Wednesday, November 23, 2016

နိုင်ငံရေးစင်မြင့်မဟုတ်သဖြင့် လွှတ်တော်တွင်းလက်ခုပ်မတီးရန် သတိပေး

ရွှေအောင်


လွှတ်တော်ဟာ နိုင်ငံရေးစင်မြင့်မဟုတ်တဲ့အတွက် လက်ခုပ်မတီးသင့်တဲ့အချိန် မတီးကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အမတ်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဇမ္ဗူသီရိမဲဆန္ဒနယ်က ဦးဖြိုးဇေယျာသော် မေးခွန်းမေးနေတုန်း ကိုယ်စားလှယ်တချို့က လက်ခုပ်တီးခဲ့ကြတာကို ဥက္ကဋ္ဌက ချက်ချင်းတားမြစ်ခဲ့သလို မေးခွန်းမေးအပြီးမှာလည်း အခုလို သတိပေးခဲ့ပါတယ်။

“ကိုယ်စားလှယ်များခင်ဗျာ လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေကို ကျေညက်အောင် ဖတ်ပါ။ လက်ခုပ်တီးရမယ့်အချိန် ရှိတယ်၊ မတီးရမယ့်အချိန် ရှိတယ်။ ဒါဟာ လွှတ်တော်အစည်းအဝေးခန်းမ ဖြစ်ပါတယ်။ ဒါဟာ လူထုဟောပြောပွဲ မဟုတ်ဘူး၊ ဒါဟာ နိုင်ငံရေးစင်မြင့် မဟုတ်ဘူး၊ စည်းကမ်းလိုက်နာပါ၊ စည်းမဲ့ကမ်းမဲ့တော့ မကြိုးစားပါနဲ့။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ လွှတ်တော်ထဲမှာ မေးခွန်းမေးတဲ့ ကိုယ်စားလှယ်တွေကိုရော လာရောက်ဖြေဆိုကြတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကိုပါ အခုလို မကြာခဏ သတိပေးလေ့ ရှိပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ တားမြစ်တာကို လက်ခံပေမယ့် လွှတ်တော်ဟာ နိုင်ငံရေးစင်မြင့်မဟုတ်ဘူး ဆိုတာကိုတော့ ကန့်ကွက်ပါတယ်။

“လွှတ်တော်ဆိုတာ နိုင်ငံရေးစင်မြင့် မဟုတ်ဘူးဆိုတဲ့ မှတ်ချက်အပေါ်မှာတော့ ကျနော်က ကန့်ကွက်ချင်တယ်၊ လွှတ်တော်ဆိုတာ တကယ့် နိုင်ငံရေးစင်မြင့်ပါပဲ။ ဒါပေမယ့် နိုင်ငံရေးဟောပြောပွဲမဟုတ်ဘူး ဆိုရင်တော့ တမျိုးပေါ့နော်၊ တချို့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ယဉ်ကျေးမှု အားနည်းတယ်ဗျ၊ တဘက်အုပ်စုကပြောရင် သရော်တာမျိုး၊ ကိုယ့်ဘက်ကအုပ်စု ပြောတဲ့အခါ လက်ခုပ်လက်ဝါးတီးပြီးတော့ အားပေးတာမျိုး၊ ဒါကျတော့ နည်းနည်းသရုပ်ပျက်တယ်လို့ ထင်တယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌက တားတာကိုတော့ သဘောတူပါတယ်၊ ဒါပေမယ့် လွှတ်တော်ဟာ နိုင်ငံရေးစင်မြင့်မဟုတ်ဘူး ဆိုတာတော့ မဖြစ်သင့်ဘူးဗျ။”

အန်အယ်လ်ဒီအမတ်အများစု ကြီးစိုးထားတဲ့ ဒုတိယအကြိမ်လွှတ်တော်ရဲ့ တတိယ ပုံမှန်စည်းဝေးပွဲတွေကို နိုဝင်ဘာ ၁၆ ရက်မှာ ပြန်လည်ကျင်းပနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment