Saturday, July 30, 2016

ထိုင်းပညာရေး အမှားထဲမှ မြန်မာအတွက် သင်ခန်းစာ

သိန်းနိုင် (မောက္ခပညာရေး)


မြန်မာပြည်သား အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာတော့ တိုင်းပြည်ရဲ့ ပညာရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှာ ဘယ်ပုံဘယ်နည်း ပြောင်းလဲသွားခဲ့ရပြီ ဆိုတာကို သိမြင်လိုက်ရပါတယ်။ အသက် ၅၀ ကျော် မြန်မာပြည်သား လူကြီးတွေဟာ အင်္ဂလိပ်စာ အတော်ကလေး ကောင်းမွန်စွာ တတ်မြောက်ကြပြီး မြန်မာပြည်တွင်းနဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ပျက်ပြောင်းလဲနေမှုတွေကိုလည်း ကောင်းကောင်းသိမြင်ထားကြတဲ့ သူတွေပါ။

မြန်မာတက္ကသိုလ်တွေ တက်ရောက်ခဲ့ကြတဲ့ အသက် ၃၀ အောက်တွေကတော့ အင်္ဂလိပ်စာ အသင့်အတင့် တတ်မြောက်ကြသော်ငြားလည်းပဲ အတွေးအမြင် အသစ်တွေ၊ အကျင့်အကြံ အသစ်တွေကို ရင်ဆိုင်ရတဲ့ အခါမယ် အခန်းကျဉ်းလေးထဲမှာ ဘောင်ခတ် ပိတ်ဆို့ခံထားနေကြရ သလိုပါပဲ။ တကယ်တမ်းတော့လည်း သိပ်ပြီး ထူးထွေ အံ့သြစရာတခု မဟုတ်ပါ။ တင်းကျပ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ သူတို့လေးတွေဟာ ကြီးပြင်းရှင်သန် လူလားမြောက်ခဲ့ရသူတွေလေ။ လိုအပ်နေတဲ့ အလုပ်အကိုင်တွေအတွက် လူမှန်တွေရရှိဖို့ရာ အခက်အခဲတွေ အများကြီးပဲ ရှိနေတယ်လို့ နိုင်ငံခြားကုမ္ပဏီများဟာ ညည်းတွားနေကြတယ်။ တချို့ကတော့ အင်္ဂလိပ်စာ ကောင်းပါရဲ့။ ဒါပေသိ ပြင်ပလက်တွေ့ ကမ္ဘာကြီးအကြောင်း နကန်းတလုံးမျှ မသိရှာဘူး။ အောက်စ်ဖို့စီးပွားရေးအဖွဲ့ကြီး OBG ရဲ့ အစီရင်ခံစာမှာ တိုင်းပြည်ရဲ့ ဖြစ်ပျက်နေမှုကို အခုလို အကျဉ်းချုပ် ဖော်ပြထားတာကို ဖတ်ရှုရတော့ ခံစားရပါတယ်။

“မြန်မာ့ပညာရေးစနစ်ဟာ တခေတ်တခါတုန်းဆီကတော့ ဒေသအတွင်းမှာ အကောင်းဆုံး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒေသတွင်းနိုင်ငံတွေရဲ့ စံတန်ဖိုးတွေထက်ကို အများကြီး နိမ့်ပါးနောက်ကျသွားခဲ့ရပြီ။”

ရန်ကုန်မြို့မှာ စီးတီးကောလိပ်ကျောင်း တည်ထောင်သူ ဒီပါ့က်နီယိုပိန်းက ပြောပြတာကို အစီရင်ခံထဲမှာ ဖတ်ရှုရမယ်။ “စာသင်သား တပည့်များမှာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားတွေးခေါ်မှု Analytical thinking နဲ့ ပြဿနာ ဖြေရှင်းတတ်မှု စွမ်းရည် problem solving skills တွေ မရှိကြပါဘူး။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးဖြစ်ထွန်းနိုင်ဖို့ရာ ရုန်းကန်နေကြတယ်။”

