Wednesday, November 2, 2016

ဧရာဝတီဘဏ်နှင့် Strategy First Institute တို့ ပူးပေါင်း၍ ပညာရေးချေးငွေဝန်ဆောင်မှုစတင်

စိုးသူအောင်

ပြည်တွင်း၊ ပြည်ပရှိ ဘွဲ့နှင့် ဘွဲ့လွန် သင်တန်းများတွင် ပညာဆက်လက်သင်ကြားလိုပြီး ငွေကြေးအခက်ခဲရှိသည့် လူ ငယ်များအတွက်ရည်ရွယ်ကာ ဧရာဝတီဘဏ်နှင့် Strategy First Institute တို့ ပူးပေါင်း၍ ပညာရေးချေး ငွေဝန်ဆောင် မှုစတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ် ဒါရိုက်တာ ဦးသူရမောင်က မဇ္စျိမသို့ ပြောသည်။

“ အရင်ကဆိုရင် နိုင်ငံတကာအဆင့်မှီ ပညာရေးဆိုရင် နိုင်ငံခြားကိုသွားမှရရှိနိုင်ပါတယ်။ အခုနောက်ပိုင်း Strategy First Institute လိုမျိုး နိုင်ငံတကာအဆင့်မှီ တက္ကသိုလ် တွေရှိလာတဲ့အခါမှာ မြန်မာပြည်မှာ ဒီအခွင့်ရေး တွေရရှိ လာပါတယ်။ ဒါပေမယ့် ပညာသင်စရိတ် အခက်ခဲရှိတာကြောင့်မို့လို့ ကျွန်တော်တို့ ဧရာဝတီ ဘဏ်အနေနဲ့ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကို ခိုင်မာစေချင်တယ်။ ဒါကြောင့်မို့လို့ ခုလိုမျိုး ပညာသင် စရိတ်ချေးငွေဝန် ဆောင်မှုကို ပြုလုပ်ရခြင်း ဖြစ်ပါတယ် " ဟု ဦးသူရမောင်က ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ်တွင် ပြုလုပ်သည့် ဧရာဝတီဘဏ်နှင့် Strategy First Institute တို့ သဘောတူညီမှု စာချွန်လွှာရေးထိုးခြင်း အခမ်းနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သင်တန်းကြေး၏ ၈၀ ရာခိုင်နူန်းချေးပေးမည်ဖြစ်ကာ တစ်နှစ်လျှင် ၁၃ ရာခိုင်နူန်း အတိုးဖြင့် တွက်ယူထားပြီး သင်တန်း ပြီးဆုံးသည်အထိ ပေးဆပ်နိုင်ကြောင်း ဧရာဝတီဘဏ်နှင့် Strategy First Institute တို့၏ ယနေ့ထုတ်ပြန်ချက်အရ သိ ရသည်။

ပညာရေး ချေးငွေဝန်ဆောင်မှုကို နိုဝင်ဘာ ၁ရက်မှ စတင်လျှောက်ထားနိုင်ပြီး အာမခံပစ္စည်း ပေးစရာမလိုဘဲ ကျောင်း သားဦးရေလည်း သတ်မှတ်ထားခြင်းမရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“ အထူးသဖြင့် MBA သင်တန်းတွေဆိုရင် စရိတ်က သိန်းတစ်ရာကျော်တွေဖြစ်တဲ့အတွက် သူတို့တွေအတွက် မတတ် နိုင်တဲ့ အခါမှာ အခုလို အစီစဉ်တွေဖြစ်လာတဲ့အတွက် ကျောင်းသားတွေအတွက် အများကြီး အထောက်အကူဖြစ် လာ မယ်လို့ ယုံကြည်ပါတယ် " ဟု Strategy First Institute မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ချစ်ခင်က ပြောသည်။

လျှောက်ထားလိုသူများသည် အသက် ၁၈ နှစ်နှင့် အထက် ကိုယ်ပိုင်ဝင်ငွေတစ်ခုရှိရမည်ဖြစ်ပြီး ၁၈ နှစ်အောက် ဖြစ်ခဲ့ ပါက မိသားစုဝင်တစ်ဦး၏ ၀င်ငွေဖြင့်အတူ ပူးတွဲလျှောက်ထားနိုင်သည်ဟု ဧရာဝတီဘဏ် ဒါရိုက်တာ ဦးသူရမောင် က ပြောသည်။

ဧရာဝတီဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ နာမည်ကြီးကျောင်း ၄ ကျောင်းဖြင့်ချိတ်ဆက်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ပထမဆုံးကျောင်းအဖြစ် Strategy First Institute နှင့် တစ်နှစ်ကြာ သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီဘဏ်သည် ဇူလိုင်လ ၂ရက် ၂၀၁၀ တွင် မြန်မာနိုင်ငံဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီး သြဂုတ်လ ၁၁ ရက် ၂၀၁၀ တွင် ဘဏ်လုပ်ငန်းဆိုင်ရာများ စတင်ဝန်ဆောင်မှုပေးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment