မင်းဆက်ခိုင် (နိရဉ္စရာ) ယခု အင်းစိန် ထောင် ထဲတွင် ထိန်သိမ်း ခံနေ ရပြီး အမှု ရင်ဆိုင် နေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား သိက္ခာကျ နာမည် ပျက်စေမည့် ညစ်ညမ်း ပုံများကို အမည် မသိသူ လူတစုက မြန်မာနိုင်ငံ အထက်ပိုင်း မြို့ကြီး များတွင် တိတ်တဆိတ် လိုက်လံ ဖြန့်ဝေ နေကြောင်း သတင်း ရရှိသည်။အဆိုပါ ပုံများမှာ ကွန်ပျူတာဖြင့် ဖန်တီး ပြုလုပ် ထားသော ပုံများ ဖြစ်ပြီး ပုံများကို မြန်မာနိုင်ငံ အထက်ပိုင်း မြို့ကြီး များဖြစ်သည့် မန္တလေး၊ မြင်းခြံ နှင့် တောင်သာ မြို့များတွင် ဖြန့်ဝေ နေခြင်း ဖြစ်သည်ဟု မန္တလေး ရောက် ရခိုင် လူငယ်တဦးက ပြောသည်။
အဆိုပါ ပုံများထဲတွင် ဒေါ်အောင်ဆန်း စုကြည် နှင့် မစ္စတာ ဝီလျံ ယက်တော တို့ ပွေ့ဖက်နေသော ပုံမျိုြး ဖစ်အောင် ဖန်းတီး ထားသည့် ပုံများ ပါဝင်ပြီး စာတွေလည်း ရေးသား ထားသည် ဟု သိရသည်။ သို့သော်လည်း ပုံများမှာ ကွန်ပျူတာဖြင့် လိုသလို ကိုက်ညှပ်ပြုပြင် ထားသော ပုံများ ဖြစ်သဖြင် မြင်ရုံနှင့် ပုံအတုများ ဖြစ်ကြောင်း သိနိုင်သည်ဟု သူက ဆိုသည်။
စာထဲတွင် “စိတ်လှုပ်ရှားရပြီး မောင်လေးရယ်” ဟု ရေးသား ထားသည် စာတန်းတခုကိုလည်း အောက်ကရေးသား ထားသည်ဟု သူက ပြောသည်။
အဆိုပါ လူငယ်က “ဘယ်သူတွေဖြန့်ဝေတာဆိုတာက အတိအကျ သိပါတယ်။ ဒီကိစ္စဟာ စစ်အစိုးရနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပြည်သူတွေကြားမှာ သတင်းတွေ ထွက်ပေါ် နေပါတယ်။ အခုတော့ မန္တလေး မြို့ထဲမှာ အဲဒီပုံတွေ အများအပြား ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ပုံတွေကို မနက်မလင်းခင် လူတွေ အိပ်ရာပေါ်က မနိုးခင် အိမ်ဝင်းတွေထဲကို လိုက်ပြီး ပစ်ချထားခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
အဆိုပါပုံများသည် ဒေါ်စုအပေါ် အများပြည်သူများ အထင်သေး အမြင်လွဲအောင် နိုင်ငံရေးး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ရပ်မှာ အလွန်စက်ဆုတ် ရွံ့ရှာဖွယ်ကောင်းသော လုပ်ရပ် ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချစ်ခင် မြတ်နိုးသော ပြည်သူများက အထူး ဒေါသ ဖြစ်နေကြသည်ဟု သူက ဆက်ပြော သည်။
အလားတူ စစ်တွေမြို့က လူငယ်တဦးကလည်း “ဒီပုံတွေကို စစ်တွေမြို့မှာတော့ ဖြန့်ဝေတာ မရှိသေးပါဘူး။ ဒီလို ပုံမျိုးတွေ ဖြန့်ဝေလာခဲ့ရင် ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး ဆူပူမှုတွေ ဖြစ်မှာတော့ သေချာ ပါတယ်။ ဒေါ်စုက အသက်လည်း ၆၀ ကျော်ပါပြီ၊ ပီးတော့ နိုင်ငံကာက လေးစားနေတဲ့ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ခုလို မဟုတ်မဟပ်တဲ့ ပုံတွေကို ဖြန့်ဝေတဲ့အတွက် စစ်အစိုးရကိုသာ ပိုပြီး သိက္ခာကျစေပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ဒေါ်စုအား သိက္ခာကျစေမည့် ညစ်ညမ်းပုံများ ဖြန့်ဝေခြင်း သည် NLD အဖွဲ့ချုပ်ဝင် လူငယ်များက ဒေါ်စု လွတ်မြှောက်ရေး အတွက် ပြည်သူကြားတွင် ဒေါ်စုပုံများ ဖြန့်ဝေပြီး လှုပ်ရှား နေချိန်နှင့် ကိုက်ပြီး ထွက်ပေါ်လာသဖြင့် ယခုလုပ်ရပ်မှာ စစ်အစိုးရ ဒေါက်တိုင် ဖြစ်သည့် ပြည်ခိုင်ဖြိုး အဖွဲ့ဝင်များက NLD လူငယ်များက ဒေါ်စုပုံ ဖြန့်ဝေနေမူကို တန်ပြန်သည့် သဘောဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment