် အမြင်ကွဲပြားမှုများနဲ့ သဟဇာတ ထူထောင်ရေး

မင်းကောင်းချစ်


ပြည်သူက ရွေးကောက်တင်မြှောက်လိုက်လို့ အသစ်ဖွဲ့စည်းနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ သုံးမတ်သား ဒီမိုကရေစီအစိုးရသစ်ဟာ အခုဆို သူတို့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ဘောင်အကန့်အသတ် အတွင်းကနေ ပြည်သူအများစု လိုလားနေတဲ့ ပြုပြင်ပြောင်းလဲရေး ဆန္ဒတွေကို မြန်နိုင်သမျှမြန်မြန် ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။

ဒါပေမယ့်လည်း စနစ်ဟောင်းကို ဖက်တွယ်ထားလိုသူတွေ အပါအ၀င် လူနည်းစု စစ်အာဏာရှင်တွေနဲ့ သူတို့အသိုင်းအ၀ိုင်း ရယူထားတဲ့ အာဏာ၊ အခွင့်ထူး၊ ဓနဥစ္စာ မြေယာတွေ ထိပါးခံရမှာ စိုးရွံ့နေတဲ့ ဘယာဂတိကြောင့် အပြောင်းအလဲကို ကန့်လန့်တိုက် ဒရွတ်ဆွဲလိုက်နေတာကိုလည်း လူတိုင်း မြင်တွေ့နေကြရတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာတော့ အရင်အစိုးရဟောင်း လက်ထက်ကတည်းက အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးနိုင်ခဲ့လို့ ပထမပိုင်းမှာ အားလုံး ပျော်ရွှင်နေကြရာက ကျောင်းသားလူငယ်တချို့ရဲ့ ပြောစကားနဲ့ အပြုအမူတွေအပေါ် လက်မခံနိုင်ဘဲ ဝေဖန်သံ၊ တုံ့ပြန်သံတွေ ပွက်ပွက်ညံခဲ့ပါတယ်။

ဒီမိုကရေစီစနစ်မှာ လူတိုင်းဟာ မိမိယုံကြည်ရာကို တာဝန်ယူ တာဝန်ခံမှုတွေနဲ့ အများပြည်သူကို မထိခိုက် မနစ်နာစေဘဲ ငြိမ်းချပ်းစွာ လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိသလို အများစုဆန္ဒကို လိုက်နာရမှာဖြစ်သလို တချိန်တည်းမှာပဲ လူနည်းစုသဘောထားကို အသိအမှတ်ပြု လေးစားရမှာက ဒီမိုကရေစီရဲ့ စံတန်ဖိုး အလေ့အထဆိုတာ လူတိုင်း အလွယ်တကူ ပြောဆိုနေကြပေမယ့် လက်တွေ့ ကျင့်သုံးနိုင်မှုဆိုတာ မြန်မာနိုင်ငံလို စစ်အာဏာရှင်လက်အောက် ရာစုနှစ်ဝက်ကျော် နိုင်ငံရေးသားကျောအဖြတ်ခံခဲ့ရတဲ့ တိုင်းပြည်တပြည်အတွက်တော့ အချိန်ကာလတခုယူရ၊ မွေးမြူပျိုးထောင်ရဦးမှာ။

ဒီလိုပြောတော့ စာဖတ်သူတချို့က မေးချင်ကြမှာပါ။ မင်းကရော ဘယ်လောက်များ ဒီမိုကရေစီရဲ့ စံတန်ဖိုး အလေ့အထတွေကို လိုက်နာကျင့်သုံးနေပြီလဲဆိုတာပဲ မဟုတ်လား။ အမှန်အတိုင်း ၀န်ခံရရင်တော့ ဒီစာရေးသူကိုယ်တိုင်လည်း အဲ့ဒီအလေ့အထတွေကို ပြည့်ပြည့်၀၀ မကျင့်ကြံနိုင်သေးတာမို့ မိမိကိုယ်ကိုယ်လည်း ပျိုးထောင်နေရတုန်းလို့ ၀န်ခံပါတယ်။

ဒါကြောင့် အထက်မှာ ရေးပြခဲ့တာတွေကလည်း စစ်အာဏာရှင် ခေတ်ဆိုးခေတ်ပျက်ထဲမှာ လူလားမြောက်ရတဲ့ ကံဆိုးသူတွေထဲက လူတယောက်သာမို့ ဂျွတ်တက်နေတဲ့ အတွေးအခေါ်ဟောင်းတွေကို ခွာချဖို့ ကြိုးပမ်းရင်း ဖတ်သား၊ မှတ်သား၊ တွေးတောမိတာလေးတွေနဲ့ ဖြစ်တည်လာတဲ့ သုတမယဉာဏ်က ပေးလာတဲ့ အမြင် အသိတရားသာဖြစ်လို့ လူတတ်လုပ် ရေးပြတာလို့ မယူဆဘဲ အတွေးမျှဝေမှုတရပ်လို့ မှတ်ယူစေချင်ပါတယ်။

