Tuesday, August 30, 2016

အနာဂတ်ပျောက်ဆုံးနေသည့် ဒုက္ခသည်စခန်းထဲက ဘ၀အဖုံဖုံ

မြတ်သူအောင်


ဆယ်တန်းကို ၂ နှစ်ဆက်တိုက် အခက်အခဲတွေကြားထဲက အောင်အောင် ဖြေထားတဲ့ ဇော်နိုင်လင်းတယောက် အခု တက္ကသိုလ်ဆက်တက်ဖို့ စရိတ်ရအောင် စစ်တွေမြို့ပေါ်မှာ အလုပ်ရှာဖို့ ထွက်သွားတယ်။

“အလုပ်ကလျှောက်တယ်၊ မရဘူး။ ဆယ်တန်းအောင်ရုံနဲ့ မရဘူးတဲ့။ ကျနော်က Day တက်မယ်ဆိုတော့ သူတို့က မခန့်ဘူးတဲ့။ အဝေးသင်တက်မှ ခန့်မှာတဲ့” လို့ အလုပ်လျှောက်ရာမှာ ကြုံရတဲ့ အခက်အခဲကို ဇော်နိုင်လင်းက ပြောပြပါတယ်။

သူ ဘွဲ့တခုရပြီး အစိုးရဝန်ထမ်းဖြစ်ဖို့က သူ့အဖေ ဦးမောင်ကျော်ဦးရဲ့ အိပ်မက်တခုပါ။

“အန်ကယ်က သားကို ဝန်ထမ်းတွေဘာတွေ ဖြစ်စေချင်တာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အခုဆိုရင် ဝန်ထမ်းတွေက လစာကောင်းလာပြီ” လို့ ဦးမောင်ကျော်ဦးက သူ့သားနဲ့ပတ်သက်တဲ့ သူ့ရဲ့အိပ်မက်ကို ပြောပါတယ်။

သားသမီး ၇ ယောက်ရှိတဲ့ ဦးမောင်ကျော်ဦးဟာ သူ့သားအငယ်ဆုံး ဇော်နိုင်လင်းရဲ့ ပညာရေးအတွက် သူပိုင်ဆိုင်သမျှတွေ ရောင်းပြီး ပေါက်တောမြို့ကနေ စစ်တွေမြို့ကို ပြောင်းလာခဲ့တာပါ။

စစ်တွေရောက်လို့ ၂ နှစ်အကြာမှာပဲ သူတို့မိသားစု မထင်မှတ်ထားတဲ့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

“လယ်တွေ၊ အိမ်တွေ၊ နွားတွေကိုရောင်းပြီး မြို့ကိုတက်လာခဲ့တာ။ ၂၀၁၀ ခုနှစ်မှာ တက်လာတာ။ တက်လာပြီးတော့ ဒီမှာ မြေ၀ယ်တယ်၊ အိမ်ဆောက်တယ်။ အိမ်ဆောက်ပြီးတော့ နှစ်ပတ်လောက်အကြာမှာ ကုလားနဲ့ ပဋိပက္ခဖြစ်တာပေါ့။ အန်ကယ်လည်း တကယ့်ကို ကံဆိုးတာ။ အန်ကယ့်ရင်ထဲမှာ မီးလောင်သွားတယ်။ အိမ်ကို မီးလောင်သွားသလို အန်ကယ့်ရင်ထဲမှာ မီးလောင်သွားတယ်။ မျက်စိကိုပြာသွားတာပဲ” လို့ ဦးမောင်ကျော်ဦးက ပြောပါတယ်။

အဲ့ဒီအဖြစ်အပျက်ကြောင့် မောင်ဇော်နိုင်လင်းတယောက် ပညာရေးတဝက်တပျက်နဲ့ ဒုက္ခသည်စခန်းကို ရောက်သွားခဲ့ပြီး ဆယ်တန်းကို ၂ နှစ်ဆက်တိုက် ဖြေလိုက်ရတော့တယ်။

အလုပ်အကိုင်ရှားတဲ့ ဒုက္ခသည်စခန်းလို နေရာမျိုးမှာ သူ့သားအတွက် မက်ခဲ့တဲ့ အိပ်မက်တွေဟာ တကယ်ဖြစ်လာဖို့ မလွယ်ကူလှတော့ပါဘူး။

