Friday, November 25, 2016

မြန်ပြည်သားတွေ အသက်ရှည်ပြီး လူကောင်ထွားလာစေဖို့

မင်းကောင်းချစ်


ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကျောင်းနေဘက်သူငယ်ချင်းတယောက် စင်ကာပူကို အလည်ရောက်လာတော့ အိမ်ကိုဖိတ်ပြီး တွေ့ဆုံစကားပြောဖြစ်ခဲ့ကြတယ်။ ဘူတာရုံကနေ အိမ်ကို သွားကြရာမှာ ဘတ်စ်ကားမစီးဘဲ ပန်းခြံကို ဖြတ်ပြီး လမ်းလျှောက်ပြန်ခဲ့ကြတယ်။

စိမ်းစိုနေတဲ့ သစ်ပင်အုပ်အုပ်တွေကြားမှာ သန့်ပြန့်ကောင်းမွန်တဲ့ လူလျှောက်လမ်းတွေ၊ စက်ဘီးလမ်းတွေ၊ စကိတ်လမ်းတွေနဲ့ အကျအန ဖောက်ပေးထားတဲ့အပြင် အပန်းဖြေ ထိုင်စရာ ခုံလေးတွေ၊ ကိုယ်လက်လှုပ်ရှားဖို့ ကိရိယာတွေ တပ်ဆင်ပေးထားတာက လူကြီးတွေအတွက်ဆို ကျောက်တုံးနင်းစရာ နေရာ၊ လူငယ်တွေအတွက် ကိရိယာတွေကသတ်သတ်၊ ကလေးသူငယ်တွေ ဆော့ကစားဖို့ ကစားကွင်းကသတ်သတ်၊ ပြည့်စုံလုံလောက်အောင် စီမံပေးထားတဲ့ ပန်းခြံကို တွေ့ရတော့ စာရေးသူမိတ်ဆွေက အတော်လေး သဘောကျသွားတယ်။

ပြီးတော့ သူက… တို့ဆီမှာကွာ၊ အထူးသဖြင့် ရန်ကုန်မှာ ဒီလိုပန်းခြံတွေ လုံလုံလောက်လောက် နီးနီးနားနားမှာ မရှိဘူး။ အခုလိုသာ အိမ်နားမှာရှိရင် နေ့တိုင်း လမ်းလျှောက်ဖြစ်မှာလို့ တခုတ်တရ ပြောသွားခဲ့ပါသေးတယ်။ စာရေးသူရဲ့ မိတ်ဆွေဟာ ခါးနာတဲ့ ဝေဒနာကို ခံစားနေရသူတဦးလည်း ဖြစ်ပါတယ်။

အခုခေတ် လူငယ်တွေအတွက်တော့ ပုံပြင်လာပြောနေတယ်လို့များ ထင်မလားတော့ မသိပါဘူး။ တကယ်တော့ စာရေးသူတို့ ငယ်စဉ်က မြန်မာနိုင်ငံရဲ့ မြို့တိုင်းမြို့တိုင်းလိုလိုမှာ ပန်းခြံနဲ့ ကလေးကစားကွင်းတွေ၊ ဘောလုံးကွင်းတွေ၊ မိုးလုံလေလုံ အားကစားရုံတွေ၊ စာကြည့်တိုက်တွေ ရှိခဲ့ဖူးပါတယ်။ ညနေပိုင်းမှာဆို ကလေးတွေဟာ အဲဒီကစားကွင်းထဲမှာ ချိန်းစရာမလိုဘဲ စုံစုံညီညီ ရောက်ရှိလာကြပြီး တပျော်တပါး လွတ်လွတ်လပ်လပ် ဆော့ကစားကြတာ မိုးစုံးစုံးချုပ်မှသာ ကိုယ့်အိမ်ကို ပြန်ကြတာပါ။