ဒီဆောင်းပါးရေးခြင်း ရည်ရွယ်ချက်က ကျောင်းသားနဲ့ ပြည်သူကြားမှာဖြစ်ဖြစ်၊ ပြည်သူနဲ့ ပြည်သူကြားမှာ ဖြစ်ဖြစ်၊ တိုင်းရင်းသားအချင်းချင်း၊ ဘာသာခြားတွေကြားမှာဖြစ်ဖြစ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အမြင်ကွဲပြားမှုတွေကို ဖြေရှင်းကြရာမှာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုခြင်းတွေနဲ့ ချဉ်းကပ် အဖြေရှာစေလိုတာကြောင့်ပါ။

အခုအခါ ကျယ်လောင်ဆူညံနေတဲ့ ကျောင်းသားတချို့နဲ့ ပြည်သူအချို့ကြားက ပွတ်တိုက်မှုအပေါ် နှစ်ဘက်လုံးရဲ့ ခံစားချက်တွေကို သွေးကူးခံစားကြည့်လိုက်ရင် နှစ်ဘက်စလုံးကို စာနာနားလည်နိုင်ပါတယ်။ တကယ်တော့ လူတွေကြားမှာ အမြင်မတူမှု၊ ရပ်တည်ချက် မတူမှုတွေအပေါ် မူတည်ပြီး ပွတ်တိုက်မှု ထိပ်တိုက်ရင်ဆိုင်ရမှုတွေဆိုတာ ဘယ်ခေတ်၊ ဘယ်စနစ်မှာမဆို ကြုံကြရတာပါ။

ဘာကြောင့်လို့လဲဆိုတော့ လူဆိုတာဟာ မိမိအတ္တကိုသာ အမြဲဗဟိုပြုပြီး အခြေခံအားဖြင့် ခံစားတွေးတောတတ်တဲ့သဘော ရှိပါတယ်။ မိမိအယူအဆ၊ မိမိအဖွဲ့အစည်း၊ မိမိအကျိုးစီးပွားကို အခြေခံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိယုံကြည်ရာ ၀ါဒတွေကသာ မှန်တယ်လို့ ကိန်းသေထားတတ်ကြပါတယ်။ သူတပါးအကျိုးစီးပွား၊ သူတပါး အယူအဆ၊ သူတပါးကိစ္စ ဆိုတာတွေကို နောက်တန်းကို ပို့လေ့ရှိတတ်တာ ပုထုဇဉ်လူသားတွေရဲ့ သဘာဝပဲ မဟုတ်လား။

ကျောင်းသားတွေ ခံစားချက်ကလည်း သူတို့ကို ရာဇ၀တ်သားတွေလို လူမဆန်အောင် ရိုက်နှက်ညှဉ်းပန်းခံခဲ့ရပြီး တနှစ်ကျော် မတရား ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပေမယ့် ပညာရေးဥပဒေ ပြင်ဆင်ဖို့ တောင်းဆိုချက်တွေ မပြည့်ဝသေးဘူး၊ ပြည်သူက ရွေးချယ်ခဲ့လို့ ဒီမိုကရေစီအင်အားစုတွေက ဦးဆောင်လို့ အစိုးရဖွဲ့နိုင်ခဲ့ပေမယ့် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီအစိုးရ မဖြစ်သေးဘူး၊ ဒါကြောင့် တောင်းဆိုချက်တွေရတဲ့အထိ ဆက်လက်သပိတ်မှောက်ဖို့ လိုတယ်လို့ သဘောထားရှိကြတယ်။

သပိတ်မှောက်တယ်၊ ဆန္ဒပြတယ်ဆိုတာာ မှန်မှန်ကန်ကန် အသုံးချတတ်ရင် ဒီမိုကရေစီစနစ်ကို အားကောင်းမောင်းသန် ပိုဖြစ်လာစေဖို့ ရှိရမယ့် အစိတ်အပိုင်းတွေပါ။ အတိုက်အခံရှိမှ ပိုတိုးတက်တဲ့ သဘောပါပဲ။ တခုသတိပြုရမှာက ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ဖို့ဆိုတာ မိဘပြည်သူတွေရဲ့ ထောက်ခံပါဝင်မှု ရယူနိုင်ဖို့ လိုပါတယ်။ အခုခေတ်မှာ ပြည်သူတွေ ယုံကြည်လာဖို့ဆိုတာ တိုက်ရဲတာသတ္တိ၊ ခံရဲတာသတ္တိဆိုတဲ့ သဘောတရားနဲ့ ထောင်ကျခံရဲရုံ၊ အနစ်နာခံ ပေးဆပ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ အဆုတ်အတက်၊ အဖိအဖော့၊ အပေးအယူ အတိုးအလျှော့လုပ်ပြီး ညှိနှိုင်းအဖြေရှာတတ်အောင် လေ့ကျင့်သင်ကြားဖို့ အချိန်ရောက်လာပါပြီ။ နောက် အရေးကြီးတဲ့အချက်က နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ဖို့ လိုပါတယ်။ ဖြစ်တည်နေတဲ့ နိုင်ငံရေးအရွေ့နဲ့ နိုင်ငံရေးရာသီဥတု အခြေအနေထဲက အရေးပါတဲ့ မိတ်ဘက်လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ (Main Stakeholders) နဲ့ ချိတ်ဆက်လက်တွဲ အားယူတတ်ဖို့ လိုပါတယ်။