“ကျောင်းဆက်ထားဖို့က အန်ကယ်တို့မှာ ကြိုးစားနေတာပဲ။ မိသားစုထဲမှာမှ ဝန်ထမ်းတယောက် ဖြစ်စေချင်လွန်းလို့၊ ပညာတတ်တယောက် ဖြစ်စေချင်လွန်းလို့ အန်ကယ်တို့က ကြိုးကြိုးစားစား ထားရတာ။ သူက ဘာသိမလဲ၊ ကျောင်းလခတောင်းတယ်။ မရှိရင် ရှာပေးရတယ်။ Day တက်မယ်ဆိုလည်း အလုပ်တွေဘာတွေ ဝင်လုပ်၊ ဆိုင်တွေ ကုမ္ပဏီမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ပိုက်ဆံရရင် ၀င်လုပ်၊ အဲ့လိုပြောထားတယ်။ အန်ကယ်ကလည်း အသက်ကြီးနေပြီ။ ပိုက်ဆံရှာရမယ်၊ ပိုက်ဆံမဖြုန်းနဲ့၊ ဖုန်းထည့်ဖို့ ပိုက်ဆံတောင်းတာတမျိုး ဆိုင်ကယ်မှာ ဆီထည့်ဖို့ တောင်းတာတမျိုး၊ အန်ကယ်တို့ပဲ ရုန်းကန်ပေးနေရတာ။ အစတည်းက သူက Day တက်မယ်ဆိုရင် Day တက်လို့၊ သူက ဘူမိယူထားတယ်။ အန်ကယ်တို့က ဘူမိကို မယူစေချင်ဘူး။ နောက်တခုကို ယူစေချင်တယ်။ ဘူမိက ဝန်ထမ်းတော့ ဝန်ထမ်းပေါ့၊ နေရာတကာမှာ မပန်းစေချင်ဘူးလေ။ ဘူမိက မြေကြီးတို့ ကျောက်တို့ကို လေ့လာရတာ” လို့ ဦးမောင်ကျော်ဦးက သူ့သားအတွက် ရုန်းကန်ခဲ့ရပုံတွေကို ပြောပါတယ်။

ဦးမောင်ကျော်ဦးတို့လိုပဲ တချိန်က စစ်တွေမြို့ပေါ်မှာ အိမ်တဆောင် မီးတပြောင်နဲ့ နေခဲ့ရတဲ့ ဆရာမ ဒေါ်တင်ထွေးတို့ မိသားစုဘဝဟာလည်း အဲ့ဒီ ဘာသာရေးပဋိပက္ခကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရပါတယ်။ အရင်က ဆရာမ ဒေါ်တင်ထွေးတို့ မိသားစု စစ်တွေမြို့ပေါ်မှာ အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ပေမယ့် ခုတော့ မြို့နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ သက္ကေပြင်ဆိုတဲ့ ရွာကလေးမှာ ချို့တဲ့စွာ ရှင်သန်နေရပါတယ်။ အရင်က သူ့အမျိုးသားက ကုန်သည်တယောက်ဖြစပြီး လျှပ်စစ်ပစ္စည်းဆိုင်လည်း ဖွင့်ထားတာကြောင့် သူတို့မိသားစုဝင် ၇ ယောက်အတွက် ချောင်လည်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ အတိတ်မှာ ကျန်နေခဲ့ပါပြီ။

“စစ်တွေအိမ်ကတော့ အကုန်လုံး မီးတွေဘာတွေ အဆင်ပြေပါတယ်။ အဲယားကွန်းနဲ့၊ အမတို့အိမ်မှာက စလောင်းလည်းရှိခဲ့တယ်၊ အကုန်လုံး ရှိခဲ့တာပေါ့။ တီဗွီဆိုရင် အပေါ်အောက်၊ အပေါ်မှာကြည့်ချင်ကြည့်၊ အောက်မှာကြည့်ချင်ကြည့် အဲလိုပေါ့၊ ရေဆိုရင်လည်း ခလုတ်လေးနှိပ်လိုက်ရုံနဲ့ အဆင်ပြေတယ်” လို့ ဆရာမ ဒေါ်တင်ထွေးက အရင်နေခဲ့ရတဲ့ဘ၀ကို ပြန်တမ်းတရင်း ပြောပါတယ်။

“ဒီမှာကတော့ အကုန်လုံး လက်နဲ့လုပ်နေရတာပေါ့။ မီးလည်းမရှိဘူး၊ ဆိုလာပြားကို အားကိုးရတယ်။ ရပ်ကွက်မီးကို အားကိုးရတာပေါ့။ ဟိုမှာဆိုရင်တော့ မနက်မိုးလင်းတာနဲ့ အကုန်လုံး အဆင်သင့်ပဲ။ အိမ်ဖော်တွေလည်း ထားနိုင်ခဲ့တယ်။ ခုဆိုရင်တော့ အကုန်လုံးကို အမတို့က ဦးဆောင်ပြီး လက်နဲ့လုပ်နေရတာပေါ့” လို့ ဒေါ်တင်ထွေးက ဆက်ပြောပါတယ်။

အရင်က ယောက်ျားဖြစ်သူ ဝင်ငွေကောင်းခဲ့လို့ သူ့ကျောင်းဆရာမလစာဆိုတာ သူတို့မိသားစုအတွက် ဘာမှ မပြောပလောက်ပေမယ့် ခုတော့ သူ့လစာ တခုတည်းကိုပဲ မှီခိုနေကြရပါတယ်။

“မကြီးလစာကတော့ အဲ့ဒီတုန်းက မုန့်ဖိုးပဲ။ ကလေးတွေရဲ့ မုန့်ဖိုးနဲ့ အမကြီးရဲ့ အသုံးစရိတ်၊ အခုဆိုရင်တော့ မကြီးလစာက မလောက်ဘူးလေ။ အကုန်လုံးဝယ်ရတာပေါ့၊ ရိက္ခာကတော့ ဆန်ရယ်၊ ဆီရယ်၊ ပဲရယ်ပဲ ရတာလေ။ ထင်းလည်းမရှိဘူး။ အိမ်မှာ ထင်းလည်းလိုတယ်။ ဟင်းတွေ ဘာတွေလည်း လိုတာပေါ့။ လစာနဲ့ မလောက်ဘူးပေါ့ အခုဆိုလို့ရှိရင်” လို့ ဒေါ်တင်ထွေးက ပြောပါတယ်။

ကျောင်းဆရာမဘဝနဲ့ ရခိုင်ပြည်နယ်တနံတလျား တာဝန်ထမ်းဆောင်ခဲ့တဲ့သူမဟာ အခုတော့ လွတ်လပ်မှုတွေအားလုံး ဆုံးရှုံးသွားခဲ့ရပါပြီ။

“မွေးကတည်းက ၃၉ နှစ်ထိ လွတ်လွတ်လပ်လပ် သွားခဲ့ပါတယ်၊ နေခဲ့ပါတယ်၊ ၂၀၁၂ ဇွန်လ ၁၀ ရက်မတိုင်မီပေါ့၊ သွားချင်သလိုသွား၊ နေချင်သလို နေနေခဲ့ရပါတယ်” လို့ ဒေါ်တင်ထွေးက တမ်းတမ်းတတ ပြောပါတယ်။

လက်ရှိကာလမှာတော့ စစ်တွေမြို့ပေါ်က သူတို့ရဲ့ အိမ်နေရာဟောင်းလေးကို သွားကြည့်ချင်လို့ပဲဖြစ်ဖြစ်၊ မိတ်ဟောင်းဆွေဟောင်းတွေဆီ အလည်အပတ်သွားဖို့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ သွားလို့မရတာ့တဲ့ အကြောင်းကိုလည်း ဒေါ်တင်ထွေးက “သွားလို့ရှိရင် လုံခြုံရေးငှားရတယ်၊ လုံခြုံရေးခပေးရတယ်၊ ကားငှားခပေးရတယ်၊ လုံခြုံရေးခ မတတ်နိုင်ရင် သွားဖို့မလွယ်ဘူး၊ လုံခြုံရေးခက အနည်းဆုံး အနိမ့်ဆုံး ၃၀၀၀၀ လောက်ကုန်တယ်၊ တခါသွားရင် ကားခနဲ့ဆိုလို့ရှိရင် အဲဒီ ၃၀၀၀၀ က မပေးနိုင်ဘူး” လို့ ပြောပါတယ်။

သူကိုယ်တိုင် ဘွဲ့ရပြီး အစိုးရဝန်ထမ်းဖြစ်တဲ့ ဒေါ်တင်ထွေးတယောက် သူ့သားသမီးတွေကိုလည်း ပညာတတ်ကြီးတွေဖြစ်ပြီး ရာထူးရာခံတွေနဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်စေချင်ခဲ့တာ။

“သားကြီးဆိုရင် ကြီးလာရင် ဗိုလ်မှူးကြီးလုပ်မယ်၊ ဗိုလ်ကြီးလုပ်မယ်၊ သမီးဆိုရင် ဆရာဝန်ဖြစ်အောင် သင်ပေးမယ် အဲလို မျှော်လင့်ချက်ထားခဲ့ပါတယ်”

သူ့သားကြီးဖြစ်တဲ့ မောင်သူရိန်တင်ရွှေကလည်း မိခင်ဖြစ်စေချင်တဲ့ ပညာတတ်ဖြစ်ဖို့ အခက်အခဲကြားက ကြိုးစားခဲ့တယ်။

“ညီလေးက သူငယ်တန်းကနေ ခုနှစ်တန်းအောင် ရှစ်တန်းတက်ခဲ့ပါတယ်။ တရက် နှစ်ရက်ပဲ တက်ခဲ့ရပါတယ်။ အဲဒီမှာ ပြဿနာဖြစ်ပြီးတော့ ဒီမှာလာပြီးတော့ သုံးလေးလလောက် ကျောင်းတွေ ဘာတွေလည်း မရှိပါဘူး။ လေးငါးလလောက်နေမှ ကျောင်းတွေဘာတွေ ဖွင့်လာတယ်။ အဲဒီမှာ သုံးလ လေးလပဲ၊ ရှစ်တန်း သုံးလလေးလပဲ တက်ခဲ့ပြီးတော့ ကိုးတန်း အအောင်ပေးလိုက်ပါတယ် ကျနော်တို့ကို၊ ကိုးတန်းပြီးတော့မှ ဆယ်တန်း” လို့ မောင်သူရိန်တင်ရွှေက ဒုက္ခသည်စခန်းထဲမှာ သင်ကြားရတဲ့ ပညာရေးအခြေအနေကို ပြောပြပါတယ်။

မောင်သူရိန်တင်ရွှေ ဆယ်တန်းရောက်တဲ့အခါ ဆရာ ဆရာမ မလုံလောက်တာကြောင့် သူတို့ထက် အတန်းကြီးတဲ့သူတွေကပဲ ဖေးမကူညီ သင်ပေးကြတာပါ။

“စစ်တွေမှာတုန်းက ဆရာမတွေလောက်တော့ သင်ပေးပါတယ်။ ဒီမှာတော့ ဆရာမတွေက မရှိဘူး။ ဘော်လန်တီရာတွေပဲ သင်ပေးတယ်။ နည်းနည်း ပုစ္ဆာတွေ ခက်လာပြီဆိုရင် သူတို့လည်းမရဘူး မေးလို့” လို့ သင်ကြားရတဲ့ အခက်အခဲကို မောင်သူရိန်တင်ရွှေက ဆက်ပြောပါတယ်။

ဒီအဆင်မပြေတာတွေကြားထဲကပဲ သူ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်ဆက်တက်ခွင့်ရဖို့က သူ့အတွက် လတ်တလောဆန္ဒပါ။ ဒါပေမယ့် သူ့ဆန္ဒကို တားဆီးနေတဲ့ အရာတွေက ရှိနေတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“တက္ကသိုလ်တော့ တက်ချင်ပါတယ်။ အနေအထားက ကျနော်တို့ လမ်းသွားလာခွင့် မရှိတော့ဘူး။ ငယ်ငယ်တုန်းကဆိုရင် ဘွဲ့ရရင် နိုင်ငံခြားတွေ ဘာတွေ သွားမယ်၊ ပညာတွေ ဘာတွေ လေ့လာမယ်၊ အဲ့လိုစိတ်ကူးရှိခဲ့ပါတယ်။ ခုကြတော့ မဖြစ်နိုင်တော့ဘူးလေ။”

သူတို့ရဲ့ သက္ကေပြင်ရွာကလေးမှာ မောင်သူရိန်တင်ရွှေလိုပဲ ဆယ်တန်းအောင်ပြီးသူ လူငယ် ၁၃ ယောက်ရှိပြီး သူတို့ချင်းဆုံပြီဆိုရင် သူတို့ရဲ့ အနာဂတ် ပညာရေးအကြောင်းကိုပဲ ပြောဆို ဆွေးနွေးလေ့ ရှိကြပေမယ့် သူတို့အတွက်တော့ အဖြေမရှိတဲ့ ပုစ္ဆာတပုဒ်ကို တွက်နေရသလို ဖြစ်နေပါတော့တယ်။

“ကျနော်က သူတို့ကို မေးပါတယ်။ မင်း ဘယ်တက္ကသိုလ်တက်မလဲ၊ သူတို့က ညီလေးကိုပြောတယ် ခု ဘယ်မှသွားလို့မရဘူး၊ ဘယ်လိုလုပ်မလဲ အဲ့ဒီလိုပဲ တိုင်ပင်တယ်။ သွားလို့ရရင် ကောင်းမှာပဲ။”

No comments:

Post a Comment