Wednesday, August 31, 2016

တိမ်ကောနေတဲ့ ရပ်မိရပ်ဖ ယဉ်ကျေးမှုနဲ့ ပြာဖုံးနေတဲ့ အမျိုးသားရေး လက္ခဏာများ

မင်းကောင်းချစ်


လူတဦးတယောက်အတွက်ဖြစ်ဖြစ်၊ လူမျိုးတမျိုးဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံဖြစ်ဖြစ် ကိုယ်ပိုင်ဂုဏ်ရည်၊ လူမျိုး အမှတ်အသား၊ နိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာ (National Identities) တွေဆိုတာ တခုတင်မကဘဲ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကလူမျိုး ၈ မျိုးနဲ့ လူမျိုးငယ်စုတွေ ပေါင်းရင် လူမျိုးပေါင်း ၁၀၀ ကျော်ရှိနေတော့ တိုင်းရင်းသားတွေ အပါအ၀င် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာတွေကလည်း ရာကျော်မက ထောင်ချီရှိနိုင်တာပေါ့။

ဥပမာတချို့ဆောင်ရရင် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အမျိုးသားရေးလက္ခဏာတွေ (Burma’s National Identities) ကတော့ …

(၁) ဂါရ၀ထားတတ်ခြင်း၊ (၂) ယဉ်ကျေးသိမ်မွေ့ခြင်း၊ (၃) အေးချမ်းစွာနေလိုခြင်း၊ (၄) ခင်မင်ဖော်ရွေခြင်း၊ (၅) ယိုင်းပင်းကူညီတတ်ခြင်း၊ (၆) ပျော်ပျော်နေတတ်ခြင်း၊ (၇) သည်းခံတတ်ခြင်း၊ (၈) အားနာတတ်ခြင်း၊ (၉) ယုံကြည်တတ်ခြင်း၊ (၁၀) သနားကြင်နာတတ်ခြင်း၊ (၁၁) ခွင့်လွှတ်တတ်ခြင်း၊ (၁၂) ရောင့်ရဲတတ်ခြင်း၊ (၁၃) မဟုတ်မခံတတ်ခြင်း၊ (၁၄) ရဲရင့်ခြင်း၊ (၁၅) သစ္စာစောင့်တတ်ခြင်း၊ (၁၆) ကတိတည်ကြည်ခြင်း၊ (၁၇) ဇွဲကြီးခြင်း၊ (၁၈) ဝီရိယကောင်းခြင်း၊ (၁၉) ကျေးဇူးသိတတ်ခြင်း၊ (၂၀) လှူဒါန်းစွန့်ကြဲလိုစိတ်ထက်သန်ခြင်း၊ (၂၁) ရိုးသားခြင်းတို့ပါပဲ။

လူ့လောကမှာ လူပုဂ္ဂိုလ်တဦးဟာ လူလူချင်းဆက်ဆံရာမှာ ဂါရဝတရားမရှိဘူး၊ ဒေါသခက်ထန်လွယ်ပြီး အကြမ်းဖက်လေ့ရှိတယ်၊ ယဉ်ကျေးသိမ်မွေ့မှုမရှိဘဲ ရုန့်ရင်းကြမ်းတမ်းစွာ အမြဲတစေ အော်ဟစ်ဆဲဆိုပြုမူ စော်ကားတတ်ရင် ရိုင်းစိုင်းတဲ့လူလို့ သတ်မှတ်ကြတယ်။

အဲ့ဒီလိုပါပဲ၊ အရပ်ဒေသတခု၊ တိုင်းနိုင်ငံတခုမှာ အုပ်ချုပ်တဲ့ အစိုးရတရပ်ဟာ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖတွေကို အလေးမထားဘူး၊ ပညာရှင်တွေကို နေရာမပေးဘူး၊ လုပ်ချင်ရာလုပ်၊ အနိုင်ကျင့် အကြမ်းဖက်လေ့ရှိတယ်ဆိုရင် အုပ်စိုးသူ အရိုင်းအစိုင်း ပညာမဲ့ အာဏာရှင်အစိုးရလို့ သတ်မှတ်ကြသလို သူတို့ ဗိုလ်ကျအုပ်စိုးတဲ့ နိုင်ငံဟာလည်း ရိုင်းစိုင်းနိမ့်ကျသွားတော့တာပါပဲ။

