Monday, August 29, 2016

အစိုးရတပ် ထိုးစစ် ရပ်တန့်ရန် ကချင် မဟာမိတ် ပါတီ တောင်းဆို

Kachinnews


မြန်မာ့တပ်မတော်၏ လက်ရှိ ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်ခင် ကချင်ပြည်နယ်တွင်း ထိုးစစ် ဆင် တိုက်ခိုက်နေမှုကို ရပ်တန့် ပေးရန် ကချင် နိုင်ငံရေး မဟာမိတ် ပါတီမှ ယမန်နေ့ က တောင်းဆိုလိုက်သည်။
ရှေ့ အပတ် သြဂုတ် ၃၁ ရက်နေ့တွင် NLD အစိုးရ ဦးဆောင်ပြုလုပ်မယ့် ‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ’ ကို ကျင်းပမည် ဖြစ်သည်။

၂၁ ရာစုပင်လုံကို မြန်မာပြည်သူများနှင့် နိုင်ငံတကာမှ ယုံကြည်မှု အပြည့်ဖြင့် စိတ်ဝင်စားစွာ စောင့်ကြည့်နေသည့်ချိန် အစိုးရတပ်၏ ထိုးစစ်ဆင်နေမှုများသည် ယင်း ယုံကြည်မှုများကို ထိခိုက်စေနိုင်သည့်အတွက် “မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်တန့် ပေးရန်” ကချင် နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPCC က သဘောထား ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။

KPCC တွင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUDP) နှင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) တို့ ပါဝင် ပါသည်။

အစိုးရတပ်မှ ဇူလိုင်လ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးအပြီး သြဂုတ် လဆန်းမှ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။

အဆိုပါ တိုက်ပွဲကြောင့် ယင်းဒေသ ပြည်သူများသည် စစ်ပြေး ဒုက္ခသည်များအဖြစ် လုံခြုံသည့် နေရာများတွင် ထွက်ပြေး ခိုလှုံနေရပါသည်။

သြဂုတ် ၂၃ ရက်နေ့ကလည်း KIO ဗဟို ဌာနချုပ် နယ်မြေဖြစ်သည့် Nhkram Bum တောင် KIA လုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ စခန်းများကို အစိုးရတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် သွားရောက် ပစ်ကူ ခဲ့သည်အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီးနော်ဘူက “NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့များကို လက်မှတ်ထိုးအောင် ဖိအားပေး ခြိမ်းခြောက်တာ ဖြစ်နိုင်မယ်” ဟု ကချင်သတင်းဌာန KNG ကို သူ၏ အမြင် ပြောခဲ့ပါသည်။

ယခု ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် (၆) ရက်အလိုထိ ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ကချင်ပြည်နယ်တွင် တပ်မတော်၏ ထိုးစစ်ကြောင့် KIA နှင့် နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

No comments:

Post a Comment