
NEJ
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဘားအံ ခရိုင် ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့ များ၏ ယခုလ ဆန်း (၂) ရက်က စတင်သည့် ထိုးစစ် ကြောင့် ထိုင်း ဘက်သို့ ထွက်ပြေး လာကြသော ကရင် ဒုက္ခသည် (၃,၆၁၀) ဦး အတွက် လိုအပ်သည့် အကူ အညီများ ကို ယနေ့မှ စတင်ကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များက ပေးပို့ လျက်ရှိသည်။
ထိုင်း-မြန်မာနယ် စပ်တာ့ခ်ခရိုင်၊ ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ၊ တိုးထ စသည့် နေရာများတွင် ရောက်ရှိနေကြသည့် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်များမှ စစ်ပြေးဒုက္ခသည်များအတွက် UNHCR ၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း TBBC နှင့် အခြားလူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းတို့က မိုးရေကာဖျင်များ၊ လူသုံးကုန်များ၊ အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးများ လာရောက် ကူညီခဲ့ကြသည်။
နောင်ဘိုးဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် လှိုင်းဘွဲမြို့နယ်မှ သားသယ်မိခင်တဦးဖြစ်သူ နော်အူးက “ ဒီကို ထွက်ပြေးလာရတာက ဗမာစစ်တပ်နဲ့ ဒီကေဘီအေတွေ ၀ိုင်းနှိပ်စက်လို့ ထွက်လာရတာဖြစ်တယ်။ ရွာမှာ ဒီကေဘီအေက ကလေးတွေကို စစ်သားလုပ်ခိုင်းဖို့ လိုက်ဖမ်းတယ်။ လူကြီးတွေကိုကျတော့ ပေါ်တာလိုက်ခိုင်းတယ်။ ရှေ့တန်းသွားတဲ့အခါမှာလည်း ငါတို့ရွာသားတွေကို အရှေ့ကသွားခိုင်းတယ်။ သူတို့ ထိုးတာရိုက်တာလည်း
ခံရတယ်။ အခြေအနေ ကောင်းသွားရင်တော့ ရွာမှာပဲပြန်နေမယ်” ဟု ပြောသည်။
ကျောင်းသား (၁၀၀) ခန့်နှင့်အတူ နောင်ဘိုးဘုန်းကြီးကျောင်းအောက်တွင် ခိုလှုံနေသည့် ကျောင်းဆရာတဦးက လည်း “ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ အခုလို တိုက်ပွဲတွေဖြစ်တော့ ကျောင်းပိတ်ပြီး ထိုင်းဘက်မှာ လာခိုရတယ်။ တိုက်ပွဲတွေ မြန်မြန်ပြီးမှပဲ ဒီကလေးတွေ စာပြန်သင်ကြရမှာ ဖြစ်တယ်။ အခုတော့ ဒီကလေးတွေကို နှုတ်တိုက်နဲ့ပဲ စာသင်ပေးရတယ်” ဟု ပြောသည်။
တပ်မဟာ (၇) ဘားအံခရိုင်ဒေသအတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်းဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောတာဆူးညားက “နောက်ဆုံးစာရင်းအရ ထိုင်းဘက်ကို ထွက်လာတဲ့သူ (၃,၆၁၀) ဦး ရှိသွားပြီ။ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်က သုံးချိုးတချိုးရှိတယ်။ လောလောဆယ်တော့ ဒုက္ခသည်တွေ ကိုယ့်နယ်ကိုယ်ပြန်နေဖို့ မလွယ်သေး ဘူး။ နအဖနဲ့ ဒီကေဘီအေအဖွဲ့တွေက နေ့တိုင်းလက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ဒီနေ့ အထိပဲ” ဟု ပြောသည်။
ထိုင်းကျန်းမာရေးအဖွဲ့များကလည်း ထွက်ပြေးလာသည့် ဒုက္ခသည်များ၏ ကျန်းမာရေးကို စစ်ဆေးကုသပေးလျက် ရှိရာ ငှက်ဖျားပိုးရှိသူ အချို့ကိုသာ စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့သည်။
နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့သည် တပ်မဟာ (၇) ဌာနချုပ်ကို နအဖ၏အစီအစဉ်ဖြင့် ၂၀၁၀ ခုနှစ် မတိုင်မီ သိမ်းပိုက်နိုင်ရန်အတွက် ပုံမှန်စစ်တိုက်ချိန်မဟုတ်သည့် မိုးတွင်းကာလတွင် အငိုက်ဖမ်းရန် မိမိတို့ကို ထိုးစစ် ဆင်ခြင်းဖြစ်သည်ဟု တပ်မဟာ (၇) ထောက်လှမ်းရေးဌာနမှ ဗိုလ်ကြီးစောဆတ်ဂျိုက ပြောသည်။
တပ်မဟာ (၇) ဒေသအတွင်း ယခုလ (၂) ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် နေ့စဉ် တဖက်နှင့်တဖက် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲမျိုးမဟုတ်ဘဲ နအဖဘက်မှ တပ်မဟာ (၇) စခန်းများသို့ အဝေးမှ လက်နက်ကြီးများဖြင့် နေ့စဉ် လှမ်းပစ်မှုများ ပြုလုပ်ပြီး ယမန်နေ့က တပ်ရင်း (၂၁) စခန်းတည်ရှိရာ မဲစလေဒေသသို့ လက်နက်ကြီး ကျည်အလုံး (၄၀) ခန့် ကျရောက် ပေါက်ကွဲခဲ့သည်ဟု ထိုင်းနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း နယ်စပ်တွင် ထိုင်းဘက်မှ လုံခြုံရေးအင်အားကို တိုးမြှင့်ချထားပြီး နယ်စပ်တလျှောက် တပ်လှန့်ထားကြောင်း သိရှိရသည်။
No comments:
Post a Comment