ကိုယ်ကျင့်တရား ပျက်ယွင်းနေတဲ့ စစ်အာဏာရှင်တွေ နှစ်ပေါင်း ၅၀ ကျော် မင်းမူကြီးစိုးခွင့် ရသွားတာမို့ အထက်မှာ ရေးပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာ အများအပြားဟာ တဖြည်းဖြည်းချင်း တိမ်ကောပျောက်ကွယ်သွားနေတယ်။ အဲ့ဒီအထဲမှာ ဂါရဝတရားကို အခြေခံတဲ့ လူကြီးသူမ၊ ရပ်မိရပ်ဖတွေရဲ့ ထိန်းကျောင်းစောင့်ရှောက်မှုနဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ အမျိုးသားရေးလက္ခဏာကောင်း ၂ ရပ် ပါဝင်သွားတာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။

“ဟေ့.. မဆိုင်သူ မကပ်နဲ့ကွနော်၊ မင်းတို့မယားတွေ မုဆိုးမဖြစ်စေချင်ရင် ဘေးဖယ်နေကြ” လို့ ကြိမ်းမောင်းအော်ဟစ်ရင်း သေနတ်တရမ်းရမ်းနဲ့ ဓားပြတိုက်နေတဲ့ ဇာတ်ဝင်ခန်းကို ရုပ်ရှင်ဗွီဒီယိုတွေထဲမှာ စာဖတ်သူတချို့ ကြည့်ဖူးကြမှာပါ။ အကာအကွယ်မဲ့နေတဲ့ အစည်းအဝေးခန်းမထဲမှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပြီး အတွင်းဝန်ရုံး လှေခါးအတိုင်း ဘရင်းဂန်းသေနတ်တွေရမ်းပြီး ပစ်ခတ်ရင်းပြေးဆင်းလာတဲ့ ဂဠုန်ဦးစော စေလွှတ်လိုက်တဲ့ လူသတ်သမားအုပ်စုဟာလည်း အဲ့ဒီလို သဘောရတဲ့ ခြိမ်းခြောက်မှုစကားတွေ အော်ဟစ်ခဲ့တာပါပဲ။

အဲ့ဒီလိုပါပဲ စစ်အာဏာရှင်ကြီး ဦးနေ၀င်းဟာလည်း စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မဖောက်ဘူး … ပစ်ရင် တည့်တည့် မှန်အောင်ပစ်တာလို့ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး အကြောက်တရားဝန်းကျင် အရိပ်မည်းကြီးကို ဖန်းတီးလို့ ဗိုလ်ကျအနိုင်ကျင့်ခဲ့ကြတာပဲ မဟုတ်လား။

မိမိမှာရှိတဲ့ လက်သည်း၊ အစွယ်၊ ဦးချို စတဲ့ လက်နက်ကိုသာ အားထားပြီး ကြီးနိုင်ငယ်ညှဉ်း သတ်ဖြတ်စားသောက်လေ့ရှိတဲ့ တောရိုင်းဥပဒေသလို ဓားလှံသေနတ် လက်နက်အားကိုးနဲ့ လူလူချင်း အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ စစ်အာဏာရှင် အမှောင်ခေတ်တလျှောက်လုံးမှာ သူတို့ မတရားလုပ်တာကို ဆန့်ကျင်ကြတဲ့သူတွေကို နှစ်ပေါင်း ၅၀ ကျော် သတ်ဖြတ်ညှဉ်းဆဲ၊ အလုပ်ဖြုတ်၊ ဘ၀ပျက်အောင်လုပ်ပြပြီး အကြောက်တရားနဲ့ အမိန့်နာခံအောင် လုပ်ခဲ့တာဆိုတော့ မြန်မာ့လူ့အဖွဲ့အစည်းကြီးမှာ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ သတ္တိတွေ ပျောက်ဆုံးခဲ့ရတယ်။ မတရားတဲ့ အမိန့်အာဏာမှန်း သိပေမယ့် ခေါင်းငုံ့လက်ခံတဲ့ အလေ့အထတွေနဲ့ အသားသေလာခဲ့ကြရတာပါ။

ဗိုလ်ကျသူတိုင်း ကျင့်သုံးလေ့ရှိတဲ့ နည်းနာက လက်နက်အင်အား၊ ငွေအင်အား၊ စီးပွားအင်အား၊ အသိုင်းအဝိုင်းအင်အား၊ အသိပညာအင်အား၊ ကာယဗလအင်အား စတဲ့ မိမိကအားသာတဲ့ အင်အားတခုခုကိုသုံးပြီး တဘက်လူကို အနိုင်ယူ မင်းမူပြီး မလှန်နိုင်အောင် နှိပ်ကွပ်လို့ အကြောက်တရားတွေ ဖန်တီးတဲ့ နည်းလမ်းပါပဲ။ ဗိုလ်ကျစီးပိုးမှုဆိုတာ တကယ်တော့ သီလချို့ယွင်းမှုနဲ့ ဉာဏ်ရည်နိမ့်ကျမှုရဲ့ ပြယုဂ်သာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ကျားကန် ထောက်ကူပေးနိုင်အောင် တပ်မတော်အရာရှိတွေကို အရပ်ဘက်၊ နယ်ဘက် အုပ်ချုပ်ရေးဌာနတွေမှာ ခန့်အပ်နေရာပေးခြင်းကို နှစ်ရှည်လများ မိုက်မဲစွာ ဆောင်ရွက်ခဲ့ခြင်းရဲ့ ဆိုးကျိုးရလဒ်ကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြင်မတော်တဲ့ကိစ္စတွေ၊ မလုပ်သင့်တဲ့ အရာတွေကို မကောင်းမြစ်တား ကောင်းရာညွှန်လတ်ကြမယ့် ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ ယဉ်ကျေးမှုကြီး တိမ်ကောပျောက်ကွယ်သွားခဲ့တာပါပဲ။

ခေါင်ကအစ မိုးမလုံလေတော့ အထက်အမိန့်ကိုသာ မဆင်မခြင် နာခံတတ်အောင် လေ့ကျင့်သင်ကြားပေးတာပဲ ခံခဲ့ရသလို ငါ့အလှည့်ကျရင် စားမယ်ဝါးမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ အကျင့်သီလ ချွတ်ခြုံကျနေတဲ့ စစ်ဗိုလ်အများစုက အရပ်ဘက်လူ့အဖွဲ့အစည်းမှာ နေရာရလာတော့ တတ်သိပညာရှင်တွေ၊ ရပ်မိရပ်ဖတွေကို မလေးမစား အဂါရဝတရားတွေနဲ့ ဆက်ဆံ၊ မသင့်တော်လို့ အကြံပေးရင် လက်မခံ၊ ဖားယားကပ်ရပ်သူတွေကို နေရာပေး မြှောက်စား၊ မှန်မှန်ကန်ကန်လုပ်တဲ့သူဆိုရင် ချောင်ထိုးဖိနှိပ် အလုပ်ဖြုတ် စတဲ့ အကြောက်တရားဝန်းကျင်ကို ပီပီပြင်ပြင် နှစ်ရှည်လများ တည်ဆောက်ခဲ့ကြတာ မဟုတ်လား။

