Saturday, November 26, 2016

ဆင်းရဲနွမ်းပါးမှု၊ မိသားစု စားဝတ်နေရေးနှင့် ထွက်ပေါက်

ခင်ဦးသာ


အိမ်ရှေ့လမ်းမပေါ်က လှမ်းကြည့်လိုက်လျှင် အိမ်တံခါး၊ အကာအရံ မရှိသည့် အိမ်ငယ်လေး တခုပေါ်တွင် လူသူ ကင်းမဲ့နေပြီး၊ အိမ်ပေါက်ဝ၌ အိပ်မောကျနေသည့် ခွေးတကောင်နှင့် အိမ်ထဲရှိ ခုံလေးတခုပေါ်တွင် တင်ထားသည့် ဓာတ်ပုံတပုံတို့ကိုသာ ထင်ရှားစွာ တွေ့ရသည်။

“အဖေက ဒီတန်းမှာ ကြိုးဆွဲချ သေတာပါ” ဟု ဖခင်ဖြစ်သူ၏ သေကြောင်းကြံ သွားသည့် နေရာကို သမီးကြီး ဖြစ်သူက ညွှန်ပြသည်။ ကြိုးဆွဲ ချသေဆုံးသည့် နေရာဟု ဆိုသော အိမ်ခေါင်းမိုးသည် အိမ်ကြမ်းခင်းမှ ၆ ပေကျော် ဝန်းကျင် အမြင့်သာလျှင် ရှိသည်။

သို့သော် သေကြောင်းကြံစည်သူ အသက် ၃၄ နှစ်အရွယ် ကိုကျော်မင်းထွန်းသည် ၆ ပေကျော်သာ အမြင့်ရှိသည့် နေရာ၌ပင် ကွေးကွေးလေး ပုံစံဖြင့် ကြိုးဆွဲချသေဆုံးခြင်း ဖြစ်ကြောင်း ၁၃ နှစ် အရွယ် သမီးအကြီးဆုံး ဖြစ်သူနှင့် ၃၃ နှစ်အရွယ် ဇနီးဖြစ်သူ မစန္ဒာအောင်တို့က ဧရာဝတီကို ပြောသည်။

အသုဘ ဖြစ်ပြီး ရက်ပိုင်းသာ ရှိသေးသည့် အိမ်သည် အသုဘအိမ်နှင့် မတူဘဲ အားလုံး ပုံမှန်ဖြစ်နေသည်။ ခုံလေးတခု ပေါ်တွင် တင်ထားသည့် ဓာတ်ပုံတပုံ၊ ထမင်းဖြူ တပန်းကန်၊ ဟင်းတခွက်၊ ရေတခွက်၊ ဆေးလိပ် တလိပ် ရှိနေခြင်း ကြောင့်သာ အသုဘအိမ်ဟု သိရသည်။ သို့သော် အိမ်ရှေ့ လမ်းမပေါ်မှာတော့ လူဆယ်ဂဏန်းလောက် ရှိသည့် ဖဲဝိုင်း တဝိုင်း ရှိသည်။

သေဆုံးသူ ကိုကျော်မင်းထွန်းသည် နိုဝင်ဘာလ ၁၂ ရက်နေ့၊ နေ့လည် ၁ နာရီ ဝန်းကျင်အချိန်၊ နေအိမ်တွင် မိသားစုဝင်များ မရှိသည့် အချိန်၌ လသားအရွယ် ကလေးငယ်၏ ပုခက်မှ ကြိုးကို ဖြုတ်ယူကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ကိုကျော်မင်းထွန်းအား ပထမဆုံး တွေ့ရှိသူမှာ ၄ နှစ် အရွယ် သမီးလေး ဖြစ်သည်။

ဇနီးဖြစ်သူက “ကျမက အမေ့အိမ်မှာ ရှိနေတုန်း သမီးလေးက ပြေးလာတယ်၊ အမေရေ၊ အဖေကြီး အိမ်ပေါ်မှာ မောင်လေး ပုခက်ကြိုးတွေနဲ့ ချည်နေတယ် ဆိုပြီး လာပြောတယ်၊ ကျမလည်း အပြေးအလွှား လိုက်သွားပေမယ့် သူက သတိ မရတော့ဘူး၊ ဒါပေမယ့် အသက်တော့ ရှူနေသေးတယ်” ဟု ဆိုသည်။

အသက်ရှူနေသေးသည့် ခင်ပွန်းဖြစ်သူအား အသက်ကယ်ရန် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း အသက်ပြန် မရှင်ခဲ့တော့ပေ။

“ကျမကို ကလေး တပြုံကြီးနဲ့ ပစ်ထားခဲ့ပြီးတော့ သူက ကိုယ်လွတ် ရုန်းထွက်သွားတယ်လို့ ခံစားရတယ်၊ တခါတလေ စိတ်ဆိုး ဒေါသဖြစ်မိတယ်၊ ဝမ်းလည်း နည်းမိတယ်၊ ရိုးရိုးတန်းတန်း သေတာဆို အဲဒီလောက်ဖြစ်မှာ မဟုတ်ဘူး” ဟု ဇနီးဖြစ်သူက ဆိုသည်။

ကိုကျော်မင်းထွန်းတို့ ဇနီးမောင်နှံမှာ ကလေး ၅ ဦး ရှိပြီး၊ အကြီးဆုံး သမီးသည် အသက် ၁၃ နှစ်၊ အငယ်ဆုံး သား လေးသည် ၉ လသား အရွယ်ဖြစ်သည်။ ထိုကလေး ၅ ဦးရှိ အနက် အလတ်ကလေး တဦးသာ ကျောင်းထားနိုင်သည်။

အကြီးဆုံး သမီးလေးသည် အထည်ချုပ် စက်ရုံတခုတွင် အလုပ်လုပ်နေပြီး၊ လစာ ၆ သောင်းကျော်ရသည်။ ၁၁ နှစ် အရွယ်ရှိ ဒုတိယမြောက် ကလေးသည် ကားပြုပြင်ရေး အလုပ်ရုံတခုတွင် နေ့စား လုပ်နေပြီး၊ တရက်လျှင် ၂၀ဝ၀ ကျပ် ရသည်။ ထိုကလေး ၂ ဦး၏ ဝင်ငွေဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြသည်။

သေဆုံးသွားသည့် ကလေး ၅ ယောက်ဖခင် ကိုကျော်မင်းထွန်းသည် ဆိုက်ကားနင်းသည့် အလုပ်ဖြင့် မိသားစု စားဝတ်နေရေးအတွက် တဖက်တလမ်းက ထောက်ပံ့ ပေးခဲ့သော်လည်း၊ တခါတရံ၌ ဇနီးသည်ထံ ဈေးဖိုးပေးနိုင်ခြင်း မရှိဟု ဇနီးဖြစ်သူက ပြောသည်။

ကိုကျော်မင်းထွန်းသည် အေးဆေးစွာ နေထိုင်တတ်သူ၊ သားသမီးများအား ချစ်ခင်ကြင်နာတတ်သူ ဖခင်တဦး ဖြစ်သော်လည်း အရက်သောက်တတ်သူ တဦးဖြစ်နေခြင်းကြောင့် မိသားစု စားဝတ်နေရေး ဖြေရှင်းရာတွင် အိမ်ထောင်ဦးစီးကောင်း တဦးအဖြစ် တာဝန်မကျေခဲ့ ဟုလည်း ဇနီးဖြစ်သူက ဆိုသည်။ ၎င်းတို့ ဇနီးမောင်နှံသည် အသက် ၁၈ နှစ် အရွယ်ကပင် အိမ်ထောင်ကျခဲ့ပြီး၊ ယခုအခါ အိမ်ထောင်သက် ၁၅ နှစ် ရှိပြီ ဖြစ်သည်။

ဆိုက်ကားနင်း ရှာဖွေရရှိသည့် ဝင်ငွေမှာ ဆိုက်ကား အုံနာကြေးအဖြစ် တရက်လျှင် တထောင်ကျပ်သာ ပေးဆောင်နိုင်ပြီး မိသားစု စားစရိတ်အတွက် နေ့စဉ်ပုံမှန် ရှာဖွေပေးနိုင်ခြင်း ရှိခဲ့သည့်အပြင် သောက်စားတတ်ခြင်း၊ စီးပွားရေး မပြေလည်ခြင်း စသည်တို့ကြောင့် စိတ်ဓာတ်ကျပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရှိကြောင်း မိသားစုဝင်များက ပြောသည်။

ဇနီးဖြစ်သူက “ဝင်ငွေက ပုံမှန် မရှိတော့ ကလေးတွေ ထမင်းစားဖို့က အခက်အခဲ ရှိတယ်၊ အဲဒါကြောင့် အလတ်ကောင်လေးက ကျမ အဖေဘုန်းကြီး ဆွမ်းခံကြွရင် ဆွမ်းချိုင့်ဆွဲပြီး လိုက်တယ်၊ အဲဒီက ကျန်တဲ့ ဆွမ်းကျန်တွေနဲ့ပဲ နေ့လည်စာကို ဝ၀လင်လင် စားရတယ်” ဟု ဆိုသည်။

တခါတရံ၌ အဝတ်လျှော်ဖွတ်ရန် ငှားရမ်းသူများ ရှိပါက အဝတ်လျှော်၍ ဝင်ငွေရှာဖွေကြောင်း၊ ၎င်းတို့နေထိုင်သည့် ၁၀ ပေ ဝန်းကျင်ရှိ မလုံမခြုံ အိမ်ငယ်သည်လည်း တလလျှင် မြေငှားခအဖြစ် တသောင်းကျပ်ဖြင့် ငှားရမ်း ဆောက်လုပ် ထားကြောင်း မစန္ဒာအောင်က ပြောသည်။

၎င်း၏ အမျိုးသားဖြစ်သူ မရှိတော့သည့် နောက်ပိုင်းတွင် အပ်ချုပ်စက် တလုံးငှားရမ်း၍ အထည်ချုပ်ကာ ကလေး ၅ ယောက်၏ စားဝတ်နေရေးကို ဖြေရှင်းရန် စဉ်းစားထားကြောင်းလည်း ဆက်ပြောသည်။ သို့မဟုတ် အရင်းအနှီးရှိပါက ဈေးရောင်းမည်ဟု ဆိုသည်။

ကိုကျော်မင်းထွန်း၏ ကျန်ရစ်သည့် မိသားစုအကြောင်း ဧရာဝတီ သတင်းဌာက ရုပ်သံဗီဒီယိုတခု ရိုက်ကူး ဖော်ပြခဲ့ပြီး နောက်တနေ့တွင် မစန္ဒာအောင် လိုအပ်နေသည့် အပ်ချုပ်စက်နှင့် အိမ်ပြုပြင်ရန် ထောက်ပံ့ငွေတချို့ကို ရွှေပြည်တော် လူမှုရေးအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။

ထောက်ပံ့ငွေ တချို့ လှူဒါန်းရန် အလှူရှင်တချို့က ဧရာဝတီ သတင်းဌာနသို့ ကမ်းလှမ်းမှု တချို့ရှိခဲ့သည်။ ထောက်ပံ့မှုများအား ဒဂုံဆိပ်ကမ်းမြို့နယ်၏ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်မှတဆင့် ကူညီပေးရန် ဧရာဝတီက မေတ္တာရပ်ခံခဲ့သော်လည်း အလုပ် မအားဟု ဆိုကာ ငြင်းပယ်ခဲ့သည်။

သေဆုံးသူ ကိုကျော်မင်းထွန်း မိသားစု နေထိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၈ ရပ်ကွက်နေသူ အများစုသည် လက်လုပ် လက်စားများ ဖြစ်ပြီး ပန်းရံ၊ ဆိုင်ကယ် ကယ်ရီမောင်းသူ၊ ဆိုက်ကားနင်းသူ စသဖြင့် ကြုံရာကျပန်း လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြသည်။

ထိုရပ်ကွက်၌ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ ကျူးကျော်အိမ်များ ဆောက်လုပ်နေထိုင်သူ အများအပြားလည်း ရှိသည်။ ကျူးကျော်အိမ်ခြေသည် ၅၀ဝ ကျော် အထိ ရှိကြောင်း ကျူးကျော်အိမ် ဆောက်လုပ်နေသူ တဦးက ပြောသည်။

၎င်းတို့ ဆောက်လုပ်ထားသည့် ကျူးကျော်မြေသည် လယ်မြေပိုင်ရှင် ကိုယ်တိုင်က ဆောက်လုပ်ခွင့် ပေးထားခြင်း ဖြစ်ပြီး ၁၀ ပေ မြေအား ကျပ်တသိန်း ပေးဆောင်ရကြောင်း သိရသည်။

ကျူးကျော် နေထိုင်သူ တဦးက “ဒီကလူ အများစုက ကြုံရာကျပန်း လုပ်စားကြတယ်၊ ဆောက်လုပ်ရေးတွေ ကောင်းတဲ့ အချိန်ဆို ပန်းရံလုပ်ကြတယ်၊ အခုတော့ ဆောက်လုပ်ရေးတွေ ရပ်ထားလို့ အများစုက အလုပ် မရှိကြဘူး၊ ဒါပေမယ့် ကျနော်တို့ ရပ်ကွက်မှာ ခိုးဆိုးလုယက်တာလည်း သိပ်မရှိပါဘူး” ဟု ဆိုသည်။

ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကြောင်း ပြုသူ အများစုမှာလည်း ဆိုင်ကယ် ကယ်ရီများ ပေါများလာသည့် အတွက် ခရီးသည် ရရှိမှု နည်းပါးလာပြီး ဝင်ငွေနည်းပါးလာသည်ဟု ဆိုကြသည်။

ဆိုက်ကားနင်းသူ တဦးက “ဆိုက်ကားစီးလည်း ၅၀ဝ၊ ဆိုင်ကယ်စီးလည်း ၅၀ဝ ဆိုတော့ အများစုက ဆိုင်ကယ်ပဲ စီးကြတော့တယ်၊ တချို့လည်း အလုပ်အကိုင် မရှိတော့ ဆိုက်ကားစီးဖို့ ၅၀ဝ ကို ဈေးဖိုး သုံးပြီးတော့ လမ်းပဲ လျှောက်ကြတာ များတယ်” ဟု ဧရာဝတီကို ပြောသည်။
၆၈ ရပ်ကွက်ရှိ ဆိုက်ကားနင်းသူ အများစုသည် ဝင်ငွေရရှိမှု နည်းပါးလာခြင်းကြောင့် မိသားစုအတွက် ထောက်ပံ့ပေးသည့် ပုံမှန်ဝင်ငွေလည်း နည်းပါးလာကြသည်။ ထို့အတူ မိသားစုအကြား မကျေလည်မှုများ ရှိလာသည်။ ဇနီးမောင်နှံ အကြား ပြဿနာများ ရှိလာသည်။ အထူးသဖြင့် အရက်သောက်သုံးတတ်သူ အမျိုးသားများ၏ မိသာစုများ အကြား ပြဿနာ ပိုမို ဖြစ်ပွားတတ်ကြကြောင်း သိရသည်။

သို့သော် တခြားသော မြို့နယ်၊ ရပ်ကွက်များရှိ ဆိုက်ကားနင်းသူများ အနေဖြင့် တရက်လျှင် ၅ ထောင်နှင့် ၁ သောင်းဝန်းကျင် အကြား ရရှိသူများလည်း ရှိသည်ဟု သိရသည်။ တချို့မှာ နယ်မှ လာရောက်ကာ ရန်ကုန်မြို့၏ စည်ကားရာ နေရာများတွင် ဆိုက်ကားနင်းပြီး ၎င်းတို့ ဂိတ်ထိုးရာ ဆိုက်ကားဂိတ်၌ပင် နေအိမ်လုပ်၊ ညအိပ်ရင်း ငွေရှာနေသူများလည်း ရှိသည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး မြို့နယ်အများစု၌ ဆိုက်ကယ် ကယ်ရီများ ပေါများလာခြင်းသည်လည်း ဆိုက်ကားနင်းပြီး မိသားစု ဝင်ငွေရှာဖွေ လုပ်ကိုင်သူများအတွက် အခက်အခဲ တခုဖြစ်စေသည်ဟု ဆိုကြသည်။ ထိုဆိုင်ကယ် အများစုသည် လိုင်စင်မဲ့များ ဖြစ်သည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး ဒေသများ၌ နေထိုင်သူ အများစုသည် ယခုအခါ အလုပ်လက်မဲ့ ဦးရေများလာသည်။ ထို့အတူ မြင့်မားလာနေသည့် ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး ခက်ခဲလာကြသည်။ ယင်းတို့၏ နောက်ဆက်တွဲ အဖြစ် ဒုစရိုက်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ သေကြောင်းကြံစည်မှု စသည်တို့လည်း တိုးပွားလာသည်။

မိမိကိုယ် မိမိ အဆုံးစီရင်သွားခဲ့သူ ကိုကျော်မင်းထွန်း၏ ဇနီးက “လောလောဆယ် ရက်လည်လုပ်ဖို့ ငွေမရှိသေးပါဘူး၊ ချေးငှားပြီး လုပ်ပေးဖို့တော့ စိတ်ကူးထားပါတယ်” ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ အလှူရှင် တချို့၏ ကူညီမှုကြောင့် သေဆုံးသူ ကိုကျော်မင်းထွန်း၏ ရက်လည်အား စိတ်အေးစွာဖြင့် သာဓုခေါ်ခွင့် ရသွားခဲ့တော့သည်။

No comments:

Post a Comment