အညတြတော်လှန်ရေးသမားတဦး
တော်လှန်ရေး သမား တွေနဲ့ ဓားပြ စစ်စစ်တွေ ဘက်ပြိုင် တိုက် ခိုက်ရပုံ အကြောင်း တော့မဟုတ်ပါ။ ဗမာပြည်မှာ ဓား ပြဆိုတာက လူအင်အား များများ စည်းရုံးထား နိုင်တာမှ မဟုတ်တာ။ ကမ္ဘာ စစ်ပြီး စတုန်းက ရှင်မတောင် ဓားပြဂိုဏ်း ကြီးလို ဓားပြဂိုဏ်း မျိုးတွေမှာ လူအင်အား တော်တော်များ တယ်လို့ ကြားဖူး ပါတယ်။ လက် နက် ကိုင် တော်လှန်ရေး အဖွဲ့တွေ ပေါ်လာတဲ့ နောက်ပိုင်းမှာ ဒီလို လူအင်အား များ တဲ့ ဓားပြ စစ်စစ်ဂိုဏ်း တွေ မရှိတော့ ပါဘူး။ ရှိလို့ လည်း ဘယ်ရမလဲ။ တော်လှန်ရေး အဖွဲ့အစည်း တွေလို နိုင်ငံရေး အရ စည်းရုံး နိုင်တာမဟုတ် တော့ လူအင်အား၊ လူထု ထောက်ခံမှု အင်အားရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို အန်တုနိုင်တာမှ မဟုတ်ဘဲ။
ခုကျနော် ဆွေးနွေး တင်ပြချင် တာက တော်လှန်ရေး သမားတွေ မိမိကိုယ်တိုင်က မသိဘဲဖြစ်စေ၊ သိသလိုလို မသိ သလိုလိုဖြစ်စေ၊ သိ လျက်နဲ့ဖြစ်စေ ဓားပြ အဖြစ်ကို ရောက်သွားကြ တာတွေရယ်။ ဓားပြ စစ်စစ်တွေ သို့မဟုတ် ဓားပြ စိတ်ဓာတ်ရှိ သူတွေက တော် လှန်ရေး အဖွဲ့အစည်း တွေထဲကို တော်လှန်ရေး လုပ်ပါမယ် ဆိုပြီး ရောက်လာ ခဲ့တဲ့ နောက်ပိုင်းမှာ ဓားပြ စိတ်ဓာတ်နဲ့ တော်လှန်ရေး အရေခြုံ ပြီး ဆက်လက် စခန်းသွား နေကြတဲ့ အကြောင်း တွေရယ်ပဲ ဖြစ်ပါတယ်။
ဒုတိယအမျိုးအစားကတော့ နောက်ဆုံး ရန်သူစစ်အစိုးရဆီမှာ လက်နက်ချပြီး ဂိတ်ကြေးကောက်စားနေတဲ့ လက်နက်ကိုင် အုပ်စုတွေအဖြစ်ကို ရောက်သွားတတ်ကြပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ အဲဒီလူစားတွေဟာ နဂိုမူလကတည်းက တော်လှန်ရေးအဖွဲ့အစည်းထဲမှာ ရှိနေကြပေမယ့် တော်လှန်ရေး စိတ်ဓာတ်မရှိဘဲ ဓားပြစိတ်ဓာတ်နဲ့ တော်လှန်ရေးထဲရောက်လာကြလို့သာ စစ်အစိုးရဆီမှာ လက်နက်ချပြီး အခုလို ဂိတ်ကြေး ကောက်စားတဲ့ အလုပ် (ဓားပြတိုက်စားတဲ့သဏ္ဌာန်တမျိုး) ကို လုပ်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။
မူလ တော်လှန်ရေးအဖွဲ့အစည်းက မတရားလို့ ခွဲထွက်ပြီး ခုလိုလုပ်ရခြင်းဖြစ်ပါတယ်လို့ သူတို့ဘက်က အကြောင်းပြနိုင်ပါတယ်။ မူလအဖွဲ့အစည်းက မတရားလို့ ခွဲထွက်ရပါတယ်ဆိုရင် ဘာ့ကြောင့် မတရားတကာ့ မတရားဆုံးထွဋ်ခေါင် စစ်အစိုးရဆီမှာ ဓားပြတိုက်စားခွင့် လိုက်စင်ဝင်ယူထားရတာလဲလို့ ပြန်မေးရပါလိမ့်မယ်။
သူတို့ကိုတော့ လူထုက ဓားပြတွေလို့ပဲ ပြတ်ပြတ်သားသား သတ်မှတ်ပါတယ်။ ဒါပေမယ့် ဓားပြမှုနဲ့ ပုလိပ်ကို သွားတိုင်လို့ရတဲ့ ဓားပြမျိုးမဟုတ်တော့ လူအင်အားများတဲ့အပြင် နိုင်ငံတော်အစိုးရဆီက ဓားပြတိုက်စားခွင့်လိုင်စင် တရားဝင်ရရှိထားတဲ့ ဓားပြစစ်စစ် အဖွဲ့တွေလို့လည်း ဆိုနိုင်ပါတယ်။ (ယူနီဖောင်းတွေဝတ်ပြီး၊ ဗက်တံဆိပ်တွေပါ တပ်ထားလိုက်ပါသေးတယ်။ တော်လှန်ရေးနယ်မြေမှာလည်း ဘယ်သူ့အားကိုးနဲ့လည်း မသိ၊ အဲဒီလို ဗက်တံဆိပ် တပ်ပြီး စစ်ကြောင်းကြီးနဲ့ ချီတက်လှုပ်ရှားခဲ့တဲ့ ဓားပြတပ်ကြီးတွေရှိခဲ့ဖူးကြောင်း နောက်ပိုင်းမှာဖော်ပြပါမယ်။)
ကျနော်တော်လှန်ရေးထဲရောက်လာပြီး နှစ်တချို့ကြာလာတဲ့အခါ လက်နက်ကိုင်ပြီး ဗိုလ်ကျစားသောက်ချင်တဲ့ လူစား တစားရှိကြောင်း သတိပြုမိလာခဲ့ပါတယ်။ ဒါကို လူ့သဘာဝတခုရယ်လို့ မဆိုလိုပါ။ တည်ဆဲလူနေမှုစနစ်ရဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ အချိန်အခါ (social context) မှာ ဖြစ်ပေါ်လာခဲ့တဲ့ စိတ်နေစိတ်ထားတမျိုးလို့ပဲ ဆိုချင်ပါ တယ်။
ကျနော်တွေ့ဖူးတဲ့ လူတချို့အကြောင်းကို ဖော်ပြပါမယ်။ သူတို့က တော်လှန်ရေးအဖွဲ့အစည်းတခုရဲ့ နယ်မြေထဲက ဓားပြတွေပါ။ လစ်ရင်လစ်သလို သူတို့တွေ ဓားပြတိုက်စားနေတာကို တော်လှန်ရေးအဖွဲ့အစည်းက သိတော့ အရေး ယူမယ်လုပ်ပါတယ်။ ဒါနဲ့ပဲ သူတို့အဖွဲ့က နယ်မြေချင်းထပ်လျက် (ဒီနေရာမှာ နယ်မြေချင်း ထပ်တယ်လို့ပြောရတာ ကတော့ တော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးဟာ လူမျိုးစုတွေကို အခြေခံထားတာကြောင့် နယ်မြေတွေဟာ နေရာအတော်များများမှာ ထပ်နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ နယ်မြေ သို့မဟုတ် ကျေးရွာတရွာကို သူပိုင်တယ်၊ ငါပိုင်တယ်ဆိုပြီး သူရောငါရော တပြန်တလှည့်စီ ဝင်အုပ်ချုပ်နေတာ၊ အခွန်ကောက်နေတာမျိုးကို ဆို လိုပါတယ်။) အခြားအဖွဲ့တဖွဲ့ဆီမှာ သွားပေါင်းပါတယ်။
အဲဒီအခြားအဖွဲ့က သူတို့ကို (ဓားပြမှန်းသိပေမယ့်) လိုလိုလားလား လက်ခံပါတယ်။ နယ်ခံဖြစ်တဲ့ သူတို့တတွေကို အားကိုးပြီး နယ်မြေ စိုးမိုးဖို့ရယ်၊ ဒါနဲ့တဆက်တည်း အခွန်ကောက်ခံရရှိဖို့ရယ်အတွက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီဓားပြခေါင်းဆောင်ဟာ နာမည်ရှေ့မှာ ဗိုလ်ဘွဲ့ခံထားတဲ့ တော်လှန်ရေးထဲက ဗိုလ်တယောက်ဖြစ်လာခဲ့ပါ တယ်။ ရန်သူ့ထိုးစစ်အပြီးမှာ အဲဒီဗိုလ်ရာထူးနဲ့ပဲ ဒုက္ခသည်စခန်းထဲ ရောက်သွားခဲ့ပါတယ်။ ဗိုလ်ရာထူးနဲ့ ဒုက္ခသည် စခန်းထဲမှာနေရတာကို မပျော်ပိုက်ဖူးနဲ့ တူပါတယ်။ လက်နက်ကိုင်လှုပ်ရှားဆဲ တခြား တော်လှန်ရေးအဖွဲ့ တဖွဲ့ထဲကို ဝင်ပြန်ပါတယ်။ အဲဒီအဖွဲ့ကလည်း နောက်ပိုင်းမှာ လက်နက်ကိုင်လှုပ်ရှားမှု ဆက်မလုပ်နိုင်တော့၊ တခါ အထက်မှာ ပြောခဲ့တဲ့ ဓားပြတိုက်စားခွင့်လိုင်စင် တရားဝင်ရရှိထားတဲ့ ဓားပြစစ်စစ်အဖွဲ့တဖွဲ့ထဲကို ဝင်သွားပြန်ပါတယ်။ သူ့အတွက် ဒီ့ထက် အံဝင်ခွင်ကျဖြစ်တဲ့နေရာ မရှိတော့ဘူးနဲ့တူပါတယ်။ အဲဒီအဖွဲ့ထဲမှာ မြဲနေပါတယ်။
ကျနော်တော်လှန်ရေးထဲ မရောက်ခင်တုန်းကလည်း မြစ်ဝကျွန်းပေါ်ဒေသအောက်ပိုင်း (ပင်လယ်နဲ့နီးတဲ့အပိုင်း) မှာ တော်လှန်ရေးအဖွဲ့အစည်းတွေ မရှိတော့တဲ့နောက်ပိုင်း လက်နက်ပုန်းကိုင်ပြီး နယ်မြေဗိုလ်လေးတွေ လုပ်နေကြ သူတွေကို တွေ့ဖူးပါတယ်။ မြစ်ဝကျွန်းပေါ်အောက်ပိုင်းဒေသဟာ ဧရာဝတီမြစ်ရဲ့မြစ်ခွဲတွေ ယှက်ဖြာနေလို့ ကျွန်းကလေးတွေလို အစိတ်စိတ်အမြွှာမြွှာကွဲထွက်နေပါတယ်။ ကျနော်တွေ့ရှိရသလောက် တကျွန်းမှာ တဗိုလ် မင်းမူပါတယ်။ မိုက်ဂုဏ်လည်းရှိ၊ ငွေကြေးလည်းရှိ၊ ဆွေမျိုးအုပ်လည်းတောင့်၊ စကားအပြောအဆိုလိမ္မာပါးနပ်ပြီး ပြောရဲဆိုရဲလည်း ရှိတဲ့သူတွေဟာ လက်နက်ပုန်းဆောင်၊ တပည့်လက်သားမွေး၊ အာဏာပိုင်တွေနဲ့ အလွမ်းသင့် အောင် ပေါင်းနိုင်ပြီဆိုရင် သူဟာ နယ်မြေဘုရင်လေးဖြစ်သွားပါပြီ။
တော်လှန်ရေးနယ်မြေမှာ (နယ်မြေဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းမှာ တင်းကျပ်တဲ့ ကျင့်ဝတ်စည်းကမ်း၊ စစ်မှန်တဲ့ တော်လှန်ရေးဦးတည်ချက်၊ တော်လှန်ရေးဦးတည်ချက်နဲ့အညီ နိုင်ငံရေးအရ ပညာပေးမှုတွေမရှိရင်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ မတော်မတရားမလုပ်နိုင်အောင် ထိန်းကွပ်ပေးဖို့ အခြေခံဒေသလူထုကြီးကို အာဏာ အပ်နှင်းမထားရင်) အဲဒီလို ဓားပြစိတ်ဓာတ်ရှိသူတွေဟာ တော်လှန်ရေးထဲကို လွယ်လွယ်လေး လျှိုဝင်ပြီး တော်လှန်ရေးအမည်ခံ ဓားပြဗိုလ် လုပ်စားလို့ ရနိုင်ပါတယ်။
အဲဒီလို အဖွဲ့အစည်းမျိုးမှာ ရန်သူ့ဘက် သေနတ်ပြောင်းလှည့်ပြီး ပစ်တာခတ်တာ (ဒီနေရာမှာ စစ်တိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကို ကျနော်မသုံးလိုပါ၊ စစ်ရေးစီမံကိန်းမရှိ၊ ရန်သူ့တပ်ကို ချေမှုန်းပြီး တတိုင်းပြည်လုံး လွတ်မြောက်အောင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲသွားရေးဆိုတဲ့ စစ်ရေးရည်မှန်းချက် အရမဟုတ်ဘဲ ရန်သူကို လက်ဦးမှုယူ ခြောင်းမြောင်းတိုက်ခိုက်နေရုံလောက်သာလုပ်တာကို တော်လှန်ရေးစစ်တိုက်နေတယ်လို့ ကျန်ာမယူဆပါ) များများလုပ်၊ အခွန် များများကောက်ပေးနိုင်ရင် ဗိုလ်ဖြစ်လွယ်ပါတယ်။
အဲဒီလို ဗိုလ်မျိုးတွေဟာ အခွန် (ဝါ) စစ်အောင်နိုင်ရေးရန်ပုံငွေ ကောက်ပါတယ်။ ဂိတ်မှူးတွေ၊ သစ်တောအခွန် ကောက်သူတွေ၊ နိုင်ငံခြား သစ်လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရတဲ့ သူတွေဆိုရင် ချမ်းသာသွားကြပါတယ်။ ချမ်းသာမှု အတိုင်းအတာကတော့ ဂိတ်အဝင်အထွက် ကုန်စည်ပမာဏနဲ့ သစ်လုပ်ငန်း ဘယ်လောက်ကြီးသလဲဆိုတာပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားပါတယ်။ တခါတုန်းက သစ်လုပ်ငန်းမှာ တာဝန်ကျတဲ့ ဗိုလ်တယောက်ဟာ ခုမြို့ပေါ်မှာ ရွှေဆိုင်ကြီး ဟည်းနေအောင်ဖွင့်ထားတာကို လူတိုင်း မေးငေါ့နေကြတယ်လို့ ကြားပါတယ်။ ဒီလူစားတွေကို ဓားပြစာရင်းထဲမှာ တို့ထားရတာကတော့ တော်လှန်ရေးအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက် အဖွဲ့အစည်း၊ လက်နက်နဲ့အာဏာကို အကြောင်းပြုပြီး ငွေရှာလို့ပဲ ဖြစ်ပါတယ်။
တချို့ကတော့ ဓားပြစစ်စစ်ဘဝမှာနေရင်း တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ချက်နဲ့ ခေါင်းပြတ်သွားမယ့်အစား တော်လှန်ရေးရေခြုံဘဝနဲ့ ဓားပြတိုက်စားတာက ပိုဟန်ကျမယ်လို့ တွက်ပုံရပါတယ်။ အစိုးရစစ်တပ်ရဲ့ရန်ရော၊ တော်လှန်ရေးသမားတွေရဲ့ရန်ရော ကြောက်နေရတဲ့ဘဝထက်စာရင် အန္တရာယ်တဘက်ငြိမ်းသွားတာပေါ့။
တချို့အဖွဲ့အစည်းတွေနဲ့ တချို့နယ်မြေခေါင်းဆောင်တွေဟာ နဂိုကတည်းက တော်လှန်ရေးစိတ်ဓာတ်မရှိတာ သို့မဟုတ် တော်လှန်ရေးစိတ်ဓာတ်ချွတ်ခြုံကျတာတွေကြောင့် အဲဒီလို လူစားတွေကို ဓားပြမှန်းသိရက်နဲ့ ငွေရှာဖို့ အတွက် မွေးထားတတ်ကြပါတယ်။
တခါတုန်းက ကျနော် ပင်လယ်ကမ်းခြေနယ်မြေတခုကိုရောက်လို့ မနက်အိပ်ရာအထမှာ ဆိပ်ကမ်းက ပဲ့ချိတ်စက်လှေတစီးပေါ်က လက်နက်ကြီးလက်နယ်ငယ်တွေကိုင်ထားတဲ့ လူ (၅)ယောက်လောက်ကို အမှတ်မထင် မြင်မိပါတယ်။ ယူနီဖောင်းဝတ်ထားတာလည်း မဟုတ်ကြတော့ ကြည့်ရတာ တော်တော်အမြင်မတော်စရာပါ။ ရုပ် တွေကလည်း လူမိုက်ပုံတွေ၊ ဝတ်ထားတာကလည်း ရုပ်ရှင်ထဲက လူကြမ်းတွေနဲ့ တပုံတည်းပါပဲ။ “ခင်ဗျားလူတွေ ကြည့်ရတာ ရုပ်ရှင်ထဲက လူကြမ်းတွေနဲ့ တူလိုက်တာဗျာ” လို့ ကျနော်က၊ နယ်မြေတပ်မှူးကိုပြောတော့ “တူမှာပေါ့ ဗျာ၊ ဓားပြတွေပဲဟာ၊ ပင်လယ်ထဲထွက်ပြီး အခွန်ကောက်ဖို့ သူတို့ကို သုံးနေရတာ” လို့ ပြန်ပြောပါတယ်။ ဘယ်သူက ဘယ်သူ့ကို အသုံးချနေသလဲဆိုတာ အဲဒီတုန်းက ကျနော် မဝေခွဲတတ်ပေမယ့် အဲဒီလိုလူတွေ (ငယ်သားတွေရော၊ တပ်မှူးပါ) ထဲက မသေလို့ကျန်နေသူတွေမှန်သမျှဟာ တော်လှန်ရေးအကျပ်အတည်း တွေ့တဲ့အချိန်မှာ လက်နက်ချသွားကြတာကိုတော့ ကျနော်မှတ်သားမိပါတယ်။
ရန်သူ့ထိုးစစ်ကြောင့် မိမိနယ်မြေအတွင်းပိုင်းမှာ သို့မဟုတ် နယ်စပ်မှာနေလို့မရတော့တဲ့အခါမှာ လက်နက်ချသွားသူ တွေရှိသလို၊ ထိုင်းနိုင်ငံထဲမှာ အမှီအမျိုးမျိုးနဲ့ နေထိုင်ကြသူတွေလည်းရှိပါတယ်။ ငွေရှာပေးဖို့ ငယ်သားမွေးနိုင်သူ တချို့ခေါင်းဆောင်တွေက ငွေရှာတဲ့လုပ်ငန်းကို ဆက်လုပ်ကြပါတယ်။ ဒါကို ဓားပြတိုက်စားတယ်လို့ပဲ ပြောရပါလိမ့် မယ်။ လူထုကို စည်းရုံးတာ၊ အလုပ်အကျွေးပြုတာဆိုလို့ ဘာတခုမှမလုပ်ဘဲ ကိုယ်ကျိုးအတွက် သက်သက် လက်နက်အားကိုးနဲ့ ငွေရှာတာကို ဓားပြတိုက်စားတာလို့ မပြောရင် တခြားပြောစရာ စကားလုံးမရှိတော့တာ အမှန်ပါ။
အဖွဲ့အစည်း နာမည်သုံးပြီး ဒီလိုဓားပြတိုက်စားတဲ့ အလုပ်မျိုးကို လုပ်ပေးမယ့် လက်အောက်ငယ်သားတွေလည်း ရှိတတ်ပါတယ်။ ရတဲ့ငွေထဲက အလုံးလိုက်အရင်းလိုက်ကို ခေါင်းဆောင်ဆီအပ်ရတယ်ဆိုပေမယ့် စာရင်းမရှိ အင်းမ ရှိ သုံးချင်ရာ သုံးခွင့်ရတာကို ကျေနပ်ပြီး ငါတော်လှန်ရေးလုပ်နေတာပဲလို့ မိမိကိုယ်မိမိ ရမ်းသမ်းဂုဏ်ယူ နေတတ်သူတွေဟာ နောက်ဆုံး ရန်သူ့လက်ချက်နဲ့သေသွားတဲ့အထိ သူတို့တတွေ တော်လှန်ရေးအတွက် လုပ်နေ တာလား၊ ဘယ်သူ့အတွက် အသုံးချခံနေရတာလဲဆိုတာကို သိမသွားကြရှာပါဘူး။
တချို့နယ်မြေခေါင်းဆောင်တွေဟာ တော်လှန်ရေးထဲမှာ အနေကြာလာတဲ့အခါ တော်လှန်ရေးသမားတွေမှာ ရှိအပ်တဲ့ အတွေးအခေါ်တွေ ချွတ်ခြုံကျလာပြီး ရန်သူ့ဆီမှာ လက်နက်ချအညံ့ခံလိုစိတ်လည်းမရှိတာကြောင့် တော်လှန်ရေးထဲမှာ တောပုန်းကြီးတွေအဖြစ်နဲ့ပဲ ရပ်တည်သွားကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးအရ ခေါင်းဆောင်မှု ပေးနိုင်တော့တာလည်းမဟုတ်တော့ လူဆိုးလူမိုက်တွေမွေးပါတယ်။ ငွေရှာခိုင်းပါတယ်။ မွေးထားတဲ့ တပည့်လက်သား လူမိုက်တွေကလည်း တော်လှန်ရေးဆိုတာ တောထဲမှာ လက်နက်ကိုင်ပြီး အသက်တချောင်း ရှင်သန်ရေးလုပ်တာလောက်ပဲ နားလည်ထားတော့ ဓားပြတိုက်သလိုမျိုး အခွန်ကောက်ပါတယ်။ ခေါင်းဆောင်ကြီး လိုတဲ့ငွေပမာဏကို အခွန်ပဏ္ဏာအဖြစ် ဆက်သပါတယ်။ (ငွေရှာကောင်းလှပါချည်ရဲ့ဆိုတဲ့ တပ်မှူးတယောက်က သူနဲ့ အဆင့် မတိမ်းမယိမ်း တပ်မှူးတယောက်ကို “ကျနော်က ခင်ဗျားလိုစစ်တိုက်မကောင်းပေမယ့်၊ ငွေကောင်းကောင်း ရှာနိုင်တယ်ဗျ” လို့ ရင်ကော့ပြောဖူးကြောင်း ကြားခဲ့ဖူးပါတယ်။)
ခေါင်းဆောင်ကြီးဖြစ်သူက ရတဲ့ငွေကိုလက်ကိုင်ပြုပြီး သူ့ရဲ့ဘုန်းတန်ခိုးအာဏာစက်ကို ဆက်လက်တည်မြဲနေ အောင် ထိန်းထားပါတယ်။ တော်လှန်ရေးထဲက နယ်မြေခေါင်းဆောင်တချို့မှာ ရှိတတ်တဲ့ ဓားပြခေါင်းဆောင်လို လုပ်ရပ်မျိုးဖြစ်ပါတယ်။ တချို့နယ်မြေတပ်မှူးကြီးတွေ၊ နယ်မြေခေါင်းဆောင်တွေဆိုရင် စုမိဆောင်းမိထားတဲ့ တိုက်ရာပါပစ္စည်းတွေကို အရင်းအနှီးပြုပြီး ပြည်ပနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ (သားသမီး၊ ဆွေမျိုးရင်းချာထဲက မျက်နှာလွှဲလို့ရမယ့် လူယုံ လူရင်းတွေထားပြီး) လုပ်နေတာ၊ အစုရှယ်ယာဝင်ထားတာတွေရှိကြောင်း ကြားဖူးပါ တယ်။ ဘယ်သူမှ သူတို့ကို ဝေဖန်ရဲကြတာမဟုတ်တော့ တိုးတိုးတိတ်တိတ်သာ ကြားရတာပါ။
တချို့နယ်မြေတပ်မှူးတွေဆိုရင် ဒီထက်တောင်ဗြောင်ကျပြီး ဓားပြအဖွဲ့တွေ ထောင်ထားတယ်လို့တောင် သံသယရှိရ မယ့် သူတွေဖြစ်ပါတယ်။
ကျနော့်ကိုယ်တွေ့ဖြစ်ရပ်တချို့ကို တင်ပြပါမယ်။ တခါတုန်းက ကျနော်တို့ရဲဘော် (၃၊ ၄) ယောက် ရွာကြီးတရွာကို ရောက်လို့ မကြာခင်မှာဘဲ သက်လတ်ပိုင်းအရွယ် ရွာလူကြီးက ရွာထဲကို ရန်သူ့စစ်ကြောင်းကြီး ရောက်လာတော့ မယ့်အကြောင်း သတင်းပေးပြီး ကျန်ာတို့ကို ရွာပြင်တောထဲက ချောင်တချောင်မှာ နေရာချပေးပါတယ်။ နောက် (၂) ရက်လောက်ကြာမှ ရွာလူကြီးပေါ်လာပါတယ်။ ရန်သူ့စစ်ကြောင်း ရွာထဲက ထွက်သွားပြီးလို့ မကြာခင်မှာ လူအင်အား (၇ဝ) လောက်ရှိတဲ့ ဓားပြအဖွဲ့ရောက်လာကြောင်း၊ မောင်းပြန်သေနတ်တွေကိုင်၊ ယူနီဖောင်းဝတ်ပြီး ဗက်တံဆိပ်တွေ တပ်ထားကြောင်း၊ သူတို့လိုတဲ့ငွေပမာဏကို တောင်းယူပြီးတဲ့အပြင် ရွာထဲကဈေးဆိုင်တွေ မှာလည်း သူတို့လိုချင်တဲ့ ပစ္စည်းမှန်သမျှကို ဆွဲယူသွားကြောင်း ပြောပါတယ်။
ရွာလူကြီးပြောပုံအရ သူ့အဖို့ ဒီလိုဓားပြအဖွဲ့မျိုးဟာ မဆန်းတော့သလိုပါဘဲ။ ရန်သူ့တပ်တွေရော တော်လှန်ရေး လက်နက်ကိုင်တပ်တွေပါ ခြေချင်းလိမ်နေတဲ့ ဒီလိုနေရာမျိုးမှာ ဒီလိုဓားပြတပ်ကြီးမျိုး လှုပ်ရှားနိုင်တာဟာ အံ့သြစရာ ပါ။ ဘယ်လိုဓားပြမျိုးပါလိမ့်။ ရှိန်းဆာရာမို မောက်တဲ့ ကိုယ်ပျောက်တပ်လို့တောင် ထင်စရာပါပဲ။
ဒီထက်အံ့သြစရာကောင်းတာ ရှိပါသေးတယ်။ မကြာခင်မှာ နယ်မြေချင်းထပ်နေတဲ့ အဖွဲ့အစည်းနှစ်ခုရဲ့ နယ်မြကိုယ်စားလှယ်များကျင်းပတဲ့ ဓားပြနှိမ်နင်းရေးဆွေးနွေးပွဲတခုကို လေ့လာသူအနေနဲ့ ကျနော်တက်ခွင့် ရခဲ့ပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်များရဲ့အတည်ပြုချက်အရ ဓားပြအဖွဲ့ဟာ တောလမ်းတနေရာမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်နေကြောင်း သိရပါတယ်။ ကျနော်မှတ်မိသလောက် အစည်းအဝေးဆုံးဖြတ်ချက်မှာ ဓားပြနှိမ်နင်းရေး ကို နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်မယ်ဖြစ်ကြောင်း၊ ဓားပြတွေရဲ့ဂိတ်ကို နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ဖယ်ရှားပစ်မယ် ဖြစ်ကြောင်း၊ တဖွဲ့ရဲ့နယ်မြေထဲကို အခြားတဖွဲ့က ဝင်ရောက်ဖြတ်သန်းမယ်ဆိုရင် ဓားပြအဖွဲ့နဲ့ခွဲခြားလို့ရအောင် သက်ဆိုင်ရာနယ်မြေတပ်မှူးကို အသိပေးရမယ် ဖြစ်ကြောင်းတို့ ပါရှိပါတယ်။ နှစ်ဖွဲ့စလုံးရဲ့ကိုယ်စားလှယ်တွေ တကယ်ရိုးရိုးသားသား တက်တက်ကြွကြွ ဆွေးနွေးနေကြတာလို့ ကျနော်ယုံကြည်မိပါတယ်။
မကြာပါ။ တနေ့ ကျနော်ရွာတရွာကို ဖြတ်သွားနေတုန်း အထက်မှာဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတခုရဲ့ ကိုယ်စားလှယ်က အိမ်တအိမ်ထဲကနေ ထွက်လာပြီး “ဆရာရေ၊ ဆရာနဲ့တွေ့တာ အတော်ပဲဗျ၊ ကျနော်တို့အဖွဲ့အစည်းက ၁/- အမိန့် ထုတ်လိုက်ပြီဗျ၊ ဓားပြတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အမိန့်လေ။ ဖေဖော်ဝါရီလကုန်အထိ လွတ်ငြိမ်း ချမ်းသာခွင့်ပေးထားတာဆိုတော့ ဆရာရေ။ နှစ်လ အချိန်ရသေးတယ်ဗျ။ ဆရာတို့နဲ့ ကျနော်တို့ပေါင်းပြီး ဟတ်ဘိုင်ဟတ် လုပ်လိုက်ကြရအောင်” လို့ ခပ်ရွှင်ရွှင်လေးပြောပါတယ်။ သူ့အဖွဲ့ အစည်းကို သူပြန်သရော်နေတဲ့ သဘောလို့ ကျနော် နားလည်ခံစားမိပါတယ်။ သူက တက္ကသိုလ်ကျောင်းထွက်ပညာတတ်၊ စည်းရုံး ရေးမှူးတယောက် မို့လို့ မဟုတ်မတရား လုပ်တာကို မနှစ်မြို့သူလို့ ယူဆရပါတယ်။ သူပြောတဲ့အချိန်မှာ သူနဲ့ဆွေးနွေးခဲ့တဲ့ တဘက် အဖွဲ့အစည်းရဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေပါတယ်။ သူ့အဖွဲ့အစည်းက ဒီလိုဒီလိုရှိနေပေမယ့် သူကတော့ ရိုးသားတဲ့ တော်လှန်ရေး သမား ဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ နောက် မကြာပါဘူး။ ဓားပြတွေ လက်နက်ချတဲ့ အခမ်းအနားလုပ်တယ်လို့ ကြားပါတယ်။
တနှစ်လောက်အကြာမှာ ဓားပြတွေ တစခန်းထလာပြန်ပါတယ်။ ထူးခြားတာကတော့ နယ်မြေချင်းထပ်နေတဲ့ နယ်မြေရဲ့ အခြားတဘက်က လူမျိုးတမျိုးရဲ့နယ်မြေမှာပဲ ဓားပြတိုက် တော့ခြင်းပါပဲ။ ဓားပြအဖွဲ့ဟာ ဘယ်လူမျိုးရဲ့ အဖွဲ့လဲဆိုတာကို လူတိုင်းသိနေကြပါတယ်။ ခံရတဲ့ လူတွေဘက်ကပြောပါတယ်။ “မျိုးချစ်ဓားပြ” တွေပါတဲ့။ ဒါပေမယ့် ဓားပြအဖွဲ့ဝင်အားလုံးဟာ လူမျိုးတမျိုးတည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ တဘက်လူမျိုးရဲ့ နယ်မြေမှာ လှုပ်ရှားမယ်ဆိုတော့ သူခိုးလမ်းပြ နယ်ခံလူ လိုပါတယ်။ ပစ်မှတ်ထားခံရတဲ့ လူမျိုးထဲက လူတချို့ပါပဲ။ အဲဒီနယ်ခံလူက မိမိလူမျိုးများအပေါ်မှာ တဘက် လူမျိုးဓားပြတွေနှိပ်စက်တာ (ဓားပြတိုက်ရုံမကပါဘူး။ မိန်းကလေးတွေကိုပါ ဖမ်းခေါ်သွားပြီး မတော်မတရားပြုပါတယ်။ ရိုက်နှက်သတ်ဖြတ်တာတွေတောင် လုပ်တတ်ပါ တယ်။) ကို မျိုးချစ်စိတ်ကြောင့် မကြည့်ရက်တော့တာ ကြောင့်လား၊ ကြာရင် နှုတ်ပိတ်ခံရတော့မှာကို ကြောက်လာမိ တာကြောင့်လားတော့ မသိပါ။ မိမိလူမျိုးရဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲကို ပြေးဝင်ခိုလှုံပါတယ်။ ကျနော်နဲ့ရင်းနှီးတဲ့ အဲဒီလူမျိုးရဲ့ နယ်မြေခေါင်းဆောင်က “ဒီကောင် အသတ်ခံရမှာစိုးလို့ တပ်ထဲမှာ ထည့်ထားရတယ်” လို့ ကျနော့်ကို ပြောပြပါတယ်။
ဒီတော့ ဓားပြအဖွဲ့မှာ ဘယ်သူတွေပါသလဲဆိုတာကအစ အိတ်သွန်ဖာမှောက် အကြောင်းစုံကို တဘက်လူမျိုးရဲ့အဖွဲ့ အစည်းက ကောင်းကောင်းသိသွားပြီပေါ့။ ဓားပြတိုက်မှုတွေ စိပ်လာတာနဲ့အမျှ ခံရတဲ့ဘက်ကလည်း ဓားပြနှိမ်နင်းရေး စိတ်ဓာတ် ပြင်းထန်လာပါတယ်။ သူတို့လူမျိုးထဲက ဓားပြဆိုရင် နှိမ်နင်းရတာ ဘာခက်လိမ့်မလဲ။
ကျနော်အထက်မှာ တင်ပြခဲ့သလို ဓားပြအဖွဲ့က တော်လှန်ရေးအဖွဲ့အစည်းကို အန်တုပြီးမရပ်တည်နိုင်ပါဘူး။ ဓားပြတိုက်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်လာ၊ ဓားပြနှိမ်နင်းရေးအတွက်လည်း တဘက်အဖွဲ့အစည်းက သဲကြီးမဲကြီး ကြိုးပမ်းလာတော့ တနေ့မှာ ဓားပြဗိုလ်တယောက်ကို ဖမ်းမိပါတယ်။ နှယ်နှယ်ရရ ဓားပြဗိုလ်မဟုတ်ပါဘူး။ M72 ဒုံးပစ်လောင်ချာ (၂) လက်ရယ်၊ Walkie-talkie စကားပြောစက်ရယ်နဲ့တကွ လက်ဝယ်ဖမ်းဆီးရမိတာပါ။
တော်လှန်ရေးနယ်မြေမှာတော့ အများအားဖြင့် ဓားပြမှုအတွက်ဆိုရင် သေဒဏ်ပါပဲ။ ဒီတော့ တဘက်အဖွဲ့အစည်းက အဲဒီပုဂ္ဂိုလ်ဟာ သူတို့တပ်ထဲက ဗိုလ်ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း၊ ပြန်လွှတ်ပေးပါဆိုတဲ့အကြောင်း ဆက်သွယ် လာပါတယ်။ နောက်ကျသွားပါပြီ။ ဓားပြကို စိတ်နာနေတဲ့သူတွေက ဒီဓားပြဗိုလ်ကို တွေရာသင်္ချိုင်း ဓားမဆိုင်း လုပ်ပြီးပါပြီ။ ဒါနဲ့ပဲ ဓားပြအဖွဲ့ရဲ့ခေါင်းကိုင်ဖခင်ကြီး သို့မဟုတ် ခေါင်းကိုင်ဖခင်ကြီးတွေက နောက်တွန့်သွားသလား မသိပါ။ ဓားပြရန် အေးသွားတယ်လို့ သိရပါတယ်။
နောက်တမျိုးကတော့ နယ်မြေတပ်မှူးကြီးတဦးက သူ့ရဲ့ရှေတန်းတပ်တွေကို မိမိနယ်မြေရဲ့အပ အခြားအဖွဲ့ အစည်းရဲ့ နယ်မြေမှာ အခွန်ကောက်ခွင့်ပေးခြင်းပါပဲ။ မိမိနယ်မြေထဲမှာတော့ မိမိရဲ့အုပ်ချုပ်ရေးဌာန တာဝန်ရှိ သူတွေက ကောက်ရပါတယ်။ ရှေ့တန်းတပ်မှူးတွေက အခြားအဖွဲ့အစည်းရဲ့နယ်မြေမှာ ကောက်လို့ရရှိသမျှ အခွန်ငွေရဲ့တဝက် ကို အဲဒီနယ်မြေတပ်မှူးကြီးဆီအပ်ရပြီး ကျန်တဝက်ကို တပ်အတွက် သုံးခွင့်ရပါတယ်။ တပ်အတွက်ဆိုတာကလည်း တပ်မှူးအတွက်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုမက်လုံးမျိုးနဲ့ဆိုတော့ တပ်မှူးလေးတွေက အခွန်ကို ပျော်ပျော်ကြီး ကောက်ကြတော့တာပေါ့။ နောက်ပိုင်းမှာ ရန်သူက တပ်မတွေ အများအပြားသုံးပြီး စစ်ဆင်ရေးလုပ်လာတော့ အဲဒီရှေ့တန်းတပ်တွေအားလုံး ရန်သူ့ဆီမှာ ဒူးထောက်အညံ့ခံ သွားခဲ့ကြပါတယ်။ မိုက်ပေ့ တိုက်ရဲပေ့ ဆိုတဲ့ ဗိုလ်တွေပေါ့။ တပ်စိပ်မှူးကအစ ဗိုလ်ဘွဲ့ခံထားကြသူတွေဖြစ်ပါတယ်။ ဓားပြစိတ်ဓာတ်လောက်နဲ့ ဓားပြမိုက်ရဲသလိုမျိုး မိုက်ရဲသူတွေဟာ အကျပ်အတည်းတွေ့တဲ့အခါ ဆက်မမိုက်ရဲ တော့ဘူးဆိုတဲ့ မျက်မြင်သင်ခန်းစာတခုပါ။
ဒီနေရာမှာ တရုတ်တော်လှန်ရေးအတွေ့အကြုံနဲ့ပတ်သက်လို့ အနောက်တိုင်းပညာရှင်တဦးရဲ့ ရေးသားချက်တွေကို ကျနော်သွားသတိရမိပါတယ်။
ချန်ကေရှိတ် အစိုးရရဲ့ ရက်ရက်စက်စက်နှိပ်ကွပ်ခံရလို့ တရုတ်ကွန်မြူနစ်ပါတီ တောခိုတဲ့အခါ ချင်ကန်းတောင်တန်း ဒေသကို အခြေစိုက်ပါတယ်။ တပ်နီတော်ကို တည်ဆောက်တဲ့အခါမှာ နယ်ခံဓားပြဂိုဏ်းကြီးတဂိုဏ်းကိုတောင် တော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်လာအောင် စည်းရုံးပညာပေးနိုင်ခဲ့ပါတယ်။ ဓားပြအနေနဲ့ခိုင်းစားဖို့ ဟုတ်မယ်မထင်ပါ။ တပ်နီတော်ဟာ လူထုဆန့်ကျင်ရေးမလုပ်မိဖို့၊ တင်းကျပ်တဲ့စည်းကမ်းတွေကို လိုက်နာခဲ့တဲ့ တော်လှန်ရေး တပ်မတော်ဖြစ်ခဲ့ပါတယ်။ စစ်ရေးအရ ရန်သူ့ထိုးစစ်ကို မလှန်နိုင်လို့ ဆုတ်ခွာရတဲ့ ကမ္ဘာကျော် ခရီးရှည်ချီတက်ပွဲ ကာလမှာ သူတို့မရောက်ဖူး မပေါက်ဖူးတဲ့ လူမျိုးစုဒေသတွေကိုရောက်တော့လည်း ပြည်သူတွေကို လေးလေးစားစားဆက်ဆံခဲ့ကြလို့ ရောက်လေရာမှာ အများပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကိုရခဲ့ပါတယ်။
သာဓကအနေနဲ့ ဖော်ပြရရင် ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ်တွေ၊ စစ်ဘုရင်တွေရဲ့ တပ်တွေဝင်မှာကို လုံးဝလက်မခံတဲ့ တိဘက်နယ် တနယ်ကဆိုရင် တပ်နီတော်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာဆိုရင် တပ်နီတော်ဟာ ရန်သူရဲ့လိုက်လံတိုက်ခိုက်မှုတွေကြောင့် မူလ (၁ဝဝ,ဝဝဝ) ကျော်လောက် အင်အားကနေပြီး (၂ဝ,ဝဝဝ) လောက်သာ ကျန်တော့တဲ့အခြေအနေကို ရောက်နေတာပါ။ ဒီလောက်အထိ ဆင်းရဲကျပ်တည်းနေတဲ့အချိန်မှာတောင် ပြည်သူလူထုဆီက လုယက်တာမျိုး မလုပ်ခဲ့တာသေချာပါတယ်။
အထက်မှာကျနော်တင်ပြခဲ့တဲ့ ဓားပြတိုက်မှုဖြစ်ရပ်တွေက ကိုယ်ကျိုးအတွက် တော်လှန်ရေးမျက်နှာဖုံးစွပ်ပြီး ဓားပြတိုက်စားတာတွေပါ။ ရန်သူစစ်အစိုးရ ဓားပြတိုက်တာကို အလူးအလဲခံစားနေရတဲ့ ပြည်သူတွေအပေါ် မိမိက နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို တဖက်တလမ်းကနေ ဓားပြတိုက်တာဟာ နည်းနည်းနောနော ပြစ်မှု မဟုတ်ပါဘူး။ တော်လှန်ရေးအတွက်ဆိုတာတောင် အခွန်ကောက်ရာမှာ လူထုဆီက ဓားပြတိုက်သလိုအပြုအမူမျိုး မလုပ်သင့်ပါ။ တော်လှန်ရေးအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွားဟာ တထပ်တည်းဖြစ်ပါတယ်။ လူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ တော်လှန်ရေးဆိုတာကို တော်လှန်ရေးလို့ မဆိုနိုင်ပါဘူး။
No comments:
Post a Comment