ကျောင်းသားတွေအပေါ် အမြင်မရှင်းတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကလည်း လက်ရှိအခြေအနေဟာ စိတ်ချလို့ မရသေးဘူး။ စစ်အာဏာရှင်တွေလက်က ရှင်းရှင်းလင်းလင်း မလွတ်သေးဘူး။ အမှားအယွင်း မခံလိုဘူး။ အလွန် သတိကြီးစွာ ထားရဦးမယ်။ ဆူဆူပူပူဖြစ်ရင် စစ်အာဏာပြန်သိမ်းမှာ စိုးရွံ့မှုရှိနေကြတာ နားလည်ခံစားနိုင်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် ဆင်းရဲဒုက္ခငရဲ ကျခံခဲ့ရတဲ့ ဘ၀တွေဆီ ပြန်မရောက်ချင်တော့တာမို့ အစိုးရိမ်ကြီးနေတာလည်း ကိုယ်ချင်းစာမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း သိသာတဲ့ အပြောင်းအလဲလုပ်မယ့် အရေးကို အနှောင့်အယှက်ပြုရာ ရောက်မှာလည်း ပူပန်နေကြတာ မဟုတ်လား။ အားလုံး ညီညီညွတ်ညွတ်နဲ့ အမေစုရဲ့ ဦးဆောင်မှုအောက် လက်တွဲလုပ်ဆောင်ရင် ပိုထိရောက်နိုင်တယ်လို့ ယုံကြည်ကြလို့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးတွေဟာ ခေတ်တခု စနစ်တခုကနေ နောက်ခေတ်သစ်စနစ်သစ်ကို ပြောင်းလဲတိုင်း တွေ့ရတတ်၊ ကြုံရတတ်တဲ့ ပွတ်တိုက်မှု သဘောတွေပါပဲ။ အရေးကြီးတာက မျက်မှောက်အခြေအနေတွေက လိုအပ်နေတဲ့ ဦးစားပေး ဖြေရှင်းရမယ့် ကိစ္စရပ်တွေကို ပြည်ထောင်စု နိုင်ငံတခုလုံး အကျိုးကို အခြေခံလို့ ဆန္ဒစွဲကင်းကင်းနဲ့ ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို မိသားစုထမင်းဝိုင်းဖွဲ့နိုင်ဖို့ ပြင်ဆင် ချက်ပြုတ်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။ မိခင်တဦးရဲ့ ခေါင်းဆောင်စီမံခန့်ခွဲမှု အောက်မှာ ရေခပ်သူကခပ်၊ ထင်းခွဲသူခွဲ၊ အိုးဆေးသူကဆေး၊ မီးမွှေးသူကမွှေးလို့ တအိမ်လုံး တက်ညီလက်ညီ စုပေါင်းချက်ပြုတ်ဖို့ ပြင်ဆင် အလုပ်ရှုပ်နေတဲ့အချိန်မျိုး မဟုတ်လား။

ထမင်းဝိုင်းဖြစ်ဖို့ အရေးအကြီးဆုံး အရာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားဆိုတဲ့ အဓိကအမယ်တွေ လက်ထဲ ပြည့်ပြည့်စုံစုံ ရောက်လာအောင် ကြိုးပမ်းနေရသလို တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေး လုပ်နိုင်အောင် မရှိမဖြစ်လိုအပ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာတွေ ပြည်သူတွေလက်ထဲ ရောက်လာဖို့ ဆောင်ရွက်နေဆဲကာလ ဖြစ်ပါတယ်။

မိခင်လက်ထဲကို အဲ့ဒီအမယ်တွေ ပြည့်ပြည့်ဝဝ မရောက်သေးခင် ဟိုဟင်းမကြိုက်ဘူး၊ ဒီဟင်းမစားချင်ဘူးဆိုတဲ့ မိမိဆန္ဒကို ထုတ်ဖော်တာ၊ အသိပေးတာ လုပ်လို့ရပါတယ်။ ဒါပေမယ့် မိခင်ကို ကူညီရင်း အားဖြည့်ရင်းနဲ့ ဆောင်ရွက်ကြတာ ပိုလို့ထိရောက်မယ်ဆိုတာ ကျောင်းသားတွေကို သတိပေး တိုက်တွန်းချင်တယ်။