ကလေးကစားကွင်းဆိုလို့ အထင်မသေးလိုက်ပါနဲ့ဦး။ လျှောစင်၊ ဒန်းစင်နဲ့ အင်္ဂလိပ်လို Monkey Bar လို့ ခေါ်ကြတဲ့ မျောက်လွှဲဘားတန်း၊ ဆီးဆော့တွေအပြင် ရိန်းဘား၊ ကျွမ်းဘားတန်းတွေ အစုံအလင်ရှိတာ။ ဆိုရှယ်လစ်စနစ် အယောင်ပြ တပါတီ မျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ် အုပ်ချုပ်သက်တမ်း ကြာလာတာနဲ့အမျှ တိုင်းပြည်လည်း တစတစ မွဲတေနိမ့်ကျလာရင်း တဖြည်းဖြည်းနဲ့ အဲဒီကစားကွင်းတွေ၊ စာကြည့်တိုက်တွေ ပျောက်ကွယ် တိမ်ကောကုန်တာပါပဲ။

ကမ္ဘာပေါ်မှာ လူသားမျိုးစိတ် အမြောက်အမြားရှိတဲ့အထဲမှာ တချို့လူမျိုးတွေက ထွားကျိုင်းသန်စွမ်းကြပြီး တချို့လူမျိုးတွေက ကြုံလှီသေးငယ်ကြတယ်။ ယေဘုယျအားဖြင့်တော့ လက်ရှိ အနောက်တိုင်းက လူမျိုးတွေနဲ့ အရှေ့တိုင်းသားတွေ ယှဉ်လိုက်ရင် အနောက်တိုင်းသားတွေက ပိုမိုထွားကျိုင်းကြတာ များပါတယ်။ ဘောလုံးသမားချင်း ယှဉ်ရင်တောင် အရှေ့တိုင်း ဘောလုံးသမားတွေက လူလုံးအားဖြင့် ပုကြ၊ ညှက်ကြတာ တွေ့ရမှာပါ။

လူမျိုးစုတစု ထွားကျိုင်းခြင်း သို့မဟုတ် ကြုံလှီခြင်းဆိုတာ အကြောင်းတရား အမျိုးမျိုးအပေါ် အခြေခံနိုင်ပါတယ်။ မျိုးရိုးဗီဇ၊ အစားအသောက်၊ ရာသီဥတု၊ ကျန်းမာရေးအသိနဲ့ လိုက်စားမှု အနေအထိုင်၊ လေ့ကျင့်ခန်း စတဲ့ အချက်တွေနဲ့ သက်ဆိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သားတွေကို ငပုတွေလို့ ခေါ်ခဲ့ကြရာက ဒီကနေ့ခေတ် ဂျပန်လူမျိုးတွေကတော့ ငပုတွေ မဟုတ်တော့ပါဘူး။

ဆင်းရဲပြီး မဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံက နိုင်ငံသားတွေ၊ လူမျိုးတွေဟာ အများအားဖြင့် ကြုံလှီ သေးငယ်ကြပါတယ်။ ဆင်းရဲတာနဲ့အမျှ စီးပွားရေးနိမ့်ကျမှု၊ ပညာရေးနိမ့်ကျမှု၊ ကျန်းမာရေးနိမ့်ကျမှု စတဲ့ အဘက်ဘက်က နိမ့်ကျမှုဒဏ်တွေကို ခံရတဲ့အခါ ကောင်းမွန်စွာ မြေတောင်မြှောက်တာ မခံရတဲ့၊ ပျိုးထောင်ခြင်း မခံရတဲ့ အပင်တွေလို၊ မအောင်တဲ့အခင်းက အသီးအနှံတွေလို အဖျင်းအမှော်များပြီး ကြုံလှီသေးငယ်တော့တာပါပဲ။

ဆင်းရဲနွမ်းပါးတော့ အစားအသောက်ကောင်းတာ မစားနိုင်၊ အာဟာရဖြစ်စေမယ့်၊ ကိုယ်ခန္ဓာ ထွားကျိုင်းသန်စွမ်းစေမယ့် အစားအသောက် ဆေးဝါးဓာတ်စာတွေ မမှီဝဲနိုင်ကြတာရယ်၊ တိုင်းပြည်က မွဲတဲ့အပြင် အုပ်ချုပ်သူအစိုးရက ကိုယ်ကျိုးသာ ကြည့်တတ်ပြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို မစောင့်ရှောက်တတ်ဘူး ဆိုရင်တော့ ပိုဆိုးတော့တာပေါ့။