ဒီတော့ ရပ်မိရပ်ဖ လူကြီးသူမတွေ၊ လူကောင်းသူကောင်းတွေ အားလုံးလိုလိုဟာ အရပ်ထဲရွာထဲမှာ နောက်ဆုတ်ပြီး ရေငုံနှုတ်ပိတ်နေကြတော့တာပေါ့။ အဲ့ဒီလို ရပ်မိရပ်ဖ ယဉ်ကျေးမှုကြီး တိမ်ကောဆိတ်သုဉ်းသွားတာဟာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ခင်ညွန့် မင်းမူဗိုလ်ကျတဲ့ခေတ်မှာ အဆိုးဝါးဆုံး အမြင့်ဆုံးကို ရောက်ခဲ့ရတာပါ။ ဘာကြောင့်လို့လဲဆိုတော့ အဲ့ဒီခေတ်ဆိုးအတွင်းမှာ တပ်ထောက်လှမ်းရေးက တပ်ကြပ်ကြီးအဆင့်လောက်ကို ဗျူဟာမှူးတွေ၊ ဗိုလ်မှူးကြီးအဆင့်ရှိသူတွေက ကြောက်ကြရတာကိုး။ မကြောက်လို့ရမလား .. အဲဒီဗျူဟာမှူးတွေ၊ ဗိုလ်မှူးကြီးတွေ၊ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ မဟုတ်တရုတ် လုပ်ထားတာတွေကို ထောက်လှမ်းရေးကသိပြီး အညှာကို ကိုင်ထားတာလေ။

အဲ့ဒီလို ရပ်မိရပ်ဖယဉ်ကျေးမှု ပျောက်ကွယ်သွားတဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လတုန်းက မိသားစုကိစ္စ အကြောင်းပြုလို့ အိမ်ပြန်ရောက်ခဲ့တော့ အလွန်ဝမ်းနည်းဖွယ်ရာ အုပ်ထိန်းသူမဲ့နေတဲ့ ရပ်ရွာအုပ်ချုပ်ရေး အခြေအနေကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ တကယ်တော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ တာဝန်ဝတ္တရားတွေထဲမှာ အရပ်ထဲရွာထဲက အမြင်မတော်တာတွေ၊ ဥပဒေနဲ့ မညီညွတ်တာတွေကို ရပ်မိရပ်ဖသဖွယ် ထိန်းကျောင်းပဲ့ပြင် မျှမျှတတ ဆိုဆုံးမ အုပ်ချုပ်ရမှာ မဟုတ်လား။

အခုတော့ အဲ့သလိုမဟုတ်ဘဲ သူတို့က အရပ်ထဲနေထိုင်ကြောင်း ထောက်ခံချက် ထုတ်ပေးရတာ၊ အစိုးရ ကြေညာချက် ထုတ်ပြန်ရတာလောက်သာ သူတို့အလုပ်လို့ မှတ်နေပုံရတယ်။ သာရေးနာရေး အကြောင်းပြပြီး နေထိုင်မကောင်းတဲ့ လူမမာတွေ၊ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးတွေကို လုံးဝညှာတာမှုမရှိဘဲ အသံချဲ့စက် လော်စပီကာတွေကို မီးကုန်ယမ်းကုန် နေ့နေ့ညညဖွင့်ပြီး နှိပ်စက်နေတာကို တားမြစ်ရကောင်းမှန်းလဲမသိ၊ တခါတရံ သူတို့ကိုယ်တိုင်ကဦးဆောင်နေတာတောင် တွေ့ရတယ်။

အရပ်ထဲမှာ အိမ်အတော်များများက ကိုယ့်အိမ်ရှေ့ကိုယ် အိမ်မကြီးတံခါးတပ်ပြီး ယာဉ်ဝင်ဖို့ ဆင်ခြေလျောခင်းကြတာများ အများပိုင်လမ်းပေါ်ထိ ကျူးကျော်ခင်းနေကြတာကို ရပ်ကွက်အုပ်ချုပ်ရေးက တလုံးတပါဒမှ ဝင်မပြောဘူး၊ လာမတားကြဘူးလေ။ အရပ်နာရွာနာအောင် ဖဲဝိုင်းထောင်၊ ဇိမ်ခန်းဖွင့်၊ လောင်းကစားဒိုင်ကိုင်၊ မူးယစ်ဆေးဝါး ရောင်းတာသိလည်း မတားမြစ်၊ အရေးမယူဘဲ သိသိနဲ့ လွှတ်ထားကြတာလေ။

ဘာကြောင့် ဒီလိုတွေဖြစ်နေရတာကို လေ့လာလိုက်ရင် တရားဥပဒေစိုးမိုးအောင် မလုပ်နိုင်သေးတာကြောင့် မကောင်းမှုလုပ်နေသူတွေက ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ငွေနဲ့ဝယ်ထားလို့ဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့်နဲ့ အာဏာ၊ အကာအကွယ်တွေ ပြည့်စုံလုံလောက်အောင် မပေးထားလို့ဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင်က အကျင့်ပျက်လို့ဖြစ်ဖြစ်၊ အသိပညာနည်းလို့ဖြစ်ဖြစ် အမှန်တရားဘက်ရပ်ဖို့ သတ္တိမရှိလို့ဖြစ်စေ မလွန်ဆန်နိုင်ကြတာ တွေ့ရတယ်။

နောက်ထပ်ရေးပြချင်တဲ့ ယိုယွင်းပြိုကျနေတဲ့ အမျိုးသားရေးလက္ခဏာကတော့ “ယဉ်ကျေးသိမ်မွေ့ခြင်း” ပါပဲ။ ရှေးအစဉ်အဆက်ဆက်ကတည်းက ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အမျိုးသားရေးလက္ခဏာရပ်တွေထဲမှာ “ယဉ်ကျေးသိမ်မွေ့တယ်” ဆိုတဲ့ လက္ခဏာဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

ယဉ်ကျေးသိမ်မွေ့တယ်ဆိုတဲ့ လက္ခဏာရပ်ဟာ အလွန်ကျယ်ဝန်းလှပါတယ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးဟာ နိစ္စဓူဝ နေထိုင်၊ လုပ်ကိုင်၊ ပြုမူဆက်ဆံ၊ ပြောဆိုသုံးနှုန်း၊ ရေးသားမှုတိုင်း ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ရှိတယ်ဆိုတဲ့ သတ်မှတ်မှုနောက်ကွယ်မှာ အဲ့ဒီနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အသိတရား၊ အတွေးအခေါ်၊ ယဉ်ကျေးမှုအဆင့်အတန်း၊ သမိုင်းအစဉ်အလာ၊ ဓလေ့ထုံးတမ်းနဲ့ စံတန်ဖိုးတွေ မြင့်မားစွာ ကျောထောက်နောက်ခံပြုနေတာ မဟုတ်လား။ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း ယဉ်ကျေးတဲ့လူမျိုးဖြစ်တယ် ဆိုတာကို အမြဲဂုဏ်ယူခဲ့ကြတာပါ။

ဒါပေမယ့်လည်း ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ အမျိုးသားရေးလက္ခဏာဟာ အထူးသဖြင့် အင်တာနက်စာမျက်နှာ လူမှုကွန်ရက်တွေပေါ်မှာ အလွန်ဆိုးဝါးစွာ နိမ့်ကျယိုယွင်းနေတာ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာဆို လူချင်း မျက်နှာချင်းမဆိုင်ရတာကြောင့်လည်း ပိုအတင့်ရဲကြတာနေမှာ၊ မောင်ရင်းနှမ၊ သားအမိ သားအဖ အတူတူ မဖတ်ဝံ့လောက်အောင် ရိုင်းပြတဲ့ စကားလုံးတွေနဲ့ ဆဲကြဆိုကြ၊ ပုံတွေတင်ကြနဲ့ မိုးမွှန်အောင် သောင်းကျန်းနေကြတာ။

တချို့က ကိုယ်မူရင်းပုံကို ပရိုဖိုင်းပုံမတင်ဘဲ ရေးကြဆဲကြတယ်။ တချို့များဆို ကိုယ့်ပရိုဖိုင်းအမှန်နဲ့တောင် အဲ့သလို ဆဲဆိုရေးသားတာကို ရှက်ရကြောက်ရမှန်း မသိတော့ဘူး။ လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကားသတဲ့၊ အဖယုတ်တော့ ကိုယ်ကြမ်း၊ အမိယုတ်တော့ နှုတ်ကြမ်းသတဲ့၊ ဆိုရိုးစကားတွေရှိတယ်။ ကိုယ့်ကြောင့် မိဘဆရာသမားတွေပါ ကဲ့ရဲ့ အပြစ်တင်တာ ခံရတတ်တယ်။

ဒါကြောင့်လည်း လူရွှင်တော် ဇာဂနာထင်ပါရဲ့ ပျက်လုံးထုတ်ရင်း သတိပေးတာ … “မြန်မာတွေက ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲကုန်တာတဲ့” ဆင်းရဲတယ်ဆိုတာ ပစ္စည်းဥစ္စာ ရုပ်ပိုင်းတင်မဟုတ်ဘူး၊ အတွေးအခေါ် အကျင့်စရိုက်၊ စိတ်ဓာတ်တွေ အားလုံးဆင်းရဲကုန်တာလေ။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံကို တကယ်ပဲ ပြုပြင်ပြောင်းလဲမယ်ဆိုရင် တိမ်ကောသွားတဲ့ အမျိုးသားရေးလက္ခဏာတွေကို အသစ်တဖန် ပြန်မွေးဖွားလာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ “မလုပ်၊ မရှုပ်၊ မပြုတ်၊ နေသာသလိုနေ၊ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်းကိုယ်စားရတာ၊ ဘယ်သူသေသေ ငတေမာပြီးရော မဆိုင်ရင်ဝင်မရှုပ်နဲ့၊ ကိုယ့်လမ်းကိုယ်သွား၊ ဘယ်သူအမှားလုပ်နေနေ မျက်နှာလွှဲ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ တာဝန်မဲ့နေ” စတဲ့ အဆိပ်သင့်အတွေးအမြင်တွေ တဖြည်းဖြည်းဖျောက်လို့ လူနဲ့ လူ့ဝန်းကျင်ကို စောင့်ရှောက်တတ်တဲ့၊ အမြင်မတော်တာကို ထိန်းသိမ်းတည့်မတ်ပေးတတ်တဲ့ ရပ်မိရပ်ဖ ယဉ်ကျေးမှုကို တဖန်ပြန်မွေးဖွားဖို့ မဖြစ်မနေ လိုအပ်သလို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံ၊ ပြုမူရေးသား ဝေဖန်ဆွေးနွေးတတ်တဲ့ အကျင့်ကောင်း၊ လက္ခဏာကောင်းတွေ ပြန်လည် ပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

အဲ့ဒါတွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ဆိုရင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် စတဲ့ အခြေခံလူ့အဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်ရေးပေါ်လစီတွေကို အကြောက်တရားနဲ့ နာခံရခြင်းမျိုး မဟုတ်ဘဲ လူကြီးသူမ၊ ရပ်မိရပ်ဖ၊ တတ်သိပညာရှင်များရဲ့ အကြံအဉာဏ်တွေယူလို့ ထိန်းကျောင်းတည့်မတ်သွားဖို့လိုသလို လူငယ်တွေရဲ့ ပညာရေးအဆင့်အတန်းတွေ မြင့်မားလာအောင်၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်တဲ့ အကျင့်စရိုက်ကောင်းတွေကို ငယ်စဉ်ကနေ လေ့လာသင်ယူခွင့်ရှိအောင် ကျောင်းသင်ရိုးတွေထဲမှာ ထည့်သွင်း သင်ကြားနိုင်ဖို့ ပြဋ္ဌာန်းပေးရတော့မှာ ဖြစ်ပါတယ်။ ။

No comments:

Post a Comment