ပညာရေးစနစ်ကို ပြောင်းလဲ ပြင်ဆင်ဖို့ရာအတွက် အကြီးအကျယ်ကို လုပ်ဆောင်မှ ဖြစ်နိုင်မယ်ဆိုတာ လူတိုင်းဟာ သိမြင်လာကြပြီ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားနယ်ပယ်တွေမှာလည်း တိုးတက်လာစေဖို့အတွက် ဆိုရင်ပါ။

မြန်မာနိုင်ငံဟာ အရေအတွက် ကြီးမားလှတဲ့ လုပ်သားထုအင်အားနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှုန်းထား အမြန်ဆုံး ဖြစ်နေတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် လျော့နည်းနိမ့်ကျနေရခြင်းကတော့ အဂတိတရား လိုက်စားမှုပြီးရင် တိုင်းပြည်တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ ဒုတိယမြောက် တရားခံပါပဲလို့ ယူကေကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရုံးချုပ် UKTI ရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

များမကြာမီက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ OBG ရဲ့ အစီရင်ခံစာမှာ အကောင်းမြင်ထားတဲ့ အပိုင်းတော့ ပါရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးကဏ္ဍ အစီအစဉ် National Education Sector Plan NESP ကို စတင်လုပ်ဆောင်တော့မယ်ဆိုတဲ့ အချက်အပေါ်မှာပါ။ ပညာရေးစနစ်အတွက် စီမံကိန်းအသစ်တွေကို ထည့်သွင်းထားရှိမှု၊ ခေတ်မီသော သင်ယူခြင်း နည်းလမ်းများ၊ ပြဿနာ ဖြေရှင်းတတ်မှုနဲ့ ပိုင်းခြားဝေဖန် ဆန်းစစ်တွေးခေါ်တတ်မှုတွေကို ထည့်သွင်းထားရှိလာခြင်းဖြစ်တယ်။ ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသကတော့ သင်ရိုးညွှန်းတမ်း ၁၃ နှစ် စီမံကိန်းပါ။ အခြေခံပညာရေး စာသင်နှစ်ကို နောက်ထပ် ၂ နှစ် ထပ်ပေါင်းထည့်လိုက်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ပထမတန်းအဆင့်ကနေ စတင်ပါတော့မယ်။ စနစ်ကြီးတခုလုံးရဲ့ ပင်မထောက်တိုင်ကို ပြုပြင်ပြောင်းလဲမှုနဲ့အတူ ဆရာ၊ ဆရာမများကိုလည်း ခေတ်မီသင်ကြားနည်းသစ်တွေအတွက် သင်တန်းတွေပေး၊ ကျောင်းသားများဟာလည်းပဲ လေ့လာမှုမှာ သုံးသပ်ဝေဖန် ပိုင်းခြားတတ်မှုတွေနဲ့ သင်ယူနိုင်တော့မယ်။ အခုထက်ထိ အသုံးတွင်ကျယ်နေဆဲ တပွဲထိုး အလွတ်ကျက်မှတ် အာဂုံဆောင်ရခြင်းစနစ်ကို အစားထိုးပါလိမ့်မယ်။

တကယ်တမ်းတော့လည်း မြန်မာနိုင်ငံရဲ့ မူဝါဒချမှတ်သူများဟာ တခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတာကို သဘောပေါက်လာကြပါပြီ။ လွန်ခဲ့တဲ့နှစ်တွေမှာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာရေးဘတ်ဂျက်ဟာ အစိုးရအသုံးစရိတ်ရဲ့ ၇ ရာခိုင်နှုန်းထိ ရှိလာခဲ့ပြီ။ အရင်တုန်းက သုံးစွဲခဲ့တဲ့ ၆ ဒသမ ၇၈ ရာခိုင်နှုန်းကနေ တိုးတက်လာမှုပါ။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဂျီဒီပီရဲ့ သုည ဒသမ ၇ (၀.၇) ရာခိုင်နှုန်းကနေ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၂ ဒသမ ၁ (၂.၁) ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ တာပါ။ ဒါပေမယ့် အာစီယံ ပျှမ်းမျှဖြစ်တဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းရဲ့ အောက်မှာပဲ ရှိနေဆဲပါ။

မဟာဗျူဟာနည်းလမ်းတွေဟာ မမှန်မကန်ဘဲနဲ့တော့ ဘဏ္ဍာငွေကြေး တစ်ခုတည်းနဲ့တော့လည်း ပြုပြင် ပြောင်းလဲမှုဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီအချက်ကတော့ဖြင့်ရင် မြန်မာတွေဟာ ထိုင်းနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံတွေကနေ လေ့လာ သင်ယူသင့်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံရဲ့ ပညာရေးဘတ်ဂျက်ငွေဟာ ၁၉ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်မှာတော့ ၂၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အချိုးကျ ၂၀ ရာခိုင်နှုန်း ရှိခဲ့တယ်။ အစိုးရရဲ့ နှစ်စဉ်ဘဏ္ဍာငွေကြေး သုံးစွဲမှု တိုးတက်လာခဲ့တဲ့ ကိန်းဂဏာန်းတွေ အရဆိုရင် ဒီပမာဏဟာ သိပ်ကို များပြားလွန်းလှပါတယ်။ ဒါပေမယ့် ရလဒ်များကတော့ အားရ ကျေနပ်လောက်ဖွယ်ရာ မရှိခဲ့ပါဘူး။

နိုင်ငံတကာ ကျောင်းသားများ အရည်အချင်းစစ် စာမေးပွဲစစ်ဆေးရေး အဖွဲ့ကြီး PISA ရဲ့ ၂၀၁၂ ခုနှစ် စာမေးပွဲတွေမှာ အာစီယံ ၅ နိုင်ငံဟာ ပါဝင်ဖြေဆိုခဲ့ကြတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တို့ပဲဖြစ်ပါတယ်။ ပဲရစ်မြို့ အခြေစိုက် အိုအီးစီဒီ OECD အဖွဲ့ကြီးရဲ့ PISA စစ်ဆေးမှုဟာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ ကျောင်းသားများကို သုံးနှစ်တစ်ကြိမ် အရည်အချင်း အကဲဖြတ် စစ်ဆေးခြင်းဖြစ်တယ်။ စာဖတ်ခြင်းစွမ်းရည်၊ သင်္ချာဘာသာနဲ့ သိပ္ပံပညာ စွမ်းရည်တို့ကို စစ်ဆေးပါတယ်။

နိုင်ငံ ၆၅ နိုင်ငံက ပါဝင် ယှဉ်ပြိုင်ခဲ့ရာမှာ စင်ကာပူက သင်္ချာမှာ ဒုတိယရရှိခဲ့ပြီး စာဖတ်ခြင်းနဲ့ သိပ္ပံပညာ စွမ်းရည်တွေမှာတော့ တတိယ နေရာ ရရှိခဲ့တယ်။

ဗီယက်နမ်နိုင်ငံက သိပ္ပံပညာမှာ နံပါတ် ၈၊ သင်္ချာမှာ ၁၇ နဲ့ စာဖတ်ခြင်းစွမ်းရည်မှာ ၁၉ ရရှိတယ်။

ထိုင်းနိုင်ငံက သင်္ချာမှာ နံပါတ်စဉ် ၅၀၊ စာဖတ်ခြင်းနဲ့ သိပ္ပံစွမ်းရည်တွေမှာ ၄၈ ရရှိတယ်။

မလေးရှားက သင်္ချာမှာ ၅၂၊ စာဖတ်ခြင်းမှာ ၅၉ နဲ့ သိပ္ပံဘာသာရပ်မှာ ၅၃ ရရှိတယ်။

အင်ဒိုနီးရှားက သင်္ချာနဲ့ သိပ္ပံမှာ ၆၄၊ စာဖတ်ခြင်းဘာသာမှာ ၆၂ အသီးသီး ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ စာဖတ်ခြင်းနဲ့ သင်္ချာစွမ်းရည်တွေမှာ အမှတ်စဉ် ၅၀ ရရှိခဲ့ပြီး သိပ္ပံမှာ ၄၉ ဖြစ်ပါတယ်။ ဆန့်ကျင်ဖက်ကတော့ စင်္ကာပူရဲ့ အဲဒီနှစ်အဆင့်ဟာ စာဖတ်ခြင်းမှာ နံပါတ် ၅၊ သင်္ချာမှာ ဒုတိယနဲ့ သိပ္ပဘာသာမှာ နံပါတ် ၄ နေရာတို့ ရရှိခဲ့ခြင်းပါ။