တချိန်တည်းမှာပဲ ဒီကျောင်းသားလေးတွေရဲ့ ဆန္ဒစောမှုကို အကြောင်းပြုလို့ လွန်လွန်ကဲကဲ နစ်နစ်နာနာ ပြောဆို အပြစ်တင်နေတဲ့ မိသားစုဝင်တွေကိုလည်း တဆက်တည်းမှာ မေတ္တာရပ်ခံချင်တာက ဒီကလေးတွေဟာ အရင်တုန်းက အများလက်မခံတဲ့ အိမ်ထောင်ဦးစီးဟောင်းလက်ထက် တခြားသူတွေ ကိုယ့်ဘဝကို အနေခြောင်သလို နေထိုင်ရှာဖွေ စားသောက်နေချိန်မှာ အငြိုအငြင်၊ အရိုက်အပုတ်၊ အထုအထောင်းခံပြီး မိခင်ကို အကာကွယ်ပေး ဝိုင်းရံပေးခဲ့ကြတဲ့ ကလေးတွေပါ။

ဒီကလေးတွေက သူတို့မိခင်ကို သွေးပူနေတုန်းမို့ ကျေးဇူတင်ကြောင်း မပြောတာလည်း နားလည်ခွင့်လွှတ်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။ ကိုယ့်မိသားစုဝင် အချင်းချင်းတွေပါ။ နားလည်တတ်တဲ့ တချို့ကျောင်းသားတွေက ကျေးဇူးတင်ကြောင်း တခုတ်တရ ပြောပါတယ်။ တချို့ ကလေးတွေက စိတ်ခုမှာပေါ့။ အရင် ဦးသိန်းစိန်အစိုးရက ကတိတွေဖျက်၊ ရိုက်နှက်ညှဉ်းပန်းနေတုန်းက မိခင်ကိုယ်တိုင် အခက်အခဲ အကျပ်အတည်းတွေနဲ့ဆိုတော့ အကာအကွယ် မပေးနိုင်ခဲ့ဘူးလေ။

နောက်တခုပြောချင်တာက ဆန္ဒထုတ်ဖော်တယ်၊ သပိတ်မှောက်မယ်ဆိုတာကို သိပ်မစိုးရိမ်ကြဖို့ လိုပါတယ်။ ဒါတွေဟာ ဒီမိုကရေစီရဲ့ အစိတ်အပိုင်းတွေပဲ မဟုတ်လား။ နှောင်လည်း အမြဲရှိနေမှာပါ။ အရေးကြီးတာက ဒီအခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချဖို့ ၀ိုင်းဝန်းတည့်မတ် ထိန်းကြောင်းပေးဖို့ပါပဲ။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် မြန်မာနိုင်ငံသားတိုင်း မြိန်ရေယှက်ရေ ၀ိုင်းဖွဲ့စားသောက်နိုင်ဖို့ ပြည်ထောင်စုထမင်းဝိုင်းကြီးကို ပြင်ဆင်ချက်ပြုတ်ရာမှာ မိသားစုဝင်အချင်းချင်း အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုခြင်းတွေနဲ့ ညီညီညွတ်ညွတ် ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။

နိုင်ငံရေးဆိုတဲ့ အလွန်မွန်မြတ်သန့်စင်တဲ့ ကိစ္စရပ်ကြီးမှာ ပါဝင်ဆောင်ရွက်သူတိုင်းဟာ အပြောသက်သက်၊ ကြွေးကြော်သံသက်သက် မဟုတ်ဘဲ မိမိအရေး၊ မိမိအဖွဲ့အစည်းအရေး၊ မိမိလူမျိုးအရေး၊ မိမိဘာသာအရေး၊ မိမိပါတီအရေး၊ မိမိအယူဝါဒအရေးတွေရဲ့ရှေ့မှာ ပြည်ထောင်စုအရေး၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်ကြဖို့လည်း အလွန်အရေးကြီးပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ကွဲပြားခြားနားတဲ့ အမြင်များကိုလည်း လေးစားအသိအမှတ်ပြုတတ်တဲ့ ဒီမိုကရေစီ အလေ့အထတွေ ရင့်ကျက်လာအောင် မိမိကိုယ်တိုင်ရော၊ မိမိဝန်းကျင်မှာပါ ပျိုးထောင်လို့ မိသားစုဝင်အချင်းချင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း သဟဇာတဖြစ်စွာ အတူယှဉ်တွဲလို့ နိုင်ငံတော်သစ်တည်ရာမှာ အထောက်အကူ ပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

No comments:

Post a Comment