Tuesday, June 28, 2016

ကချင်ပြည်နယ်မှ ပြန်လာသည့် ရခိုင်ရွေ့ပြောင်းများအတွက် ပြန်လည် နေရာချပေး

ကျော်မင်း (စစ်တွေ)

ကချင်ပြည်နယ်မှ ပြန်ရောက်လာကြသည့် ရခိုင်ရွေ့ပြောင်း အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်နိုင်ရေး နေအိမ်နှင့် စိုက်ပျိုးမြေများကို ရခိုင်ပြည်နယ်အစိုးရမှ ဇွန်လ ၂၆ ရက်နေ့က ပေးအပ်ခဲ့သည်။

ရွေ့ပြောင်း အိမ်ထောင်စုမှာ ၁၀၀ ခန့် ရှိပြီး မူလက မင်းပြား၊ မြောက်ဦး၊ မြေပုံနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် နေထိုင်သူများဖြစ်ကာ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှု၊ ဝင်ငွေချို့တဲ့မှုတို့ကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် နေရပ်စွန့်ခွာခဲ့ပြီး ကချင်ပြည်နယ်တွင် အခြေချနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရွေ့ပြောင်းအလုပ်သမားများက ပြောသည်။

သို့ရာတွင် စားဝတ်နေရေး အခက်အခဲမှာ ပြေလည်နိုင်ခြင်း မရှိသောကြောင့် ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ဟောင်း ဦးမောင်မောင်အုန်း လက်ထက်တွင် ၎င်းတို့ကို ပြည်နယ်အတွင်း ပြန်လည်နေရာချထားပေးရေး အစီအစဉ်ဖြင့် ဖိတ်ခေါ်ခဲ့သည်။

"ပြီးခဲ့တဲ့နှစ်ကတော့ အိမ်ထောင်စုက ၁၀၀ ပါ။ ဒါပေမယ့် ပြန်လည်နေရာချထားပေးရေး အစီအစဉ်တွေ ကြန့်ကြာနေမှုကြောင့် တချို့မိသားစုတွေက ပြန်လည် ထွက်ခွာသွားကြပါတယ်။ ခုတော့ ကျန်တဲ့ အိမ်ထောင်စုတွေ အတွက် လက်ရှိ အစိုးရက စီစဉ်ပေးနေတာပါ။" ဟု အလိုတော်ပြည့် ဆရာတော် ဘန္တဒ္ဒ အရိယဝံသ မဇ္ဈိမက မိန့်ကြားသည်။

အိမ်ထောင်စု တစ်ခုစီအတွက် ကျပ်သိန်း ၅၀ တန်ဖိုးရှိ နေအိမ်တစ်လုံးစီ စုစုပေါင်း ၆၃ ဆောင်နှင့် စိုက်ပျိုးမြေ ဧက ၅၀ ကျော်ကို ခွဲဝေ၍ ရသေ့တောင်မြို့နယ် မုစဲကျွန်းနှင့် သာစည်ကျေးရွာများတွင် ပြန်လည် နေရာချပေးခဲ့သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ် လူဦးရေ ၃၁ သိန်းကျော်ခန့်၏ ၅ ဒဿမ ၅၄ ရာခိုင်နှုန်း (တစ်သိန်းတစ်သောင်းကျော်ခန့်) မှာ နေရပ်ကို စွန့်ခွာလျှက် ရွေ့ပြောင်းအလုပ်သမားများအဖြစ် မြန်မာနိုင်ငံ၏ မြို့နယ်တချို့တွင် နေထိုင်လျှက်ရှိကြောင်း သိရသည်။

ရခိုင်ရွေ့ပြောင်းများအတွက် ထပ်မံ၍ ပြည်နယ်အတွင်း ဘူးသီးတောင်၊ မြေပုံမြို့နယ်များတွင် နေရာချပေးနိုင်ရေးနှင့် ရခိုင်တိုင်းရင်းသားကျေးရွာများ ဆက်လက် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။

No comments:

Post a Comment