ဒီရလဒ်တွေက အဓိပ္ပါယ် အများကြီး ရှိပါတယ်။ စင်ကာပူဟာ နိုင်ငံ ၁၄၀ မှာ စီးပွား ယှဉ်ပြိုင်ခြင်း ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအအောင်မြင်ဆုံး တိုင်းပြည်အနေနဲ့ ရှိနေဆဲဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ တကမ္ဘာလုံးယှဉ်ပြိုင်မှု အစီရင်ခံစာ အရပါ။ ထိုင်းနိုင်ငံကတော့ အဆင့် ၃၂ နေရာမှာ ရှိပါတယ်။

အားလုံးက လက်ညိုး ၀ိုင်းထိုးကြတာကတော့ မူဝါဒ ချမှတ်သူများရဲ့ ကျရှုံးမှုကိုပါပဲ။ တိုင်းပြည်က အမှန်တကယ် လိုအပ်တဲ့ လုပ်အား အမျိုးအစားနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပညာရေး မဟာဗျူဟာ နည်းလမ်းတွေကို မချမှတ်တတ်ခဲ့၊ မကျင့်သုံးနိုင်ခဲ့တဲ့ နောက်ဆက်တွဲ ကျဆုံးမှုပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုမှာ ပြဌာန်း ဖတ်စာအုပ်တွေကို မကြာခဏဆိုသလို ပြောင်းလဲခဲ့ကြတယ်။ မူအသစ်၊ နည်းလမ်းအသစ်တွေလည်း မိတ်ဆက်ခဲ့တယ်။ စာသင်ခန်းအတွင်းမှာ နိုင်ငံခြားသား ဆရာများကို ခန့်အပ်ခြင်းမျိုးတွေလည်း အပါအ၀င်ပါ။ ဒါပေမယ့် ဒီကျောင်းသားများဟာ တက္ကသိုလ်ပညာရေး အတန်းတွေ ပြီးဆုံးလာခဲ့တဲ့ နောက်မှာတော့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူဟာ အရေအတွက် အနည်းအကျဉ်းမျှသာ ရှိနေတယ်။ သင်္ချာနဲ့ သိပ္ပံပညာ အသိပညာလည်း ဘွဲ့ရတွေမှာ ပါမလာခဲ့ပါဘူး။ လုပ်ဖို့ကိုင်ဖို့ရာ လေ့ကျင့် သင်ကြားထားခြင်း မရှိတဲ့ အလုပ်အကိုင်တွေမှာ ဘွဲ့ရတွေဟာ ၀င်ရောက်လာကြတော့တယ်။

လွန်လေပြီးသော နှစ်ပေါင်း များစွာတုန်းကတော့ ပညာရေး လက်လှမ်း မမီဖြစ်ခြင်းနဲ့ တန်းတူမှု မရှိခြင်းကို ကျွန်တော်တို့ အပြစ်ပုံချ ခဲ့ဖူးတယ်။ ထိုင်းမြို့ပေါ်က ကျောင်းတွေမှာပဲ ဓါတ်ခွဲခန်းနဲ့ ကိရိယာတွေ ကောင်းကောင်းမွန်မွန် ပြည့်စုံခဲ့တာပါ။ ဆင်းရဲနွမ်းပါတဲ့ ကလေးများအတွက် တက္ကသိုလ်ကျောင်းတွေက တံခါး မဖွင့်ထားခဲ့ဘူး။ ကျောင်းသား ချေးငွေလည်း မရရှိခဲ့ကြပါဘူး။ ကျောင်းသားချေးငွေ စီမံကိန်းကို စတင်ခဲ့ပြန်တော့လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပုံစံသစ်ရယ်၊ တက္ကသိုလ်များ ကိုယ်ပိုင် လွတ်လပ်စီမံခွင့် မူဝါဒတွေ ချမှတ်ကြပြန်တယ်။ ရလဒ်ကတော့ ငွေကြေး တတ်နိုင်တဲ့ ချမ်းသာကြွယ်ဝသော ကျောင်းသားတွေသာလျှင် တိုင်းပြည် အနှံ့အပြားမှာ ရှိတဲ့ တက္ကသိုလ်တွေက စီစဉ်တဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ဖြေဆိုဖို့ ခရီး သွားလာနိုင်ကြ တာပါပဲ။ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားများဟာ အမျိုးသား ၀င်ရောက်ဖြေဆိုခွင့် အစီအစဉ် National Admission scheme လောက်ကိုပဲ အားကိုးရတော့တယ်။

