Monday, August 29, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် ဘက်လိုက်မှုကင်းရန် အစိုးရဘက်က တာဝန်ယူ

မျိုးသူအောင်

ပြည်သူလူထု၏ ဝေဖန်မှုများနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် ပတ်သက်၍ သမိုင်းကြောင်းအရ သမာသမတ်ကျပြီး ဘက်လိုက်မှုကင်းသည့် တွေ့ရှိချက်များရရှိလာရန် အစိုးဘက်က တာဝန်ယူကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။

အဆိုပါ ကော်မရှင် ကိစ္စနှင့် ပတ်သက်၍ ၎င်းအား မေးမြန်းမှုများနှင့် ပတ်သက်၍ ဦးဇော်ဌေးက သြဂုတ်လ ၂၇ရက်နေ့ နေ့လည်ပိုင်းတွင် သူ၏ လူမှုကွန်ရက်၌ ရေးသားခဲ့ခြင်း ဖြစ်သည်။ " အစိုးရဘက်က သမိုင်းကြောင်းအရ သမာသမတ်ကျတဲ့၊ ဘက်လိုက်မှု ကင်းတဲ့ တွေ့ရှိချက်တွေ ဖြစ်လာဖို့ တာဝန် ယူပါတယ်" ဟု ရေးသားထားခြင်း ဖြစ်သည်။

ထို့ပြင် ခိုင်မာပြီး တိကျမှန်ကန်သည့် သမိုင်းကြောင်း အချက်အလက်များ၊ အထောက်အထားများ ပံ့ပိုးပေးရန်နှင့် ကော်မရှင်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

လတ်တလောတွင် လူထုဝေဖန်မှုများနေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို သြဂုတ် ၂၄ ရက်နေ့ ရက်စွဲဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူစေပြီး အဖွဲ့ဝင် (၈)ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ် ဆုရှင် မစ္စတာကိုဖီအာနန်က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးဝင်းမြ (ဥက္ကဋ္ဌ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အ ရေးကော်မရှင်)၊ ဒေါက်တာသာလှရွှေ (နာယက - မြန်မာနိုင်ငံ ကြက်ခြေနီအသင်း)၊ မစ္စတာ ဂါဆန်ဆလမ် (ယဉ်ကျေး မှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃) လက်ဘနွန်နိုင်ငံ)၊ (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၃-၂ဝဝ၆))၊ မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်( ကုလသမဂ္ဂအိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာအစီအစဉ်(UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆) ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅))၊ ဦးအေးလွင် (တည်ထောင်သူတစ်ဦးနှင့် အမြုတေအဖွဲ့ဝင်- ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ))၊ ဒေါက်တာမြသီတာ (ဥက္ကဋ္ဌ - သား ဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊)၊ ဦးခင်မောင်လေး (အဖွဲ့ဝင်- မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်)၊ ဒေါ်စောခင်တင့် (ဥက္ကဋ္ဌ - ရခိုင်စာပေနှင့် ယဉ်ကျေးမှု အ သင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများအသင်း) တို့ဖြင့် ဖွဲ့စည်းခြ့ခြင်း ဖြစ်သည်။

ယင်း ကော်မရှင်၏ တာဝန်များတွင် ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် အခြေခံလူမှု ဝန် ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစားဆောင်ရွက်ရန် ပါဝင်သည်။

အဆိုပါ ကော်မရှင်ဖွဲ့စည်းမှုနှင့် ပတ်သက်၍ နိုင်ငံ၏ အချူပ်အခြာ အာဏာကို ထိခိုက်လာနိုင်သဖြင့် ယင်းကော်မရှင်ကို ဖျက်သိမ်းပေးရန် ဟုဆိုကာ ရခိုင်အမျိုးသားပါတီက သြဂုတ် ၂၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

No comments:

Post a Comment