ပန်းခြံမရှိ၊ ကစားကွင်း မလုံလောက်၊ ကိုယ်လက်လှုပ်ရှားစရာ နေရာမရှိ၊ နောက်ဆုံး လမ်းလေးလျှောက်ဖို့တောင် မလုံမခြုံနဲ့ အန္တရာယ်များတော့ မိဘပြည်သူတွေဟာ အားကစားလည်း မလိုက်စားနိုင်၊ အသက်ဆက်ရုံ မဝရေစာသာ စားသောက်ရှင်သန်ရင်း အသက်အရွယ် ၅၀ ကျော်၊ ၆၀ ကျော်လာရင် ချည့်နဲ့ကုပ်ကိုင်းလာပြီး အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင်တော့ဘဲ ကိုယ်လက်လှုပ်ရှားမှုနည်းတော့ ရောဂါတွေဝင်လာပြီး နောက်ဆုံး အသက်တိုတိုနဲ့ ဘဝဇာတ်သိမ်းသွားကြရတာ များပါတယ်။

တနိုင်ငံလုံးက ရုံးဝန်ထမ်းတွေ၊ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ ထမင်းဘူး ဟင်းဘူးတွေ၊ ထမင်းဝိုင်းတွေကို လိုက်ကြည့်လိုက်မယ်ဆိုရင် လက်ဖက်သုပ် သို့မဟုတ် တို့ဟူးသုပ်တပွဲကို ဆန်အညံ့နဲ့ ချက်ထားတဲ့ ထမင်းခဲ ဝိုင်းမျှစားတာဖြစ်ဖြစ်၊ အကြော်လေးတခုနဲ့ ဖြစ်သလို ပြီးကြရတာတွေ မြင်ကြရမှာပါ။ ဒီတော့ အဲဒီလူသားတွေရဲ့ ကိုယ်ခန္ဓာဟာ ဘယ်မှာ ထွားကျိုင်းနိုင်တော့မလဲ။ သူတို့ အိမ်ထောင်ပြုကြလို့ မွေးဖွားလာတဲ့ သားသမီးမျိုးဆက်တွေကလည်း သေးငယ်ကြုံလှီတဲ့ ခန္ဓာကိုယ်တွေပဲ ပိုင်ဆိုင်တော့မှာပေါ့။

လူ့ခန္ဓာကိုယ်ဟာ အင်ဂျင်စက်တလုံးနဲ့ အလားသဏ္ဌာန်တူပါတယ်။ အင်ဂျင်စက်ဆိုတာ ဆီကျွေး၊ ရေဖြည့်၊ ချောဆီထိုးပြီး ပုံမှန်မောင်းနှင်လည်ပတ်စေဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သံချေးကိုက်ပြီး ပျက်စီးရတတ်ပါတယ်။ အဲသလိုပါပဲ လူ့ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရတွေ ဖြည့်တင်းပေးဖို့ လိုသလို အပန်းဖြေဖို့၊ ပုံမှန်ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လိုက်စားဖို့ လိုပါတယ်။ မဟုတ်ရင်တော့ အကြောတွေထိုင်း၊ ကိုယ်လက်အင်္ဂါတွေဆိုင်း၊ ရောဂါစုံဝင်လာပြီး အသက်တိုရတတ်ပါတယ်။

နောက်တခုက သစ်စေ့ကနေ ပေါက်လာစ အပင်ပေါက်တွေကို မြေဩဇာကျွေး မြေတောင်မြှောက် ပျိုးထောင်ရင် သန်စွမ်းလာနိုင်သလိုပဲ ကလေးဘဝကတည်းကစပြီး အရိုးအဆစ်တွေ ရှည်ထွက်၊ ကိုယ်ကာယ စတင်ဖွံ့ဖြိုးလာစမှာ သင့်မြတ်တဲ့ ဗီတာမင်အာဟာရတွေ စားသုံးဖို့လိုသလို ကိုယ်လက်လှုပ်ရှားမှုတွေ စနစ်တကျ လုပ်ပေးခြင်းအားဖြင့် အရပ်အမောင်း တက်လာအောင် လူကောင်ထွားလာအောင် ပြုပြင်ပျိုးထောင်လို့ ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေက သူနဲ့ ရုပ်ရှင်တွဲဖက်ရိုက်ကူးမယ့် မင်းသား နေတိုးထက် သူက အရပ်ပိုရှည်တယ်လို့ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တယ်ဆိုတဲ့ သတင်းကို ဒီဗွီဘီမှာ ဖတ်လိုက်ရပါတယ်။

ရုတ်တရက်ဆိုရင်တော့ မင်းသမီးက မင်းသားထက် အရပ်ပိုရှည်နေတာကို ဟာသတရပ်အနေနဲ့ မြင်နိုင်ပေမယ့် စာရေးသူအတွက်တော့ မြန်မာမင်းသား အရပ်ပုတာဟာ မြန်မာတွေ အရပ်ပု၊ လူကောင်သေးတာကို သတိပေးနေတာလို့ ခံစားလိုက်ရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၆ ခုနှစ် မေလမှာ ထုတ်ပြန်ထားတဲ့ ၂၀၁၅ ခုနှစ်ရဲ့ နိုင်ငံတကာ လူသက်တမ်းစာရင်းဇယား (List of life expectancy) အရ HALE: Health-adjusted life expectancy လို့ ခေါ်တဲ့ ကျန်းမာရေးအခြေပြု မြန်မာနိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်းဟာ ၅၉ ဒသမ ၂ နှစ် ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှာ အဆင့် ၁၂၇ မှာ ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ သက်တမ်းက အမျိုးသားတွေထက် အသက်ပိုရှည်ပါတယ်။

အဲဒီစာရင်းအရ ကမ္ဘာမှာ အသက်အရှည်ဆုံး တိုင်းပြည်နဲ့ လူမျိုးကတော့ ဂျပန် ဖြစ်ပါတယ်။ ဂျပန်တွေရဲ့ ကျန်းမာရေးအခြေပြု ပျမ်းမျှ လူ့သက်တမ်းဟာ ၇၄ ဒသမ ၉ နှစ် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ အဲဒီစာရင်းဇယား သတ်မှတ်ချက်မှာ ဂျပန်နောက်ကလိုက်နေပြီး ကမ္ဘာ့အဆင့် ၂ မှာ ရှိပါတယ်။ စင်ကာပူနိုင်ငံသားတွေရဲ့ ကျန်းမာရေးအခြေပြု ပျမ်းမျှ လူ့သက်တမ်းဟာ ၇၃ ဒသမ ၉ နှစ် ရှိပါတယ်။

စင်ကာပူနိုင်ငံသားတွေ အသက်ရှည်စေနိုင်တဲ့ အချက်တွေများစွာ ရှိတဲ့အထဲမှာ ပညာရေးကောင်း၊ စီးပွားရေးကောင်း၊ ကျန်းမာရေးအစောင့်အရှောက် ကောင်းတာတွေ ပါသလို ကိုယ်လက်လှုပ်ရှားမှုတွေ အလွယ်တကူပြုနိုင်ဖို့ ပန်းခြံတွေ၊ ကစားကွင်းတွေကို နိုင်ငံသားတိုင်းရဲ့ အိမ်အနီးနားဝန်းကျင်မှာ လေ့ကျင့်ခန်းအကူကိရိယာတွေ အပြည့်အစုံ တပ်ဆင်တည်ဆောက်ပေးထားတဲ့ အချက်ကလည်း တခုအပါအဝင် ဖြစ်ပါတယ်။

ကမာ့္ဘမြေပုံမှာ အစက်အပြောက်အရွယ် မြေအကျယ်အားဖြင့် ၇၁၉ ကီလိုမီတာသာရှိတဲ့ စင်ကာပူကျွန်းနိုင်ငံလေးမှာ ရုက္ခဗေဒဥယျာဉ်တခု အပါအဝင် National parks ပန်းခြံပေါင်း ၄၂၃ ခု၊ သဘာဝတောရိုင်းဥယျာဉ် ၄ ခုနဲ့ ရပ်ကွက်ပန်းခြံပေါင်း Community Gardens ၆၂၉ ခု တည်ဆောက်ထားတာကို အံ့သြဖွယ်ရာ တွေ့ရှိရပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးက အဲဒီပန်းခြံတွေကို တခုနဲ့တခု ချိတ်ဆက်ပေးထားတဲ့ လမ်းတွေ (Park Connectors) ကို နိုင်ငံတကာအဆင့် အရည်အသွေး အပြည့်အစုံနဲ့ တည်ဆောက်ပေးထားတယ်။ တကျွန်းလုံးကို စက်ဘီးနဲ့ပတ်ကြည့်လို့ရအောင် ဆောင်ရွက်ပေးထားတယ်။ ဒီတော့ စင်ကာပူနိုင်ငံသားတွေ အသက်ရှည်တာ မထူးဆန်းတော့ဘူးပေါ့။

ကဲ- အခု မြန်မာနိုင်ငံဘက် တချက်စောင်းငဲ့ကြည့်လိုက်ရအောင်။ စစ်အာဏာရှင်စနစ်နဲ့ နှစ် ၅၀ ကျော် အလိုမတူဘဲ အုပ်ချုပ်ခံခဲ့ရတဲ့နိုင်ငံဆိုတော့ တစထက်တစ တနှစ်ထက်တနှစ် ကဏ္ဍအသီးသီးမှာ ဆုတ်ယုတ်ကျဆင်းတဲ့အထဲမှာ ကျန်းမာရေး အဆင့်အတန်းလည်း ထိပ်ဆုံးက ပါတာပေါ့။ အုပ်ချုပ်ပုံစနစ် မမှန်၊ အရည်အချင်း မမှန်၊ စေတနာမမှန်၊ လူမမှန်ဘဲ အုပ်ချုပ်လာခဲ့တော့ ဆိုးဆိုးဝါးဝါးနိမ့်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေမှာ အဲဒီဒဏ်တွေကို ခါးစည်းခံခဲ့ကြရတယ်။

အထူးသဖြင့် ၈၈ အာဏာသိမ်း နဝတ၊ နအဖ စစ်အစိုးရတွေလက်ထက်နဲ့ ဦးသိန်းစိန်တို့ အစိုးရလက်ထက်မှာ တနိုင်ငံလုံးက လယ်မြေယာမြေ လုပ်ကွက်တွေကို နည်းအမျိုးမျိုးနဲ့ အကြောင်းပြ သိမ်းယူခဲ့ကြသလို အများပြည်သူပိုင်၊ အပန်းဖြေစရာ ပန်းခြံမြေနေရာတွေ အမြောက်အမြားကို နီးစပ်ရာလူတွေနဲ့ ခွဲဝေရောင်းစားသွားခဲ့ကြတယ်။