သေချာတာကတော့ မြန်မာနိုင်ငံမှာ ဒီအခြေအနေတွေ ထက်ကို ပိုလို့ ဆိုးရွားလွန်းနေတာပါ။ ခန့်မှန်းခြေအရ မြန်မာကလေးငယ် တစ်သန်းကျော်ဟာ ကျောင်းရဲ့ အပြင်ဖက်မှာပဲ ရှိနေဆဲ။ မူလတန်းအဆင့် ပြီးစီးအောင် တက်ရောက်နိုင်ခွင့် ရရှိသူကလေးများဟာ ၇၀ ရာခိုင်နှုန်းအောက်မှာ ရှိနေတယ်။ အတန်းနဲ့ အသက်လည်း လွဲနေကြတုန်းပါပဲ။ မူလတန်း စတင်တက်ရောက်ခဲ့တဲ့ ကလေးငယ် ၁၀၀ မှာ အလယ်တန်း ၈ တန်းအဆင့် အောင်မြင်သူဟာ ၂၀ ဦးပဲရှိ ကျန်ရှိတော့တယ်။

နောက်ဆုံးပိတ် ဒေတာတွေအရလည်း အစိုးရက ပညာရေးဘတ်ဂျက်ကို တိုးမြှင့် သုံးစွဲလာခဲ့ပေမယ့်လို့ ရလဒ်များကတော့ ကျေနပ် အားရဖွယ်ရာ မရှိသေးဘူးလို့ ယူဆရပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ဒေတာတွေအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ဟာ ရှစ်နှစ်အတွင်းမှာ အနိမ့်ကျဆုံးပါပဲ။ ၀င်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ ၆၃၆ ၂၃၇ ယောက်ထဲက ၁၉၀ ၄၀၀ ဦးရေသာလျှင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ်။ ၂၉ ဒသမ ၉ (၂၉.၉) ရာခိုင်နှူန်းမျှသာ ရှိပါတယ်။ အောင်မြင်သူတွေ ကသာလျှင် ဘ၀မှာ တက္ကသိုလ်ပညာရေးကို တက်ရောက်ခွင့် ရရှိနိုင်ကြပါလိမ့်မယ်။

၂၀၀၉ ခုနှစ်တုန်းက အောင်ချက်က ၃၀.၄၊ ၂၀၁၀ မှာ ၃၄.၉၊ ၂၀၁၁ ခုနှစ်မှာ ၃၅.၁၊ ၂၀၁၂ ခုနှစ်မှာ ၃၄.၄၊ ၂၀၁၃ ခုနှစ်မှာ ၃၄.၉၊ ၂၀၁၄ ခုနှစ်မှာ ၃၁.၇၊ နဲ့ ၂၀၁၅ ခုနှစ်မှာ ၃၇.၆ ရာခိုင်နှူန်း အသီးသီး ရှိခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးခေတ် မတိုင်မီတုန်းကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဗဟိုအချက်အချာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ပညာရေး ဗဟို နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေသိ ဆယ်စုနှစ်ပေါင်း များစွာတိုင် တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို လျစ်လျူရှူခဲ့တဲ့ ဆိုးကျိုးရလဒ်ဟာ အင်မတန်မှပဲ ရက်စက်ခါးသည်း လွန်းလှပါတယ်။ အလျင်အမြန် ကုစား ကယ်တင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ အခြေအနေတွေဟာ ပိုပြီးတော့ကို ဆိုးရွားလာဖွယ်ရာ ရှိနေတယ်။ လူသား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်မှာ မဟုတ်ပါဘူး။ အိမ်နီးနားချင်း နိုင်ငံများကိုလည်း အမီလိုက်နိုင်ဖို့ရာ မလွယ်လှပါဘူး။

No comments:

Post a Comment