အဲဒီအထဲမှာ လူသိများထင်ရှားတဲ့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ အများပြည်သူပိုင် မြေနေရာ ကိစ္စရပ်တွေကတော့ (၁) ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဒဂုံစီးတီးနေရာ၊ (၂) ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ်က လွတ်လပ်ရေးအကြိုမိန့်ခွန်း ပြောကြားခဲ့တဲ့ သမိုင်းဝင် သိမ်ဖြူအားကစားကွင်း၊ (၃) ဆီဒိုးနားဟိုတယ်ရှေ့က မြကျွန်းသာပန်းခြံနဲ့ (၄) ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ (၅) မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံတို့ ဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံ၊ သခင်မြပန်းခြံ၊ အင်းလျားပန်းခြံ၊ နံ့သာမြိုင်ပန်းခြံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာပန်းခြံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဒဂုံအရှေ့ပန်းခြံ၊ ဆိပ်ကမ်းမြို့နယ်ရှိ ဒဂုံဆိပ်ကမ်းပန်းခြံ၊ ဒဂုံမြို့နယ်ရှိ ဇီဝကပန်းခြံ၊ ဒဂုံမြို့နယ်ရှိ ဒဂုံပန်းခြံ၊ ဗဟန်းမြို့နယ်ရှိ သွေးဆေးကန်ပန်းခြံ၊ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာပန်းခြံ၊ ပုဇွန်တောင်မြို့နယ်ရှိ ဇေယျာမြိုင်ပန်းခြံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီး ပုလဲမဟာမြိုင်ပန်းခြံ၊ ဒလမြို့နယ်ရှိ ဒလပန်းခြံ၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်ပန်းခြံနှင့် အင်းစိန်မြို့နယ်ရှိ အင်းစိန်ပန်းခြံ စသဖြင့် ရန်ကုန်မြို့အတွင်း ပန်းခြံပေါင်း ၆၃ ခုသာ ရှိပေမယ့်လည်း အရေအတွက်အားဖြင့် မလုံလောက်သေးသလို အရည်အသွေးအားဖြင့်လည်း အများပြည်သူတွေ လုံခြုံစိတ်ချစွာ ကျန်းမာရေး လိုက်စားနိုင်အောင်၊ ကလေးငယ်တွေ၊ မိသားစုတွေနဲ့ ပိုမိုထိတွေ့မှုရှိလာအောင် အရည်အသွေးမြှင့်တင်ဖို့ လိုသလို သန့်ရှင်းမှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းဖို့လည်း လိုပါတယ်။

အခုလက်ရှိ ပြည်သူလူထုမဲဆန္ဒနဲ့ တက်လာတဲ့ အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ် ဦးနေဘုန်းလတ်က လွှတ်တော်မှာ အများပြည်သူပိုင် မြေနေရာတွေကို အကာအကွယ်ပေးဖို့ အဆို အောင်မြင်ခဲ့ပေမယ့်လည်း အမှန်တကယ် အကောင်အထည်ပေါ်လာဖို့၊ ဆုံးရှုံးထားတဲ့ပန်းခြံတွေ ပြန်ရဖို့အရေးမှာ ဒီထက် ပိုထိရောက်အောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။

တလောတုန်းကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော်ကို ပိုင်ရှင်အမှန် ရန်ကုန်မြို့ ပြည်သူတွေလက်ထဲ ပြန်အပ်ချင်ပါတယ်လို့ ပြောသွားတာကို အင်တာနက်သတင်းမှာ ဖတ်လိုက်ရပါတယ်။ အလွန်ကြိုဆိုထိုက်တဲ့ စကားပါပဲ။ အဲဒီစကားရပ်ကို လက်တွေ့အကောင်အထည် ပေါ်လာဖို့ အန်အယ်လ်ဒီအစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်ရာမှာ အပြောင်းအလဲကို မလိုက်ပါလိုသူတွေ၊ အရင်အတိုင်း ဆက်အခွင့်ထူးခံလိုသူတွေ စတဲ့ အခက်အခဲများစွာ ရှိနေတာ အားလုံး မြင်နေရပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူပြည်သားတွေအားလုံး ကျန်းမာပျော်ရွှင် အသက်ရှည်ပြီး လူကောင်ထွားလာစေဖို့ လက်ရှိအစိုးရအနေနဲ့ အမျိုးသားရေးအဆင့် ကျန်းမာရေး စီမံကိန်းတွေ ရေးဆွဲရာမှာ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေ ရေးဆွဲရာမှာ ရပ်ကွက်တိုင်းမှာ ပန်းခြံရှိဖို့ အများပိုင်အားကစားကွင်းတွေကို မဖြစ်မနေ ထည့်သွင်းရေးဆွဲဖို့လိုသလို အရင်စစ်အစိုးရ လက်ထက်မှာ မတရားသိမ်းယူသွားတဲ့ ပန်းခြံတွေ၊ အပန်းဖြေနေရာတွေ၊ အားကစားကွင်းတွေ၊ သမိုင်းဝင် လူထုစုဝေးရာ ကွင်းတွေကို ပြည်သူတွေလက်ထဲ ပြန်လည်ရောက်ရှိနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။ြ

No comments:

Post a Comment